နယ်သတင်းများ

မြို့သစ်မြို့နယ် ၌  CERP အစီအစဉ်ဖြင့် စပါးမျိုးသန့်ထုတ် လုပ်ငန်း ဆောင်ရွက်

           Covid-19 ကပ်ရောဂါကြောင့် လယ်ယာကုန်ထုတ်လုပ်ငန်းများ အပေါ် ထိခိုက်မှုမရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရန် နှင့် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာ အသုံးပြုနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က  Covid-19 စီးပွားရေး ကုစားမှု (CERP) အစီအစဉ် ဖြင့် တစ်နိုင်ငံလုံး မိုးစပါး မျိုးစေ့ထုတ်ဧက(၁)သိန်း အပြည့်အဝ စိုက်ပျိုးရန် တိုင်းဒေသကြီး/ပြည်နယ်များ တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်တွင် မျိုးစေ့ထုတ်သမဝါယမအသင်းအဖွဲ့(၂)ဖွဲ့၊ မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများ စုစုပေါင်း တောင်သူ(၁၃၅)ဦး တို့နှင့်အတူ စပါး မျိုးစေ့ထုတ် စိုက်ဧရိယာ(၂၆၂)ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ၊ စပါးမျိုးစေ့ ထုတ် လုပ်မည့် အစီအစဉ်တွင် ပါဝင်သူများ အား တစ်ဧကလျှင် အပင်ပြုစုခြင်း လုပ်ခ(၇၅၀၀၀)ကျပ်၊ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ခ(၅၀၀၀၀)ကျပ်၊ မျိုးစေ့ သန့်စင်ခြင်း လုပ်ခ(၁၅၀၀၀)ကျပ်နှင့် ဧရာမင်း စပါးမျိုးကဲ့သို့ အရည်အသွေးကောင်းမျိုးဖြစ်ပါက မျိုးစေ့ဘိုး (၁၀၅၀၀)ကျပ် အပါအဝင် စုစုပေါင်း (၁၅၀၅၀၀) ကျပ်၊ မနောသုခ/ဆင်းသုခ/ရတနာတိုး စပါးမျိုးကဲ့သို့ အထွက်ကောင်း မျိုးဖြစ်ပါက မျိုးစေ့ဘိုး (၈၅၀၀)ကျပ် အပါအဝင် စုစုပေါင်း (၁၄၈၅၀၀)ကျပ်ကို ပြည်ထောင်စု ရန်ပုံငွေမှ ထောက်ပံ့ပေးပါကြောင်း ၊ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးသန့်မျိုးပွား မျိုးစေ့(RS) ရရှိစိုက်ပျိုးရေး၊ မျိုးစေ့ထုတ် စိုက်ကွင်းလုပ်ငန်းများ၊ မျိုးကွဲပယ်ခြင်းလုပ်ငန်းများ၊ မျိုးသန့် မျိုးစေ့ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ထွက်ရှိလာသည့်စပါးမျိုးများအား မျိုးစေ့ အရည်အသွေး စစ်ဆေး၍ မျိုးစေ့အဆင့်ထောက်ခံချက်ပေးခြင်း စသည့်လုပ်ငန်းအစဉ်အဆင့်ဆင့်တို့အား စိုက်ပျိုးပညာရှင်များ ဖွဲ့စည်းတာဝန်ယူ၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ၊ မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဇော်လင်း က ပြောသည်။မျိုးစေ့ ထုတ်လုပ်ငန်းနှင့်စပ်လျဉ်း၍ မျိုးစေ့ထုတ်လုပ်ငန်းအတွေ့အကြုံရှိသူ၊ ဌာနနှင့် မျိုးစေ့ထုတ် လုပ်ငန်းပူးပေါင်း ဆောင်ရွက်နေသည့် အကျိုးဆောင်တောင်သူများ၊ မျိုးစေ့ထုတ် သမဝါယမအသင်းအဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထုတ်ပြန်ထားရှိသည့် မျိုးစေ့ ထုတ် လုပ်ငန်းနည်းစနစ်များနှင့်အညီ လိုက်နာ ဆောင်ရွက်သည့် တောင်သူများအား ရွေးချယ် ဆောင်ရွက်လျက်ရှိပြီး၊ ထွက်ရှိလာသည့် မျိုးစေ့အရည်အသွေး ထောက်ခံချက်ရ စပါး မျိုးသန့်မျိုးစေ့များအား တောင်သူများစိတ်ကြိုက် ဆက်လက် ဖြန့်ဖြူးရောင်းချနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။