တက္ကသိုလ်များတွင် ယနေ့နှင့် နောင်အနာဂတ်ကာလ များတွင် လိုအပ်လျက်ရှိသော ဘာသာရပ်မှာ ဥပဒေပညာ (Law) ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ပဋိညာဉ် စာတမ်း (Charter) ရေးဆွဲပြီး နောင်တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရလာပါက ဥပဒေပညာမဟာဌာန (The Faculty of Law) တည်ထောင်ပါမည်။ ယခုမြန်မာနိုင်ငံတွင် ဥပဒေ ပညာဘွဲ့ပေးနေသော တက္ကသိုလ်ပေါင်းမှာ ရန်ကုန် တက္ကသိုလ်အပါအဝင် ၁၉ ခု ရှိပါသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၁၈ ခုနှစ် အချက်အလက်များအရ နိုင်ငံတကာတွင် ဥပဒေဘွဲ့ပေးမှုနှင့် နှိုင်းယှဉ်ပါက မြန်မာ နိုင်ငံ၌ ဘွဲ့ရကျောင်းသား ၁၀၀ လျှင် စီးပွားရေးပညာ၊ စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် ဥပဒေဘွဲ့ရကျောင်းသား ကျောင်းသူ ပေါင်း ၁၁ ဒသမ ၈ ဦး ရှိနေချိန်တွင် ဘင်္ဂလားဒေ့ရှ်၌ ၂၇ ဒသမ ၁ ဦး၊ လာအို၌ ၃၆ ဒသမ ၀ ဦး၊ မလေးရှား၌ ၂၄ ဒသမ ၂ ဦး၊ ဖိလစ်ပိုင်၌ ၂၈ ဒသမ ၈ ဦး၊ စင်ကာပူ၌ ၃၁ ဒသမ ၂ ဦး၊ ထိုင်းတွင် ၂၀ ဒသမ ၅ ဦးနှင့် ဗီယက်နမ်တွင် ၂၉ ဒသမ ၂ ဦးအထိ မွေးထုတ်ပေးနေပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနသည် ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ် ကတည်းက ဌာနကြီး ခုနစ်ခုတွင် တစ်ခုအနေဖြင့် ပါဝင်ခဲ့ ပါသည်။ ထိုအချိန်က အချိန်ပိုင်း ဘွဲ့လွန်နှစ်နှစ်သင်တန်း ကို ဖွင့်လှစ်ခဲ့ပြီး Bachelor of Laws (BL) ဘွဲ့ကို အပ်နှင်း ခဲ့ပါသည်။
၁၉၆၄ နောက်ပိုင်းမှစ၍ အချိန်ပြည့်ဥပဒေသင်တန်း ကို ဖွင့်လှစ်ခဲ့ပါသည်။ ထိုသင်တန်းကို လေးနှစ် တက် ရောက်ပြီးမြောက်လျှင် BA (Law) ဘွဲ့ကိုအပ်နှင်းခဲ့ပြီး နောက်ထပ် တစ်နှစ်ထပ်မံ တက်ရောက်ပြီးလျှင် LLB ဘွဲ့ကို အပ်နှင်းခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ယခုလက် ရှိ အပ်နှင်းနေသောဘွဲ့များမှာ ဥပဒေဘွဲ့ (LLB)၊ မဟာ ဥပဒေဘွဲ့(LLM)၊ ပါရဂူ (PhD) ဘွဲ့၊ စီးပွားရေးဥပဒေ ဒီပလိုမာဘွဲ့ (DBL)၊ အပြည်ပြည်ဆိုင်ရာဥပဒေ ဒီပလိုမာ ဘွဲ့(DIL)၊ ပင်လယ်ရေကြောင်းဆိုင်ရာဥပဒေ ဒီပလိုမာ ဘွဲ့ (DML)၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ ဒီပလိုမာ ဘွဲ့(DIPL)၊ မဟာဝိဇ္ဇာ- စီးပွားရေးဥပဒေဘွဲ့ (MA Business Law)၊ ဥပဒေဒီပလိုမာဘွဲ့ (DL) တို့ ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနသည် ဥပဒေ ပညာရေးနှင့် ဥပဒေပညာရပ်ဆိုင်ရာ အသက်မွေးဝမ်း ကျောင်းမှု အဆင့်တိုးမြှင့်ရေးနှင့် နိုင်ငံတွင်း၊ ဒေသတွင်း နှင့် နိုင်ငံတကာ စိန်ခေါ်မှုများနှင့် ဆက်စပ်ကိုက်ညီသည့် သုတေသနများ လုပ်ဆောင်ရာတွင် ပံ့ပိုးပေးသည့် အထင် ကရ ဦးဆောင်အဖွဲ့အစည်းဌာနတစ်ခုဖြစ်ရန် မျှော်မှန်း၍ ဆောင်ရွက်နေပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန၏ ရည်မှန်း ချက်များမှာ-
(က) ဥပဒေပညာရေးကို မြှင့်တင်နိုင်သည့် စံပြမဟာ ဌာနတစ်ခုအဖြစ်ရပ်တည်ရန်၊
(ခ) ကျင့်ဝတ်သိက္ခာကောင်းမွန်ပြီး ပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အရည် အချင်းပြည့်မီသော ဥပဒေဘွဲ့ရများကို ပြုစု ပျိုးထောင်မြေတောင်မြှောက်ပေးရန်၊
(ဂ) နိုင်ငံ့လိုအပ်ချက်နှင့်ကိုက်ညီသည့် သုတေသန များကို ဆောင်ရွက်ရန်၊
(ဃ) ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေ သနဖွံ့ဖြိုးမှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်ရေး အစီအစဉ်များကို ချဲ့ထွင်ရန်တို့ဖြစ်ပါသည်။
ယခုလက်ရှိဖွင့်လှစ်နေသော ဥပဒေဘွဲ့ သင်တန်း သည် ၁၉၇၉ ခုနှစ်မှစတင်၍ အချိန်ပြည့် ငါးနှစ် တက်ရောက်ရသောစနစ်သစ်သင်တန်းဖြစ်ပြီး LLB ဘွဲ့ကို အပ်နှင်းပါသည်။ ၂၀၀၂ ခုနှစ်မှစ၍ ၂၀၁၃ ခုနှစ်အထိ ဘွဲ့ကြို LLB အတန်းများ ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နိုင် ခြင်းမရှိခဲ့ပါ။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ရန်ကုန် တက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်း၏ ထူးချွန်ကျောင်း သားများကို ပြန်လည်လက်ခံ၍ LLB ဘွဲ့သင်တန်း ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသားများကို ပထမအသုတ်အဖြစ် ဘွဲ့အပ် နှင်းနိုင်ခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနသည် LLM (Master of Laws) မဟာဥပဒေဘွဲ့ သင်တန်းကို ၁၉၇၃ ခုနှစ်ကစတင်၍ ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ်မှစ၍ ၁၉၉၂ ခုနှစ်အထိ ပို့ချသော မဟာဥပဒေသင်တန်းသည် ခုနစ်နှစ် တက်ရောက်ရသော အချိန်ပိုင်းသင်တန်းဖြစ်ပါ သည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ သုံးနှစ်သင်ကြား ရသော အချိန်ပိုင်း မဟာဥပဒေသင်တန်းကို ပို့ချခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှစ၍ ယခုအချိန်အထိ နှစ်နှစ်သင်ကြားပို့ချ ရသော သင်တန်းအဖြစ် ဖွင့်လှစ်နေပါသည်။
မဟာဥပဒေဘွဲ့သင်တန်းကို ပြည်တွင်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ ပင်လယ်ရေကြောင်းဥပဒေဟူသော အထူးပြုနယ်ပယ် လေးရပ်ဖြင့် သင်ကြားပို့ချနေပါသည်။
ရန်ကုန်တက္ကသိုလ်တွင် LLB ဘွဲ့ရသောထူးချွန် ကျောင်းသား ကျောင်းသူများသည် မဟာဥပဒေ မဟာတန်း တက်ရောက်ရန် အရည်အချင်းပြည့်မီပါက မဟာဥပဒေ သင်တန်းသို့ တိုက်ရိုက်တက်ရောက်နိုင်ပါသည်။ မြန်မာ နိုင်ငံရှိ အခြားတက္ကသိုလ်များမှ မဟာဥပဒေတက်ရောက်ရန် အရည်အချင်းပြည့်မီသော ကျောင်းသားကျောင်းသူများ သည် ရန်ကုန်တက္ကသိုလ်တွင် မဟာဥပဒေ တက်ရောက်ရန် ဆန္ဒရှိပါက ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်မှသာ တက်ရောက်နိုင်မည် ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနသည် ပါရဂူဘွဲ့ကို ၁၉၉၉ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။ ထိုသင်တန်းကို တက်ရောက်ရန် အနည်းဆုံးလုပ်သက် နှစ်နှစ်ရှိသော ပညာရေးဝန်ထမ်းနှင့် အခြားဝန်ကြီးဌာနများတွင် တာဝန်ထမ်းနေသောသူများသည် ပါရဂူဝင်ခွင့် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ပါမည်။ မဟာ သုတေသနဘွဲ့ရရှိထားသူများသည် နှုတ်ဖြေစာမေးပွဲ ဖြေဆို အောင်မြင်ပါက တက်ရောက်နိုင်ပါသည်။ ငါးနှစ်တက် ရောက်ရသော သင်တန်းဖြစ်ပြီး ပထမနှစ်တွင် ပါရဂူကြို သင်တန်းတက်ရောက်ပါမည်။ ပါရဂူကျမ်းကို လေးနှစ် ပြုစုရမည်ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနသည် ၁၉၉၉ ခုနှစ်မှစ၍ ဘွဲ့လွန်စီးပွားရေးဥပဒေ ဒီပလိုမာ (DBL) ကို ဖွင့်လှစ်ခဲ့ပါသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ ဥပဒေ ဒီပလိုမာဘွဲ့ (DIL)၊ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေ ဒီပလိုမာဘွဲ့ (DML)၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေ ဒီပလိုမာဘွဲ့ (DIPL) တို့ကိုပါ ဖွင့်လှစ်လျက်ရှိပါသည်။ ထိုသင်တန်းများကို ဘွဲ့ရပြီးသူ မည်သူမဆိုတက်ရောက်နိုင် ပါသည်။ ကိုးလပို့ချသော သင်တန်းဖြစ်ပါသည်။ ဤသင်တန်းကို တက်ရောက်ရန် ယခင်က ဝင်ခွင့်စာမေးပွဲ ဖြေဆို လျှောက်ထားရပြီး ၂၀၁၉ ခုနှစ်မှစ၍ Online Registration System ဖြင့် ဝင်ခွင့်ကို လျှောက်ထား ရပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနသည် မဟာ ဝိဇ္ဇာဘွဲ့ (စီးပွားရေးဥပဒေ) MA Business Law သင်တန်း ကို ဖွင့်လှစ်လျက်ရှိပါသည်။ စီးပွားရေးဥပဒေဒီပလိုမာ DBL အောင်မြင်ပြီးသူများသည် ဝင်ခွင့်ဖြေဆိုအောင်မြင်ပါကတက်ရောက်နိုင်သည်။ ၂၀၁၉ ခုနှစ်မှစ၍ DBL အောင်မြင် ပြီး Grade 4 ရရှိသူများသည် တိုက်ရိုက်လျှောက်ထားနိုင် ပါသည်။ ဤသင်တန်းသည် အချိန်ပြည့် နှစ်နှစ် Semester လေးခု ပို့ချရသောသင်တန်းဖြစ်ပြီး နောက်ဆုံး Semester တွင် ကျမ်းရေးသားပြုစု၍ တင်သွင်းရပါမည်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနသည် International Relation Specialization BBA, BDevS Specialization, Myanmar Studies Specialization, Environmental Studies Specialization နှင့် Library and Information Specialization တို့တွင် တက်ရောက် သင်ကြားနေသော ကျောင်းသူ ကျောင်းသားများကိုလည်း ၎င်းတို့၏ အထူးပြုဘာသာရပ်များနှင့် သက်ဆိုင်သော ဥပဒေဘာသာရပ်များကို ပို့ချနေရပါသည်။
ယခုလက်ရှိ ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခ (ဌာနမှူး) အပါအဝင် ပါမောက္ခ သုံးဦး၊ တွဲဖက်ပါမောက္ခ ခြောက်ဦး၊ ကထိက ၁၄ ဦး၊ လ/ထကထိက တစ်ဦး စုစုပေါင်း ၂၄ ဦး ရှိပါသည်။ အချိန်ပိုင်းပါမောက္ခ နှစ်ဦးနှင့် အချိန်ပိုင်း နည်းပြ လေးဦး ရှိပါသည်။ ၎င်းဆရာ ဆရာမများသည် ဘွဲ့ကြို ကျောင်းသားကျောင်းသူ ၃၉၇ ဦး၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူ ၁၇၄ ဦး၊ ပါရဂူ တက်ရောက်နေသော ကျောင်းသားကျောင်းသူ ၉၇ ဦး၊ ဒီပလိုမာကျောင်းသား ကျောင်းသူ ၅၃၄ ဦးတို့၏ သင်ကြားရေးတာဝန်များ ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင်ဆရာ ဆရာမများသည် နိုင်ငံတွင်း သရုပ်ပြ တရားရုံးပြိုင်ပွဲ၊ နိုင်ငံတကာသရုပ်ပြ တရားရုံး ပြိုင်ပွဲများ တွင် ကျောင်းသူ ကျောင်းသားများ အရည်အချင်းပြည့်မီစွာ ပါဝင်နိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ အခြား နိုင်ငံများမှ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သော သင်တန်းများ သုတေသနများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။
ရန်ကုန်တက္ကသိုလ်၏ Mater Plan နှင့်အညီ ဥပဒေ ပညာဌာနကို မဟာဌာနအဖြစ် တိုးချဲ့နိုင်ရန်ရည်ရွယ်၍ ဆရာ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပျိုးထောင် လျက်ရှိပါသည်။ မဟာဌာနအောက်တွင် ပြည်တွင်းဥပဒေ ပညာဌာန (Department of Civil Law)၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာဌာန (Department of International Law)၊ ပင်လယ်ရေကြောင်းဥပဒေပညာဌာန (Department of Maritime Law)၊ စီးပွားရေးဥပဒေပညာဌာန (Department of Commercial Law) ဟူ၍ ဌာန လေးခုကို ဖွင့်လှစ် နိုင်ရန် မျှော်မှန်းပါသည်။
ဆရာ ဆရာမများအား အဆင့်မီသင်ကြားနိုင်ရန် အတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းများ၊ ဥပဒေ သုတေသနနည်းများစနစ်သင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် လူမှုအထောက်အကူပြုသုတေသနများလည်း ပြုလုပ်လျက်ရှိပါသည်။ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန အနေဖြင့် နိုင်ငံတော်၏ အဓိကမဏ္ဍိုင်ကြီးဖြစ်သော ဥပဒေ ပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍကြီးများတွင် အထောက်အပံ့ပြုနိုင်သော၊ ဦးဆောင်နိုင်သော ကိုယ်ကျင့် တရားကောင်းမွန်ပြီး အရည်အသွေး မြင့်မားသည့် ဥပဒေ ပညာရှင်များကို မွေးထုတ်ပေးလျက် ရှိပါသည်။ မကြာသော ကာလတွင် မဟာဌာနအဖြစ် တိုးချဲ့ပြီး သက်ဆိုင်ရာ အထူးပြု ဘာသာရပ်အလိုက် အရည် အသွေးပြည့်မီသော ဥပဒေဘွဲ့ရ များကို မွေးထုတ်ပေးနိုင်တော့မည် ဖြစ်ပါသည်။
ကျွန်တော်တို့အဖွဲ့ ၂၀၁၈ ခုနှစ်က အမေရိကန်နိုင်ငံ တက္ကသိုလ်များသို့ လေ့လာရေးခရီသွားရောက်ခဲ့စဉ်က အင်ဒီယားနားတက္ကသိုလ် မော်ရာဥပဒေ အဆင့်မြင့်ပညာ သင်ကျောင်း (IU Maurer School of Law) သို့ လေ့လာခဲ့ရပါသည်။ ထိုတက္ကသိုလ်တွင် ဤကျောင်းအပါ အဝင် –
(၁) ဝိဇ္ဇာနှင့် သိပ္ပံကောလိပ်
(College of Arts and Sciences)၊
(၂) အက်ကင်ဇီ ဗိသုကာနှင့် ဒီဇိုင်း အဆင့်မြင့်
ပညာကျောင်း (Ashkenazi School of Architecture and Design)၊
(၃) ကယ်လီ စီးပွားရေးပညာ အဆင့်မြင့်ပညာ
ကျောင်း(Kelley School of Business)၊
(၄) ပညာရေးအဆင့်မြင့်ကျောင်း
(School of Education)၊
(၅) ဟာမင်ဂန်လူဂါ ကမ္ဘာနှင့် အပြည်ပြည်ဆိုင်ရာ
အဆင့်မြင့်ပညာကျောင်း
(Hamilton Lugan School of Global and
International Studies)၊
(၆) ဟက်တန်ဂုဏ်ထူးတန်းကောလိပ်
(Hulton Honors College)၊
(၇) လပ်ဒီ သတင်းအချက်အလက်၊ ကွန်ပျူတာ
နည်းပညာနှင့် အင်ဂျင်နီယာ အဆင့်မြင့်ပညာ
ကျောင်း(Luddy School of Informatics,
Computing and Engineering)၊
(၈) လူထုဆက်သွယ်ရေး အဆင့်မြင့်ပညာ
သင်ကျောင်း(The Media School)၊
(၉) ဆေးပညာအဆင့်မြင့်ကျောင်း
(School of Medicine)၊
(၁၀) ဂျက်ကော့ ဂီတပညာအဆင့်မြင့်ကျောင်း
(Jacobs School of Music)၊
(၁၁) သူနာပြုအဆင့်မြင့်ပညာကျောင်း
(School of Nursing)၊
(၁၂) အိုနီး လူထုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်ပညာကျောင်း
(O’Neill School of Public and
Environmental Affairs)၊
(၁၃) ဘလူမင်တန် ပြည်သူ့ကျန်းမာရေး
အဆင့်မြင့်ပညာသင်ကျောင်း
(School of Public Health Bloomington)၊
(၁၄) လူမှုရေးလုပ်ငန်း သင်တန်းကျောင်း
(School of Social Work)၊
(၁၅) School of Optometry၊
(၁၆) တက္ကသိုလ်ဘွဲ့လွန်သင်တန်းကျောင်း
(University Graduate School) စသည်တို့ ရှိပါသည်။
မြန်မာနိုင်ငံ တက္ကသိုလ်များအားလုံးတွင် ဘွဲ့လွန် သင်တန်းကျောင်း (Graduate School) မရှိသေးပါ။ အင်ဒီယားနားတက္ကသိုလ် ဘလူမင်တန်မှ ပါမောက္ခ ဒေးဗစ်ဝီလီယံနှင့်အဖွဲ့က မြန်မာနိုင်ငံ တက္ကသိုလ်များရှိ ဥပဒေဌာန ဆရာ ဆရာမများအား ဥပဒေသင်ကြားပေး နိုင်ရန် ပညာသင်ဆုများ ရရှိနိုင်ရေး ကြိုးစားလျက်ရှိပါ သည်။ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများလည်း ဘွဲကြို၊ ဘွဲ့လွန်သင်တန်းများ များစွာတက်ရောက် လျက်ရှိနေပါသည်။
အင်ဒီယားနားတက္ကသိုလ်၏ ကမ္ဘာကျော် ဥပဒေ ပညာသင်ကြားပေးမှုများမှာ ဂျေဒီ ဒီဂရီ (JD-Degree) အစီအစဉ်နှင့် LLM မဟာဥပဒေဘွဲ့-
(က) စီးပွားရေးဆိုင်ရာဥပဒေ
(Business and Commercial Law)၊
(ခ) ငွေးကြေးဆိုင်ရာဥပဒေ (Financial Law)၊
(ဂ) အချက်အလက်နှင့် ဆိုင်ဘာလုံခြုံမှုဥပဒေ
(Information Privacy and Cyber security
Law)၊
(ဃ) မူပိုင်ခွင့်ဥပဒေ (Intellectual Property Law)၊
(င) အပြည်ပြည်ဆိုင်ရာဥပဒေ
(International Law)၊
(စ) အမေရိကန်ဥပဒေ (American Law)၊
(ဆ) ဖွဲ့စည်းပုံဆိုင်ရာဥပဒေ (Constitutional Law)၊
(ဇ) ရာဇဝတ်ကျောင်းဥပဒေ (Criminal Law)၊
(ဈ) ပတ်ဝန်းကျင်ဆိုင်ရာဥပဒေ
(Environmental Law)၊
(ည) အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာ ဥပဒေ (Labor and Employment Law)၊
(ဋ) ရင်းနှီးမြှုပ်နှံမှုဥပဒေ (Investment Law)၊
(ဌ) ပစ္စည်း၊ ဥစ္စာဆိုင်ရာဥပဒေ (Property Law)၊
(ဍ) အခွန်ဥပဒေ (Tax Law) စသည်ဖြင့် ဘွဲကြို၊
ဘွဲ့လွန်သင်တန်းများ အထူးပြုလေ့လာရေးကို ဆရာ ဆရာမများအား စေလွှတ်သင်ကြားပေးနိုင်ပါက မြန်မာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူ ရရှိနိုင်ပါသည်။ ။