ဆောင်းပါး

ကိုဗစ်အလွန် အဆင့်မြင့်ပညာ ဘာသာရပ်အသစ်များ (အမှတ်စဉ်-၅)

အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ် များကော်မတီ ကြီးကြပ်မှုအောက်တွင် ပညာရေးဝန်ကြီး ဌာနအပြင် ဝန်ကြီးဌာနပေါင်းစုံမှ တက္ကသိုလ်၊ ကောလိပ် ပေါင်း ၁၆၄ ခုရှိပါသည်။ ဝန်ကြီးဌာနအလိုက် ဘာသာရပ် အသစ်များ၊ သုတေသနများ သီးခြား လုပ်ဆောင် လျက်ရှိရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အထောက် အကူပြုနိုင်သော ပညာရပ် အသစ်များကို တက္ကသိုလ် အချင်းချင်း ပူးတွဲသုတေသနပြု သင်ကြား၊ သင်ယူပေး ခြင်းဖြင့် စည်းလုံးညီညာ အောင်ကြောင်းဖြာ (Synergy Effect) ကို ရရှိနိုင်ပါသည်။

ကော်မရှင်သည် မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီး မှ ဘွဲ့ကြိုဘွဲ့ရများ၏ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်း များ သုတေသနကို ပါမောက္ခချုပ်များကော်မတီနှင့် စတင် လုပ်ဆောင်လျက် ရှိပါသည်။ ကိုဗစ်အလွန်တွင် တက္ကသိုလ်၊ ကောလိပ်များသည် သမားရိုးကျ သင်နည်းစနစ်များ အတိုင်း သင်ကြား၊ သင်ယူ၍မရတော့ဘဲ ပြောင်းလဲလာမည့် အခြေအနေအရ ကွန်ပျူတာ အခြေပြု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT-Information and Communication Technology) ကို မယူမနေရ ဘာသာများအဖြစ် သင်ကြားသင်ယူရပါ တော့မည်။

အသစ်တိုးချဲ့ဖွဲ့စည်း

ငါးမွေးမြူရေးနှင့် ငါးရောဂါဗေဒဌာနသည် မွေးမြူ ရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် အသစ်တိုးချဲ့ဖွဲ့စည်းခဲ့သောဌာနများတွင် ပါဝင်လာသောဌာနတစ်ခု ဖြစ်ပါ သည်။ လက်ရှိတွင် ပါမောက္ခ ဒေါက်တာဝင်းဥမ္မာကျော်က ဌာနမှူးအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိပြီး ဌာနအတွင်း သင်ကြားရေး ဆရာ/ဆရာမ ခုနစ်ဦးနှင့် အခြားဝန်ထမ်း နှစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အားကိုးဦး ရှိပါသည်။
သီးသန့်ဌာနတစ်ခုအဖြစ်မတည်ရှိခင်က ငါးမွေးမြူ ထုတ်လုပ်ရေးပညာ (Fish Production) ဟူသော ဘာသာရပ်အမည်ဖြင့် ၂၀၀၁ ခုနှစ်ကတည်းက နောက် ဆုံးနှစ် (BVSc) ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ကြို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် ငါးမွေးမြူရေးနှင့် ငါးရောဂါဗေဒ (Aquaculture and Aquatic Diseases) ဟူသော ဘာသာရပ်အမည်သို့ ပြောင်းလဲ၍ စတုတ္ထနှစ် (BVSc) ကျောင်းသား ကျောင်းသူများအား ဆေးပညာဌာနမှ တာဝန်ယူ သင်ကြားပေးခဲ့ပါသည်။

သင်ရိုးညွှန်းတမ်းများ

နိုင်ငံတော်၏ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အရည်အချင်းပြည့်ဝသော မွေးမြူရေးပညာရှင် များနှင့် တိရစ္ဆာန် ဆေးကုဆရာဝန်ကောင်းများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တွင် မွေးမြူရေးပညာဘွဲ့ (BASc)နှင့် တိရစ္ဆာန်ဆေး ပညာဘွဲ့ (DVM)ဟူ၍ ဘွဲ့ကြို သင်တန်းနှစ်ခု ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။ ထိုအခါ ငါးမွေးမြူရေးနှင့် ငါးရောဂါ ဗေဒဘာသာရပ်ကို အမည်သစ်ထပ်မံပြောင်းလဲ၍ သီးသန့် ဌာနတစ်ခုအဖြစ် ဖွဲ့စည်းကာ ဘွဲ့ကြိုသင်တန်းနှစ်ခုလုံး၏ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားခဲ့ပါသည်။

ဘွဲ့လွန်သင်တန်း

ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ငါးမွေးမြူရေးနှင့် ငါးရောဂါဗေဒဌာနမှ နောက်ဆုံးနှစ် BASc ကျောင်းသား ကျောင်းသူ ၅၈ ဦးအား ပျားနှင့်ငါးမွေးမြူရေးဘာသာရပ် (Apiculture and Aquaculture) နှင့် ပဉ္စမနှစ် DVM ကျောင်းသား ကျောင်းသူ ၁၁၇ ဦးအား ပျားနှင့် ငါးရောဂါ ဘာသာရပ် (Bee and Aquatic Diseases) တို့ကို သင်ကြား ပို့ချလျက်ရှိပါသည်။ ယခင်က ငါးဘာသာရပ်ကို မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်မှ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ် သင်ကြားခြင်း မရှိခဲ့သော်လည်း ယခုပညာသင်နှစ်မှစတင်၍ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားရန် စီစဉ်ပြီးဖြစ်ပါ သည်။ BVSc နှင့် DVM ဘွဲ့ ရရှိပြီးသောသူများထဲမှ ဘွဲ့လွန် သင်တန်း သတ်မှတ်ချက်နှင့်ကိုက်ညီ၍ ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများသည် MVSc (Aquatic Medicine) ဘွဲ့လွန်သင်တန်းသို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်။

ညှိနှိုင်းရေးဆွဲ သင်ကြား

BASc မွေးမြူရေးသိပ္ပံဘွဲ့ကြိုသင်တန်း၏ ပျားနှင့် ငါးမွေးမြူရေးဘာသာရပ် (Apiculture and Aquaculture) သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် မွေးမြူရေးပညာရှင်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ပညာရှင် ဆရာကြီး/ဆရာမကြီးများ၊ ပြင်ပမှစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် Stakeholders meetings များ ပြုလုပ်၍ အတည်ပြုခဲ့သည့်အပြင် နယူးဇီလန်နိုင်ငံ MITTA Project အကူအညီဖြင့် မက်ဆေးတက္ကသိုလ် (Massey University) မှ ပါမောက္ခများနှင့် ညှိနှိုင်းရေးဆွဲ သင်ကြားခဲ့ခြင်းဖြစ်ပါ သည်။

စာတွေ့လက်တွေ့ သင်ကြား

ငါးမွေးမြူရေးဘာသာရပ်ပိုင်းတွင် ကျောင်းသား ကျောင်းသူများအား စာတွေ့လက်တွေ့ သင်ကြားခြင်း အနေဖြင့် ရေနေ သတ္တဝါများ၏ မျိုးစိတ်များ၊ ငါးပုစွန် မွေးမြူရေး၊ ကောင်းမွန်သော ငါးပုစွန်မွေးမြူရေးစနစ်၊ ရေအရည်အသွေးစစ်ဆေးခြင်း၊ ငါးပုစွန်အစာအာဟာရ၊ ငါးသားဖောက်ခြင်း၊ ငါးပုစွန်အရည်အသွေးပြည့်ဝရေး၊ ပဋိဇီဝဆေးယဉ်ပါးမှု၊ အလှမွေးငါးများ၊ အလှမွေးငါးကန် ထိန်းသိမ်းစောင့်ရှောက်ခြင်း အစရှိသော ခေါင်းစဉ်များကို ထည့်သွင်း သင်ကြားလျက်ရှိပါသည်။ ကျောင်းသား ကျောင်းသူများ presentation skill ထူးချွန်ရန်နှင့် problem based learning ပြုလုပ်နိုင်ရန် ငါးလုပ်ငန်းဦးစီး ဌာန၊ ရေဆင်းငါးမွေးမြူရေးစခန်း၊ ကိုယ်ပိုင်ငါးပုစွန်မွေးမြူ ရေးလုပ်ငန်းများ၊ ငါးပုစွန်အစာကုမ္ပဏီများ၊ နေပြည်တော် ငါးပြတိုက် စသည်တို့နှင့် ဆက်သွယ်၍ လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ သင်ကြားရေး အထောက် အကူအဖြစ် တက္ကသိုလ်ပိုင်ငါးကန်တွင် ရေချို ငါးများမွေးမြူထားပြီး ဌာနတွင် အလှမွေးငါးကန်များ မွေးမြူထားရှိပါသည်။ သုတေသနလုပ်ငန်းအနေဖြင့် နောက်ဆုံးနှစ် BVSc ကျောင်းသားကျောင်းသူများ၏ ဘွဲ့ယူကျမ်းကို ငါးကြင်းဖြူနှင့် ငါးမြစ်ချင်းအချို့တွင် ပဋိဇီဝဆေး အကြွင်းအကျန်များ ရှိ/ မရှိစစ်ဆေးခြင်း (Screening of Antimicrobial Residues in Labeo rohita and Cirrhinus mrigala Cultivated in Pobba Thiri Area) ခေါင်းစဉ်ဖြင့် တင်သွင်းခဲ့ပါသည်။ စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းများနှင့် မွေးမြူရေး လုပ်ငန်းရှင်များက ပညာရပ်ဆိုင်ရာ အကူအညီလိုအပ် ပါကလည်း အခါအားလျော်စွာ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ဥရောပပျားမျိုးစိတ်များ

ပျားမွေးမြူရေးအပိုင်းတွင် ကျောင်းသား ကျောင်းသူများအား စာတွေ့လက်တွေ့သင်ကြားခြင်း အနေဖြင့် ပျားမျိုးစိတ်များနှင့် ဇီဝအခြေခံ၊ ပျားနှင့် ပျားအုံအမျိုးမျိုး၊ ပျားမျိုးရိုးဗီဇရွေးချယ်ခြင်း၊ ပျားမွေးမြူ ထိန်းသိမ်းခြင်း၊ ပျားနှင့် ပျားထွက်ပစ္စည်းများ အရည် အသွေးစစ်ဆေးခြင်း၊ ကောင်းမွန်သော ပျားမွေးမြူရေး စနစ် အစရှိသောခေါင်းစဉ်များကို ထည့်သွင်းသင်ကြား လျက်ရှိပါသည်။ သင်ကြားရေးအထောက်အကူအဖြစ် ဌာနတွင် ဥရောပပျားမျိုးများ မွေးမြူထားပါသည်။ သုတေသနလုပ်ငန်းအနေဖြင့် BVSc နောက်ဆုံးနှစ် မွေးမြူကုသရေးပညာ ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူကျမ်းကို မြန်မာနိုင်ငံတွင်ရှိသော ဥရောပပျား မျိုးစိတ်များကို Soft ware အသုံးပြု၍ လေ့လာခြင်း (Morphometric survey of European honey bees in Myanmar) ခေါင်းစဉ်ဖြင့် တင်သွင်းခဲ့ပါသည်။

ကာကွယ်ကုသနည်းများ

DVM ဘွဲ့ကြိုသင်တန်း၏ ပျားနှင့် ငါးရောဂါ ဘာသာရပ် (Bee and Aquatic Diseases) သင်ရိုး ညွှန်းတမ်းရေးဆွဲရာတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ ပြင်ပ မှ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် Stakeholders meetings များပြုလုပ်၍ အတည်ပြုခဲ့သည့်အပြင် သြစတြေးလျနိုင်ငံ ACIAR project အနေဖြင့် ကွင်းစလန်း တက္ကသိုလ်မှ ပါမောက္ခများက ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများအား စာတွေ့ လက် တွေ့သင်ကြား ခြင်းအနေဖြင့် OIE အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ပြန်ထားသော ငါးပုစွန်ရောဂါ များနှင့် ရောဂါရှာဖွေရေးနည်းစနစ်များ၊ ငါးပုစွန် သန်ကောင်နှင့် မှိုရောဂါများ၊ ငါးပုစွန်ထုတ်ကုန်တို့၏ ပဋိဇီဝဆေးအကြွင်းအကျန်များ၊ ငါးပုစွန်ရောဂါ ကာကွယ် ကုသနည်းများ၊ ပျားရောဂါများနှင့် ရောဂါရှာဖွေရေးနည်း စနစ်များ၊ ပျားကပ်ပါးရောဂါများနှင့် ကာကွယ်ကုသနည်း များအစရှိသော ခေါင်းစဉ်များကို ထည့်သွင်းသင်ကြား လျက်ရှိပါသည်။

ငါးကန်များ၏ ရေအရည်အသွေးလေ့လာခြင်း၊ ငါးပုစွန်အစာအာဟာရ၊ ငါးပုစွန် သန်ကောင်နှင့် မှိုရောဂါ များ၊ မြန်မာနိုင်ငံ တွင်ဖြစ်ပွားနေသော ငါးပုစွန်ရောဂါ များအား လေ့လာခြင်း၊ ပျားနှင့် ပျားထွက်ပစ္စည်းများ အရည်အသွေးစစ်ဆေးခြင်း၊ မြန်မာ နိုင်ငံတွင်တွေ့ရှိနိုင်သော ပျားမျိုးစိတ်များအား လေ့လာခြင်း၊ ပျားဆိပ် လေ့လာခြင်း အစရှိသော သုတေသနများကို တက္ကသိုလ် ၏ ပံ့ပိုးကူညီမှုဖြင့် ဌာနသုတေသနများအဖြစ် လုပ်ဆောင် သွားရန် စီစဉ်ထားပါသည်။ သင်ကြားရေးနှင့် သုတေသန ပိုမို တိုးတက်လာစေရေးအတွက် အနာဂတ်တွင် ပြည်တွင်း ပြည်ပပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လုပ်ဆောင်ရန်လည်း ရည်ရွယ်ထားပါသည်။

သေချာစွာ သင်ကြားပေးနိုင်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ကိမိလဗေဒဌာန (Entomology Department) တွင်လည်း စက်မှုလုပ်ငန်း နှင့်ဆိုင်သော ကိမိလဗေဒဘာသာ (Industrial Entomology) အောက်တွင် ပျားမွေးမြူရေးပညာကို သင်ကြားပေး လျက်ရှိပါသည်။ ပျားမွေးမြူရေးပညာသည် နိုင်ငံတကာ တွင် ဘွဲ့ကြို ဘွဲ့လွန်များသင်ကြားကာ စီးပွားရေးအတွက် အထောက်အကူပြုသော ဘာသာဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် အိန္ဒိယနိုင်ငံ ပန်ဂျပ်စိုက်ပျိုးရေးတက္ကသိုလ်သို့ လေ့လာ ရေးသွားရောက်ခဲ့စဉ်က ပျားမွေးမြူရေးအထူးပြု ကျောင်းသား ၁၀ ဦးခန့် နှစ်စဉ်မွေးထုတ်သည်ဟု ဆိုပါသည်။ ဘာသာရပ်တစ်ခုချင်းအလိုက် လူအများ ကြီး ဘွဲ့ပေးရန်မလိုပါ။ တိုင်းပြည်လိုအပ်သလောက်သာ အရည်အချင်းပြည့် ဘွဲ့ရကျောင်းသားများ နည်းနည်းချင်း မွေးထုတ် ပေးရန်လိုပါမည်။ လူနည်းက စာသင်ခန်းအတွင်း (Small Class Size) သေချာစွာ သင်ကြားပေးနိုင်ပါမည်။

ခြင်သုတေသနပြု

၁၉၈၇ ခုနှစ်တွင် ကွင်းစလန်းတက္ကသိုလ်၌ ကျွန်တော် မဟာသိပ္ပံတက်ရောက်စဉ်က ကိမိလဗေဒဌာန (Department of Entomology) သည် နာမည်ကျော် ဌာနကြီး တစ်ခု ဖြစ်ပါသည်။ ဤဌာန၏အောက်တွင် စိုက်ပျိုးရေးဆိုင်ရာ ကိမိလဗေဒ (Agricultural Ento-mology) ဥပမာ ဖျက်ပိုး (Pest)၊ အကျိုးရှိအင်းဆက်များ (Beneficial Insects)၊ နကျယ်(Wasps)၊ စားသုံးနိုင်သော အင်းဆက် (Edible Insects)၊ မွေးမြူရေးဆိုင်ရာ ကိမိလဗေဒ (Veterinary Ectomology) ဥပမာ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက်များအား ဒုက္ခပေးသော မွှား (Tick)၊ လှေး (Mite)၊ သန်း (Louse)၊ ဖြုတ်ပိုးများ။ ဆေးသိပ္ပံ ပညာဆိုင်ရာ ကိမိလဗေဒ (Medical Entomo-logy) ဥပမာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်သော ခြင် (Mosquito)၊ ဝမ်းရောဂါဖြစ်စေ နိုင်သော ယင်ကောင် (Fly) စသည်ဖြင့် လေ့လာစရာ များပြားလှပါသည်။ ဤဌာန၌ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကိမိလဗေဒဌာနမှ ဆရာ ဆရာမများစွာ (ဒေါက်တာ မြင့်သောင်း၊ ဒေါက်တာ အောင်ကြည်၊ ဦးရန်လင်း၊ ဒေါ်ဝင်းဝင်းမြင့်) တို့ ပညာ သင်ကြားခဲ့ပါသည်။ ကျွန်တော်တို့နှင့်အတူ ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာနမှ သုတေသီ ဒေါက်တာဝေလိုဘီ ထွန်းလင်းသည် ကွင်းစလန်းတက္ကသိုလ်၌ ငှက်ဖျားခြင် ဆိုင်ရာ ပါရဂူဘွဲ့ကို တက်ရောက်ရင်း ခြင်သုတေသနပြုသွား ပါသည်။ ယခုတော့ အငြိမ်းစားယူသွားပြီဟု ထင်ပါသည်။ ယခုတော့ ကွင်းစလန်းတက္ကသိုလ်တွင် ဌာနများပေါင်းသွား သည်ဟု ကြားသိရသည်။
ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ပညာရှင်များက သတ္တဗေဒအောက်တွင် ကိမိလဗေဒ၊ ပျားမွေးမြူရေးကိုလည်း အောက်ပါအတိုင်း ပြုလုပ်လျက် ရှိပါသည်။

သုတေသနများ ပြုလုပ်လျက်ရှိ

ဥပမာ ဆေးသိပ္ပံပညာဆိုင်ရာ ကိမိလဗေဒ (Medical Entomology) တွင် ရောဂါသယ်ဆောင်သော ခြင်များနှင့် ၎င်းတို့၏ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုကို မျိုးရိုးပညာ၊ ဇီဝဓာတုပညာရပ်များဖြင့် လေ့လာခြင်း သွေးလွန် တုပ်ကွေးခြင် (ဒေါက်တာမဉ္ဇူမင်း)၊ ငှက်ဖျားခြင် (ဒေါက်တာသန့်ဇင်)၊ မြို့ပြနှင့်ကျေးလက်များတွင်တွေ့ရသော ခြင်မျိုးစိတ်များ မန္တလေး အနီးတစ်ဝိုက်(ဒေါက်တာသန်းထွေး)၊ ရန်ကုန်အနီးတစ်ဝိုက် (ဒေါက်တာနန်းစန္ဒာမြင့်၊ ဒေါက်တာစန်းစန်းဦး)၊ မကွေးအနီးတစ်ဝိုက် (အေးအေးမူ၊ ပါရဂူသင်တန်းသူ)။ မော်လီကြူးအဆင့် (Molecular Level) လေ့လာခြင်း (ဆေးသုတေသန ဦးစီးဌာနနှင့် တွဲဖက်လျက်)။ Insect Pest (Agricultural Entomology) စိုက်ပျိုးသီးနှံနှင့် စိုက်ခင်းများအပေါ်တွင် ကျရောက်
သော အင်းဆက်များ၏ မျိုးစိတ်များဘဝစက်ဝန်း (Life cycle)၊ အကျိုးပြု အင်းဆက်များ၏ မျိုးစိတ်များ ဘဝ စက်ဝန်းကို လေ့လာခြင်း၊ စားသုံးနိုင်သောအင်းဆက်များ (Edible Insects) (ရန်ကုန် အနီးတစ်ဝိုက်၊ ပင်လုံ၊ ကျိုင်းတုံ၊ မန္တလေးအနီးတစ်ဝိုက်)၊ လိပ်ပြာများ၊ ဖလံများပျံ့နှံ့ပုံ (Diversity of Butterflies and Moths) နေရာအနှံ့နီးပါး ဆောင်ရွက်ပြီးဖြစ်ပါသည်။ လူမှုကိမိလဗေဒ (Social Entomology) တွင် ပျားမွေးမြူခြင်းနှင့် ဝတ်ရည်ဝတ်မှုန် ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနများ ပြုလုပ်လျက်ရှိပါ သည်။

ပျားမွေးမြူခြင်း ဆင့်ပွားသင်တန်း

မန္တလာဒီဂရီကောလိပ်နှင့် အခြားတိုင်းဒေသကြီးရှိ တက္ကသိုလ်များတွင် သတ္တဗေဒဘာသာရပ်ဖြင့် ဘွဲ့ရ ကျောင်းသား ကျောင်းသူများအတွက် လက်မှတ်တစ်ခု ရရှိစေရန် ရည်ရွယ်လျက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပျားမွေးမြူရေးဦးစီးဌာနမှ ပျားမွေးမြူခြင်း၊ ဆင့်ပွားသင်တန်း ရက်သတ္တ တစ်ပတ်ပေးခြင်း၊ လက်တွေ့ကွင်းဆင်းသင်ကြားပေး ခြင်း၊ လက်မှတ် (Certificate) ပေးခြင်းများ ပြုလုပ်ပေး လျက်ရှိသည်။ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာညိုညိုလွင်သည် Artificial Insemination of Queen Bee ၏ Genetic Improvement၊ Research Breeding Program၊ Valuable Traits၊ Hygienic Behaviour ကို ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်တော်တို့နိုင်ငံ၏ အဓိကပြဿနာမှာ ပညာရှင်တစ်ဦးလုပ်နေသည်ကို ထိုဘာသာရပ်ဆိုင်ရာ နောက်ပညာရှင်တစ်ဦးက မသိခြင်းဖြစ်ပါသည်။ ပညာရပ်နှင့် သုတေသနပညာအရည်အသွေး (Teaching and Research Quality) ကို ထိန်းကျောင်း မွမ်းမံ၊ ကြပ်မတ်ပေးမည့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ရေးကော်မတီ (NAQAC – National Accreditation and Quality Assurance Committee) ကဲ့သို့ အဖွဲ့အစည်းလည်း လိုပါသည်။ ထိုသို့ ပညာရှင်များ ညီညီညွတ်ညွတ်ဖြင့် ကိုဗစ်အလွန်ကာလ အတူတူ ဆောင်ရွက်ကြပါက ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိ မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ။