ဆောင်းပါး

ကိုဗစ်အလွန် အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (၇)

စိုက်ပျိုးရေးနိုင်ငံဖြစ်သောမြန်မာနိုင်ငံရှိ တက္ကသိုလ်များ တွင် ယနေ့နှင့် နောင်အနာဂတ် ကာလများတွင် လိုအပ် လျက်ရှိသော ဘာသာရပ် နောက်တစ်ခုမှာ Agricultural Engineering (စိုက်ပျိုးရေးအင်ဂျင်နီယာ) ဖြစ်ပါသည်။
ဤဘာသာရပ်ကြီးအောက်တွင် စက်မှုလယ်ယာ ဘာသာများ (Farm Machinery and Farm Mechanization)၊ သိပ္ပံနည်းကျ လယ်ယာမြေများ စနစ်တကျ ဖော်ဆောင် ထားမှုပညာ (Farm Structure Engineering)၊ ရေသွင်း ရေထုတ်အင်ဂျင်နီယာပညာ (Irrigation and Drainage Engineering)၊ လယ်ယာမြေများ တိုင်းတာနည်းစနစ်များ (Farm Surveying)၊ ဇီဝနည်းပညာ (Biotechnology)၊ ထုပ်ပိုးနည်းပညာ (Packaging Technology)၊ ကြိတ်ခွဲ ခြင်းနည်းပညာ (Milling Technology) စသည်ဖြင့် ဘာသာရပ်များ စုံလင်လှပါသည်။ အင်ဂျင်နီယာနည်းပညာ ကို စိုက်ပျိုးရေးပညာဘက်တွင် အသုံးချထားခြင်းဖြစ် ပါသည်။
▲ စတင်သင်ကြားလျက်ရှိ ▲
ကျွန်တော်တို့မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ် များစွာရှိသော်လည်း စိုက်ပျိုးရေးအင်ဂျင်နီယာ ပညာကို မည်သည့်တက္ကသိုလ်ကမှ ယခုအထိ ဘွဲ့မပေးနိုင်သေးပါ။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ပြီး ကျိုက်လတ်နှင့် ဝါးခယ်မ စက်မှုလက်မှု သိပ္ပံ၊ ရွှေဘိုနည်းပညာကောလိပ် တို့တွင် စက်မှုလယ်ယာဘာသာရပ် (AGTI Diploma – Farm Machinery) ဒီပလိုမာ (၃) နှစ်သင်တန်း စတင် ဖွင့်လှစ်ကာ တောင်သူဦးကြီးများ၏ သားသမီးများစွာ စတင်သင်ကြားလျက်ရှိနေပါသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်တွင်လည်း အစားအသောက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့ (BE – Food Engineering) ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်သင်ကြားပေးနေပြီး ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်ရန်ကုန် စက်မှုတက္ကသိုလ်) တွင် ရပ်နားထားခဲ့သော စိုက်ပျိုးရေးအင်ဂျင် နီယာဘာသာရပ်ကို ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်၍ မန္တလေးနည်းပညာတက္ကသိုလ်တွင် စတင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ စိုက်ပျိုးရေး အင်ဂျင်နီယာဘွဲ့သင်တန်းကို ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး B.E. (Agricultural Engineering) ဘွဲ့ပေးအပ်ခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါဘွဲ့သင်တန်းကို ၁၉၇၁ ခုနှစ် နောက်ပိုင်းမှစ၍ ယခုအချိန်အထိ ရပ်နားထားခဲ့ပါသည်။ စိုက်ပျိုးရေး အင်ဂျင်နီယာ ဘွဲ့ရများ မွေးထုတ်ပေးနိုင်ခြင်း မရှိခဲ့သဖြင့် စိုက်ပျိုးရေးဆိုင်ရာ ဌာနများဖြစ်သော ဆည်မြောင်း၊ ရေအရင်းအမြစ်နှင့် စက်မှုလယ်ယာဌာနများတွင် စက်မှု၊ လျှပ်စစ်၊ မြို့ပြနှင့်အခြားအင်ဂျင်နီယာ အထူးပြုဘာသာရပ်ဘွဲ့ရများ တာဝန်ထမ်းဆောင်နေကြပါသည်။ စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာမှာ အစိုးရဌာနများအပြင် ပုဂ္ဂလိကကဏ္ဍတွင်လည်း ယနေ့ခေတ်တွင် အလုပ်အကိုင် များစွာ လိုအပ်လျက်ရှိနေပါသည်။ ယခုအခါ ခေတ်မီတိုးတက်ပြောင်းလဲလာသော နည်းပညာရေစီးကြောင်း နှင့်အတူ နယ်ပယ်အလိုက် ပိုမိုကျယ်ပြန့်သော နည်းပညာ အသစ်များ ပေါ်ထွန်းလျက်ရှိရာ စိုက်ပျိုးရေးဆိုင်ရာ အင်ဂျင်နီယာအတတ်ပညာတစ်ခုအနေဖြင့် အပါအဝင် ဖြစ်လာပါသည်။ အမျိုးသားပညာရေး မူဝါဒကော်မရှင် သည် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်များ (Agricultural and Food Engineering) ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကိုကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်း သင်ကြားမှုအစီအစဉ်အရ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်ပါသည်။
▲ စိုက်ပျိုးရေးအင်ဂျင်နီယာ ▲
ကျွန်တော်တို့နိုင်ငံတွင် တက္ကသိုလ်များ၌ ထိုဌာနများ အသစ်ဖွင့်လှစ်ပြီး ဘာသာရပ်အသစ်များ ဖွင့်လှစ်သင်ကြားပေးရန် လိုပါဦးမည်။ စိုက်ပျိုးရေးအင်ဂျင် နီယာဆိုသည်မှာ ထယ်ထိုး၊ ထွန်မွှေလုပ်ငန်းများကို ထွန်စက် (Tractor) များဖြင့် လုပ်ပေးရုံမျှသာမက ရေသွင်းရေထုတ်နည်းပညာအသစ်များ ဥပမာ – ရေဖျန်းရေပေးစနစ် (Sprinkler Irrigation)၊ အစက်ချရေပေးစနစ် (Drip Irrigation)၊ မြေဩဇာနှင့်ရေသွင်းစနစ်တွဲဖက်အသုံးပြုနည်း (Fertigation) စသည်များ၊ ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အား အသုံးပြု နိုင်ရန် နေရောင်ခြည်စွမ်းအင် (Solar Energy)၊ လက်ကိုင်ဖုန်းများ (Mobile Phone) မှတစ်ဆင့် အချက်အလက်နည်းပညာ ရရှိအသုံးပြုနိုင်မှု (Mobile phone Information and Communication Technology)၊ ဆန်စက်၊ ကြိတ်ခွဲစက်၊ ဖျော်ရည်စက်များ၊ သီးနှံများရိတ်သိမ်းပြီး လုပ်ငန်းများ လေ့လာသောနည်းပညာ (Post-harvest Technology)၊ အသား၊ ငါး၊ နွားနို့၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ ထုပ်ပိုးပြင်ဆင်ခြင်းနည်းပညာ (Packaging Technology) တို့ များစွာပါဝင်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအဖွဲ့အစည်း (JICA) ၏ အကူအညီဖြင့် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲခဲ့ရာ စနစ်သစ်သင်ရိုး ညွှန်းတမ်းအရ စိုက်ပျိုးရေးပညာဘွဲ့ (B.Agr.Sc.) စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြု (Agricultural Engineering) ကျောင်းသား ကျောင်းသူ ၁၃ ဦးသည် ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် တတိယနှစ်သို့ ရောက်ရှိသင်ကြားနေပြီ ဖြစ်ပါသည်။
သင်ကြားပေးသောဘာသာရပ်များမှာ (၁) စိုက်ပျိုးရေးအင်ဂျင်နီယာမိတ်ဆက် – Introduction to Agricultural Engineering၊(၂) အင်ဂျင်နီယာပုံဆွဲပညာ- Engineering Drawing၊ (၃) ဒြပ်ဝတ္ထုများ၏ခံနိုင်အား- Strength of Materials ၊ (၄) လယ်ယာဖွဲ့စည်းတည်ဆောက် ပုံနှင့်မြေတိုင်းပညာ – Farm Structure and Surveying၊ (၅) လယ်ယာစက်ယန္တရား – Farm Machinery ၊ (၆) အင်ဂျင် တွင်းလောင်ကျွမ်းခြင်းပညာ – Internal Combustion Engine ၊ (၇) ဓာတ်ငွေ့ရည်ဆိုင်ရာ မက္ကင်းနစ်ပညာ – Fluid Mechanics၊ (၈) စက်မှုဒီဇိုင်းနှင့်ပုံစံပြု ဘာသာရပ် – Design of Machine Elements & CAD (Computer-Aided Design)၊ (၉) ရေသွင်းမှုဆိုင်ရာအင်ဂျင်နီယာပညာ – Irrigation Engineering ၊ (၁၀) ရိတ်သိမ်းခြင်းနှင့်ပြုပြင် မွမ်းမံနည်းပညာ -Postharvest and Process Engineering၊ (၁၁) စက်မှုလယ်ယာစီမံခန့်ခွဲမှုနည်းပညာ – Agricultural Mechanization Management များအပြင် အထွေထွေ စိုက်ပျိုးရေးပညာ – General Agriculture၊ သိပ္ပံနည်းကျ စာရေးသားနည်း – Scientific Writing၊ ဟောပြောနိုင်မှု စွမ်းရည်၊ သုတေသနပြုလုပ်နည်းများ – Research Methods၊ လုပ်ငန်းခွင်အတွေ့အကြုံ – Internship စသည် တို့ကို လေ့လာရမည်ဖြစ်ပါသည်။ ၂၀၂၁-၂၀၂၂ ပညာသင် နှစ်ပြီးဆုံးပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပထမ ဆုံး မွေးထုတ်ပေးမည့် စိုက်ပျိုးရေးပညာဘွဲ့ (စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြု) ကျောင်းသား ကျောင်းသူများဖြစ် လာပါလိမ့်မည်။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ စိုက်ပျိုး ရေးဘာသာရပ်များစွာကို ၆၀% အလေးပေး သင်ကြားပြီး အင်ဂျင်နီယာဘာသာရပ်ကို ၄၀% ခန့် သင်ကြားမည့်စနစ်ပုံစံ ဖြစ်ပါသည်။
▲ သင်ကြားပေးသောဘာသာရပ်များ ▲
မန္တလေးနည်းပညာတက္ကသိုလ်မှာမူ အင်ဂျင်နီယာဘာသာရပ်များကို ၆၀%-၇၀% အထိ အလေးပေး သင်ကြားမည်ဖြစ်ပြီး စိုက်ပျိုးရေးဘာသာရပ်ကို ၃၀%-၄၀% ခန့်သင်ကြားပေးနိုင်ပါမည်။ သင်ကြားပေးသောဘာသာရပ်များမှာဒုတိယနှစ်မှစ၍ (၁) အသုံးချသင်္ချာ – Applied Mathematics၊ (၂) အလုပ်ရုံနည်းပညာ – Workshop Technology၊ (၃) အင်ဂျင်နီယာမက်ကင်းနစ်ပညာ – Engineering Mechanics၊ (၄) သာမိုဒိုင်းနမစ် – Thermodynamics၊ (၅) ဒြပ်ဝတ္တုများ၏ခံနိုင်အား- Strength of Materials၊ (၆) မြေဆီလွှာနှင့်ရေထိန်းသိမ်း ရေးအင်ဂျင်နီယာပညာ – Soil and Water Conservation Engineering၊ (၇) စိုက်ပျိုးရေးနည်းစနစ်အင်ဂျင်နီယာ – Agricultural Process Engineering၊ (၈) လယ်ယာ စက်ယန္တရား -Farm Machinery ၊ (၉) ပန့်အင်ဂျင်နီယာနှင့် ဟိုက်ဒရောလစ်ထိန်းချုပ်နည်းများ – Pump Engineering and Hydraulic Control၊ (၁၀) အဝေးမှအာရုံခံခြင်းနှင့် ပထဝီ အချက်အလက်နည်းပညာ – Remote Sensing and GIS၊ (၁၁) စက်မှုဆိုင်ရာစီမံခန့်ခွဲမှုနည်းပညာ- Industrial Management များအပြင် သီးနှံစိုက်ပျိုးရေးပညာ – Crop Production၊ လူမှုဘာသာနှင့်လူမှုရေးသိပ္ပံ- Humanities and Social Science၊ အင်္ဂလိပ်စာ-English၊ အင်ဂျင်နီယာ ရူပဗေဒနှင့်ဓာတုဗေဒ – Engineering Physics and Chemistry၊ သုတေသနနှင့် လုပ်ငန်းခွင်အတွေ့အကြုံ – Research and Internship စသည်တို့ကို လေ့လာရမည်ဖြစ်ပါသည်။
စိုက်ပျိုးရေးဘာသာအတွက် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံ၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနမှ ဧည့်ဆရာ၊ ဆရာမများ လာရောက်သင်ကြားပေးနိုင်ရန် စီစဉ်နေပါသည်။ မြန်မာနိုင်ငံတက္ကသိုလ်စနစ်မှာ ဘာသာရပ်တစ်ခုတည်းသာ ဦးတည်သင်ကြား နေသည့် စနစ်ဖြစ်နေသေးသည့်အတွက် တက္ကသိုလ်ချင်း၊ သိပ္ပံချင်း ကပ်လျက်ဖြစ်စေကာမူ ဝန်ကြီးဌာနမတူ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး မတူနေကြသည်တို့ကို ညှိနှိုင်း၊ မေတ္တာ ရပ်ခံ သင်ကြားပေးနေလျက် အခက်အခဲ ရှိနေဦးမည် ဖြစ်ပါသည်။ နောင်တစ်ချိန်တွင် တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာကာ ဘာသာရပ် ပေါင်းစုံသင်ကြားပေး သော တက္ကသိုလ်စနစ် (Comprehensive University System) ဖြစ်လာပြီဆိုလျှင် ဘာသာရပ်ပေါင်းစုံ သင်ကြား ပေးနိုင်ပါလိမ့်မည်။
▲ ယခုထက်ပိုမို၍ တိုးတက်လာမည်ဖြစ် ▲
အဆင့်မြင့်ပညာသင်တန်းကျောင်း (School)၊ မဟာဌာန (Faculty)၊ ကောလိပ် (College)၊ သိပ္ပံ/အင်စတီကျု (Institute)၊ သုတေသနဌာန (Research Center) များ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ရလာလျှင် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး ယခုထက်ပိုမို၍ တိုးတက်လာမည် ဖြစ်ပါသည်။ ယခုပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ရှေ့ပြေးပြောင်းလဲမည့် တက္ကသိုလ် ၁၆ ကျောင်း (16-Pilot Universities for University Autonomy) တွင် မန္တလေးနည်းပညာ တက္ကသိုလ်သည်လည်း တက္ကသိုလ်တစ်ခု အပါအဝင် ဖြစ်ပါသည်။
ဥပမာ – ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်တက္ကသိုလ် (University of Philippines – UPLB) တွင် ဘာသာရပ် သင်ကောလိပ်၊ သိပ္ပံကျောင်းပေါင်း ၁၁ ခု ရှိပါသည်။
ယင်းတို့မှာ-
(၁) စိုက်ပျိုးမွေးမြူရေးနှင့် အစားအသောက် သိပ္ပံကောလိပ်
(College of Agriculture and Food Science- CAFS)၊
(၂) ဝိဇ္ဇာနှင့်သိပ္ပံပညာကောလိပ်
(College of Arts and Sciences – CAS)၊
(၃) ဖွံ့ဖြိုးတိုးတက်မှု ဆက်သွယ်ရေးကောလိပ်
(College of Development Communication- CDC)၊
(၄) စီးပွားရေးနှင့် စီမံခန့်ခွဲမှုကောလိပ်
(College of Economics and Management – CEM)၊
(၅) အင်ဂျင်နီယာနှင့် လယ်ယာစက်မှုနည်းပညာ ကောလိပ်
(College of Engineering and Agro-Industrial Technology – CEAT)၊
(၆) သစ်တောနှင့် သယံဇာတကောလိပ်
(College of Forestry and Natural Resources – CFNR)၊
(၇) လူသားဆိုင်ရာဂေဟဗေဒကောလိပ်
(College of Human Ecology – CHE)၊
(၈) ပြည်သူ့ရေးရာဖွံ့ဖြိုးတိုးတက်မှုကောလိပ်
(College of Public Affairs and Development – CPAD)၊
(၉) မွေးမြူကုသရေးကောလိပ်
(College of Veterinary Medicine – CVM)၊
(၁၀) ဘွဲ့လွန်သင်တန်းကျောင်း
(Graduate School – GS)၊
(၁၁) ပတ်ဝန်းကျင်သိပ္ပံနှင့် စီမံခန့်ခွဲမှုအဆင့်မြင့် သင်တန်းကျောင်း
(School of Environmental Science and Management – SESAO) တို့ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးရေးဘာသာ၊ အင်ဂျင်နီယာ ဘာသာ၊ မွေးမြူရေးဘာသာ ဘယ်ဘာသာအဓိက (Major Subjects) ယူသည်ဖြစ်စေ မိမိနှင့်သက်ဆိုင်သည့် သာမန် ဘာသာ (Minor or Supporting Subjects) များ တွဲဖက် သင်ယူနိုင်ပါသည်။
ပူးပေါင်းလုပ်ဆောင်မှရပါမည်
ပြည်တွင်းမှ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့မပေးတော့သဖြင့် စက်မှုလယ်ယာဦးစီးဌာနတွင် ပညာရှင် အများစုမှာ B.E./M.E. (Mechanical Engineering) ဘွဲ့ရများသာ ဖြစ်နေကြပါသည်။ ယခုနောက်ပိုင်း တွင်မူ ပြည်ပနိုင်ငံများမှ စက်မှုလယ်ယာအထူးပြု ဘာသာဖြင့် သင်ကြားပြီးသူ မဟာဘွဲ့၊ ပါရဂူဘွဲ့ရ အနည်းငယ်ရှိသည် ဟူ၍ ကြားသိရပါသည်။ သို့သော် လက်ချိုးရေ၍ရပါသည်။ ဤနည်းပညာများတွင် အင်ဂျင်နီယာ၊ စိုက်ပျိုးရေးပညာရှင် တစ်ဦးချင်းအလိုက် ဆောင်ရွက်၍မရပါ။ ပူးပေါင်း လုပ်ဆောင်မှရပါမည်။ ကျွန်တော်တို့နိုင်ငံ၏ အဓိက ပြဿနာမှာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းနှင့် ပညာရှင်အချို့သည် တစ်ဦးပညာကို တစ်ဦးက မလေးစားကြခြင်းဖြစ်ပါသည်။
▲ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေး လိုအပ် ▲
တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများတွင် ဘာသာရပ် အလိုက် ရုံးခွဲများရှိသော်လည်း အခြားနိုင်ငံများကဲ့သို့ (One-stop Service) ပညာပေးနိုင်မှုနှင့် ထိရောက်မှု အားနည်းနေဆဲဟု ထင်မြင်မိပါသည်။ မကြာခင်က အစည်း အဝေးတစ်ခုတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆန်စပါးအရည်အသွေး ကောင်းရန်နှင့် နိုင်ငံခြားသို့ ရောင်းချရမှု ဆန်တစ်တန်ချင်း ဝင်ငွေကောင်းစေရန်အတွက် မြန်မာနိုင်ငံဆန်စက်များ အရည်အသွေး မြင့်မားကောင်းမွန်ပြီး ကျွမ်းကျင်သူများ မွေးထုတ်ပေး နိုင်ရေး လိုအပ်ပါသည်ဟူ၍ ပြောခဲ့ပါသည်။ ထိုဆန်စက်များ မှ အရည်အသွေး ကောင်းမွန်သောဆန်များ ကြိတ်ခွဲနိုင်ရေး၊ စနစ်တကျ သိုလှောင်၊ သိမ်းဆည်း၊ အခြောက်ခံရေး ရိတ်သိမ်းချိန်လွန်နည်းပညာ (Post-Harvest Technology) သည်လည်း စိုက်ပျိုးရေးအင်ဂျင်နီယာပညာ ဖြစ်ပါသည်။ မည်သည့် တက္ကသိုလ်ကမှ မြန်မာနိုင်ငံ ဆန်စက်များ အရည်အသွေးကောင်း ဆန်ထုတ်လုပ်ရေး သုတေသနပြု လုပ်နေသည်ကို မကြားမိသေးပါ။
ကျွန်တော့်ဆရာတစ်ဦး၏ သားတစ်ယောက်သည် ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေးအင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ယူ လာသည်ဟူ၍ ပြောပါသည်။ သူ၏ ပထမဘွဲ့မှာ သိပ္ပံ (ရူပဗေဒ) ဖြစ်ပါသည်။ ဘွဲ့လွန်သုတေသနမှာ ပန်းသီးများ ဈေးကွက် ရောင်းပန်းလှရန် အလင်းရောင်အမျိုးမျိုးသုံးပြီး ပြုပြင်ပေးခြင်း သုတေသနလုပ်ခဲ့ရသည်ဟူ၍ ပြောပါသည်။ ထိုပညာသည်လည်း စိုက်ပျိုးရေးအင်ဂျင်နီယာပညာပင် ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်ဆိုလျှင် ပထမဦးစွာ စိုက်ပျိုးရေးပညာဘွဲ့ (သို့မဟုတ်) အင်ဂျင်နီယာဘွဲ့ရ ပြီးခါ မှ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့လွန် ဆက်တက်နိုင်သည် ဟူ၍ ပြောကြလေမလားဟု ယူဆမိပါသည်။
▲ အကျိုးပြုပေးနိုင်ခြင်းသည်သာလျှင် အဓိကဖြစ် ▲
ဂျပန်အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သူတို့ လိုချင် သည့်ပန်းတိုင်နှင့် သူတို့နိုင်ငံတွင် ဖြစ်ပေါ်နေသော အရေးပေါ်ပြဿနာများကို တက္ကသိုလ်သုတေသနများ က ထဲထဲဝင်ဝင် အကျိုးပြုပေးနိုင်ခြင်းသည်သာလျှင် အဓိကဖြစ်ပါသည်။ မည်သည့်ဘွဲ့ ရရှိထားရမည်၊ မိမိတို့၏ လူမျိုးဖြစ်ရမည်၊ အမျိုးသားဖြစ်ရမည်၊ အမျိုးသမီး ဖြစ်ရမည် စသည်ဖြင့် ကန့်သတ်ချက်များစွာ မရှိကြချေ။
သို့ဖြစ်ပါ၍ ကိုဗစ်အလွန်ကာလတွင် စိုက်ပျိုးရေး အင်ဂျင်နီယာ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ အထူးပြု လေ့လာရေးကို နိုင်ငံတကာရှိ နာမည်ကြီးတက္ကသိုလ်များ၌ ဆရာ၊ ဆရာမများအား စေလွှတ်သင်ကြားပြီး မိမိနိုင်ငံ တက္ကသိုလ်များ၌ ပြန်လည်ပို့ချပေးနိုင်ပါက မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ် အရေးပါလှသော အသုံးချသိပ္ပံ (Applied Science) ဘာသာရပ်တစ်ခု ပေါ်ထွန်းလာရင်း တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပမာ အထောက်အကူပြုနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ။
ဒေါက်တာမျိုးကြွယ် (AUAA)
ကိုဗစ်- ၁၉ ဆောင်းပါး
​နေပြည်တော်
Myanmar web portal