သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကျင်းပ

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ၏ (၁၇) ကြိမ်မြောက် အစည်းအဝေး ကို ဇူလိုင်လ(၂၄) ရက်နေ့ မွန်းလွဲ ၁ နာရီ က စိုက်ပျိုးရေးဦမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် ၄၃ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ဥက္ကဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယဥက္ကဌ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာနိုင်ကြည်ဝင်း နှင့် ကော်မတီ ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြပြီး ၊ မျိုးသစ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ၊ မျိုးစေ့လုပ်ငန်းလိုင်စင်၊ မျိုးစေ့ တင်သွင်း/ တင်ပို့ ထောက်ခံချက်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အသိအမှတ်ပြုလက်မှတ်ရရှိရန် တင်ပြလျှောက်ထားလာသည့် သီးနှံမျိုးသစ်များ၏ မျိုးစေ့ နမူနာ နှင့် အချက်အလက်များကို စိစစ်ဆွေးနွေးကြသည်။မျိုးသစ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ၊ မျိုးစေ့လုပ်ငန်းလိုင်စင်၊ မျိုးစေ့ တင်သွင်း/ တင်ပို့ ထောက်ခံချက်ပေးခြင်း လုပ်ငန်းများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ  ကမ္ဘာ့ကပ်ရောဂါ Covid-19 ဖြစ်ပွားနေသည့် ကာလအတွင်း နှောင့်နှေးကြန့်ကြာမှုမရှိစေရန် မြန်မာ့မျိုးစေ့ဆိုင်ရာ လမ်းညွှန် ဝက်ဘ်ဆိုဒ် (Myanmar Seed Information Portal) မှတဆင့် အချိန်နှင့် တပြေးညီ  ချိတ်ဆက် ဆောင်ရွက်ပေးခြင်း နှင့် မျိုးစေ့ဥပဒေဌာနစိတ်၏ ရုံးပိုင်းဆိုင်ရာ လုပ်ငန်း များ ပုံမှန်ဖွင့်လှစ်  ဆောင်ရွက်ပေးလျှက်ရှိသည်။

ယနေ့ကျင်းပပြုလုပ်သည့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ၏ (၁၇) ကြိမ်မြောက် အစည်းအဝေး တွင် မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန် စံထားမျိုးများနှင့် နှိုင်းယှဉ်၍ စမ်းသပ်စိုက်ပျိုး အဖြေရရှိပြီးသော သီးနှံ(၁၀) မျိုး၏ မျိုးကွဲ (၆၁)မျိုး၊ မှတ်တမ်းအချက် အလက် အပြည့်အစုံဖြင့် တင်ပြမည့်သီးနှံ(၂၇)မျိုး၏ မျိုးကွဲ(၈၃)မျိုး နှင့် မိဘမျိုးလိုင်း အစုံ(၅)စုံ တို့နှင့် စပ်လျဉ်း၍ စိစစ် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေးဆုံးဖြတ်လျက်များကို မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ က အတည်ပြုထောက်ခံထားသော မျိုးသစ်အသိအမှတ်ပြု လက်မှတ် ရရှိပြီးသည့် မျိုးများကိုသာ စီးပွားဖြစ်ထုတ်လုပ်၊ ဖြန့်ဖြူးခွင့်၊ တင်ပို့ခွင့်၊ တင်သွင်းခွင့်ပြုပေး နိုင်ရေးအတွက် ကုန်သွယ်ရေးဦးစီးဌာန ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သို့ ထောက်ခံချက်ထုတ်ပေးသွားမည်ဖြစ်သည်။၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ သီးနှံ(၆၀) မျိုး၏ မျိုးကွဲ (၉၆၉) မျိုးနှင့် မိဘမျိုးလိုင်း (၁၃၆) လိုင်း စုစုပေါင်း (၁၁၀၅ ) မျိုး ကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။