ဦးစီးဌာနသတင်းများ

မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ၌ Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ၌ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ရေထုတ်မြောင်း တူးဖော်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်နှင့် ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာကော်မတီ ဝင်များနှင့်အတူ ရွှေပန်းကျေးရွာ၌ Cash for Work စီမံကိန်းထောက်ပံရန်ပုံငွေဖြင့် ရေထုတ်မြောင်းတူးဖော်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးရွာသူကျေးရွာသားများ အနေဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် မိမိတို့ကိုယ်တိုင် တန်ဖိုးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းရာတွင် သိပ်သည်းမှုရရှိစေရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် စာရင်းစစ် စစ်ဆေးခံနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

အဆိုပါ ရွှေပန်းကျေးရွာ ရေထုတ်မြောင်း အလျား ၁၃၈၀ ပေ၊ အကျယ် ခုနစ်ပေ၊ အနက် သုံးပေ တူးဖော်ခြင်းနှင့် ကျေးရွာတွင်းလမ်း အရှည် ၂၁၀၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ကိုးလက်မထု ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ကာ COVID-19 ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက် ဆုံးရှုံးမှုများအား လျော့နည်းသက်သာစေရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရေး လုပ်အားခချက်ချင်းပေးချေသည့် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့သစ်မြို့နယ်အတွင်း Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ရွှေပန်းကျေးရွာအပါအဝင် အိုင်မဲ၊ အိုင်မ၊ ပုလင်းပြားကြီး၊ ပိတ်ချင်းစမ်း၊ အင်းရွာကြီး၊ ရွာသာရွာ၊ မြေပြင်သာ၊ မကြီးချို(မြောက်)၊ မကြီးချို(တောင်) စသည့် ကျေးရွာ(၁၀) ရွာတွင်လည်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Photo Credit: U Myo Aung