စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်ချက် နှင့်အညီ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၅ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး အတွင်း ရှိ ဧရာဝတီမြစ်ရေဘေးကာကွယ်ရေးတာများဖြစ်သည့် ဓနုဖြူမြို့နယ်၊ မရမ်းချောင်းရွာ အနီးရှီ ဧရာဝတီဟင်္သာတကမ်းတာ တာမိုင် ၄၆/၂ – ၄၆/၄ အတွင်းဖြတ်တာ တည်ဆောက် ထားရှိမှု၊ ဇလွန်မြို့နယ် သဲကုန်း-ညောင်အိုင်ပန်းတာ၊ ဟင်္သာတမြို့နယ် ဧရာဝတီ-ဟင်္သာတ ကမ်းနားတာ တာမိုင် ၄/၆ – ၅/၂ အတွင်း ကမ်းပြိုကမ်းစားမှု၊ တာအခြေအနေများနှင့် ရေကင်း စခန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ညွှန်ကြားရေးမှူးချုပ် က ရေဘေးကာကွယ်ရေးတာများ ရေကင်းစခန်းများကို ကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများအားဆွေးနွေးမှာကြားရာ၌ ရေဘေးကာကွယ်ရေး တာများ၏ ကြံ့ခိုင်ရေးနှင့် ဘေးကင်းလုံခြုံမှု ရှိစေရန် ဆောင်ရွက်ရာ၌ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု စီမံချက် (EPP)ပါ လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျ လိုက်နာ ဆောင်ရွက်ရေး၊ တာနှင့် ဆက်စပ်နေသည့် ဒေသခံများကိုလည်း အသိပညာပေးခြင်း များကို ဆောင်ရွက်ပြီး ပူးပေါင်း ဆောင်ရွက်သည့် အလေ့အထ ဖြစ်ထွန်း စေရေး စည်းရုံး လုပ်ဆောင်သွားရန်၊ ရေကင်း စခန်းများတွင် အရေးပေါ် ကာကွယ်ရေး ပစ္စည်းများ ပြည့်စုံလုံလောက်စွာ စုဆောင်းထားပြီး အလေအလွင့်မရှိစေရန် တို့ကိုမှာကြားခဲ့သည်။
အလားတူ ရေဘေးကာကွယ်ရေးတာများ ဘေးကင်းလုံခြုံရေး ၂၄ နာရီ အချိန်ပြည့် ကင်းလှည့် စောင့်ကြည့်ရာတွင် အားဖြည့်ရန်အတွက် ကြိုတင်ခေါ်ယူထားသည့် မိုးလုပ်သားများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များ ပံ့ပိုးကူညီမှုများကို ညွှန်ကြားရေးမှူးချုပ် က စီမံဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။


