နိုင်ငံတော်အဆင့်သတင်း

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ  နှီးနှောဖလှယ်ဆွေးနွေးပွဲ (Sugar Forum- 2019)ဖွင့်ပွဲအခမ်အနားသို့ တက်ရောက် အမှာစကားပြောကြား


မြန်မာ့ကြံသကြားဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ (Sugar Forum-2019) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။


ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ သကြားစက်လုပ်ငန်းကုမ္ပဏီ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ ပြည်တွင်းသကြား လုပ်ငန်းရှင်များ၊ ကြံစိုက် တောင်သူ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်အနေဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ရပ်ကို ချမှတ် ဆောင်ရွက်ခဲ့ရာ ဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာ ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီ သည့် စီးပွားရေးပုံစံဖေါ်ဆောင်မည့်မူကို ချမှတ်ခဲ့ ပါကြောင်း။

ကြံသီးနှံသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စီးပွားဖြစ်စိုက်ပျိုးသည့် အရေးကြီးစက်မှု ကုန်ကြမ်းသီးနှံတစ်ခုဖြစ်ပါကြောင်း၊ ကြံသီးနှံအပြင် မုန်လာဥနီ၊ ပလောပီနံစသည့် ကုန်ကြမ်း သီးနှံ များစွာမှ သကြားထုတ်လုပ်နိုင်သော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကြံ သီးနှံကိုပဲ သကြားထုတ်လုပ်ရေး၏ ဦးစားပေး ကုန်ကြမ်း သီးနှံ တစ်ခုအဖြစ် စိုက်ပျိုးကြပြီး ပြည်တွင်း စားသုံးမှုအတွက်သာမက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချရန် အတွက်ပါ ကြံသကြားထုတ်လုပ် နေကြခြင်း ဖြစ်ပါကြောင်း။
မြန်မာ့ သကြား စက်မှုလုပ်ငန်းသည် ပြည်တွင်းစားသုံးမှု၊ သကြားကုန်ကြမ်း အခြေခံ စားသောက် ကုန်လုပ်ငန်းများနှင့် သကြားပို့ကုန်တို့အတွက် အရေးပါသည့် စိုက်ပျိုးရေး အခြေပြုစက်မှုလုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ ကြံသီးနှံသည် ဘက်စုံသုံး စက်မှု ကုန်ကြမ်း သီးနှံဖြစ်ပြီး အဓိကထွက်ကုန် သကြား အပြင် ဘေးထွက်ပစ္စည်းများဖြစ်သည့် တင်လဲရည်၊ ကြံမြှုပ်ချေး၊ ကြံကြိတ်ဖတ်နှင့် ကြံစိုက်ကွင်းထဲက ခုတ်သိမ်းပြီး ကြံသီးနှံ အကြွင်း အကျန်များ ကလည်း အရက်၊ ဇီဝလောင်စာဆီ၊ သဘာဝမြေသြဇာ၊ စက္ကူ၊ ဘုတ်ပြား၊ အသုံးအဆောင်ပစ္စည်းများ၊ အဆောက်အဦပစ္စည်းများ စသည်တို့ကိုထုတ်လုပ်သုံးစွဲ နိုင်သည့်အတွက် စနစ်တကျ စီမံဆောင်ရွက်နိုင်ပါက နိုင်ငံတော်၏ စီးပွားရေး တိုးတက် ဖွံ့ဖြိုးရေးတွင် အရေးကြီးသည့် အထောက်အပံ့ ဖြစ်လာမည် ဖြစ်ပါကြောင်း။
နိုင်ငံတစ်ဝန်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း တိုးတက် ပြောင်းလဲ လာသည်နှင့်အမျှ သကြားအခြေခံ စားသောက်ကုန်များဖြစ်သည့် အချိုရည်၊ ကော်ဖီမစ်၊ တီးမစ်၊ ကိတ်မုန့်၊ သစ်သီးယို၊ နို့ထွက်ပစ္စည်းများ စားသုံးမှုနှုန်းသည်လည်း မြင့်မားလာခဲ့ပါကြောင်း၊ ထို့ကြောင့် သကြားအခြေခံစားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းအရေအတွက်များ များပြားလာ သကဲ့သို့ ထုတ်ကုန်အမျိုးအစားနှင့် အရည်အသွေး လည်း တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း။
ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိလာခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်း မွန်လာသည်နှင့်အမျှ ကျေးလက်ဒေသများ၏ စားသောက်ကုန် လုပ်ငန်းများ သည် အိမ်တွင်းအသေး စားလုပ်ငန်းလေးများမှတစ်ဆင့် စီးပွားဖြစ်စားသောက်ကုန် ထုတ်လုပ်ရေး အဆင့်ကို ပြောင်းလဲလာ နိုင်ပါကြောင်း၊ ထို့ကြောင့် ယခုကာလကို လယ်ယာ စီးပွားရေး ဖွံ့ဖြိုးမှု (Agribusiness Development) အဆင့်ကို တိုးတက်ပြောင်းလဲရန် အရှိန်ယူနေသည့် ကာလဟု ပြောရမည်ဖြစ်ပါကြောင်း။
မြန်မာ့သကြား စက်မှုလုပ်ငန်းအနေဖြင့် ပြည်တွင်းစားသောက်ကုန်လုပ်ငန်း၏ လိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရန် ကြံတိုးချဲ့စိုက်ပျိုးရေးနှင့် မိမိတို့စက်ရုံများက အရည်အသွေးမီ သကြားများ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဘေးထွက်ပစ္စည်းများကို တန်ဖိုးမြင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ်နိုင် ရေးကိုလည်း စီမံဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပိုလျှံသကြားများ ကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ရန် ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိရန် လည်း ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း။


ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရေးတွင် ကြံစိုက်တောင်သူများ၏ အကျိုးစီးပွား ကို မြှင့်တင်ပေးနိုင်ရန်သည် အဓိကကျပါကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့် မြှင့်တင်ဆောင်ရွက်နေသည့် ပညာရှင်များအနေဖြင့် စိုက်ပျိုးနည်းပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့် များ လက်လှမ်းမီရရှိ စိုက်ပျိုးနိုင်ရေးအပြင် ကြံစိုက်တောင်သူနှင့် သကြားစက်ရုံကြား ကြံသီးနှံ ကန်ထရိုက် စိုက်ပျိုးစနစ်တစ်ခုကို တည်ထောင်ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ပြီး အပေးအယူ မျှတကောင်းမွန်ရန်၊ အဆင်ပြေချောမွေ့စေရန်အတွက် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း။
ထို့ပြင် မြန်မာ့သကြားစက်မှုလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ကြံစိုက်ပျိုးသူ၊ သကြားထုတ်လုပ်သူ၊ သကြားအခြေခံစက်မှုလုပ်ငန်းများ၊ ရောင်းဝယ်ဖောက်ကားသူများ၊ စားသုံးသူ များစသည်ဖြင့် ပါဝင်ပတ်သက်နေသူအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် အထူးအရေးကြီးပါကြောင်း။
Supply Chain တစ်လျှောက် တစ်နေရာရာတွင် ဟန်ချက်ပျက်ပြားသွားမည်ဆိုပါက နောက် ဆုံးခံစားရသူများသည် အခြေခံအဆင့်ဖြစ်သည့် တောင်သူများပင်ဖြစ်ပါကြောင်း၊ ထိုသို့မဖြစ်ရန် အတွက် “တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွား မြှင့်တင်ရေးဥပဒေ”နှင့် အညီ ထိန်းကြောင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် ယနေ့ကျင်းပသည့် Sugar Forum တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ရလာဒ်ကောင်းများဖေါ်ထုတ်၍ ရေတိုရေရှည် ဆောင်ရွက် ရမည့် လုပ်ငန်း စဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာကဏ္ဍ အသီးသီးရှိ ဝန်ကြီးဌာနများကလည်း လိုအပ်သည့် မူဝါဒပိုင်းဆိုင်ရာများ ကူညီပံ့ပိုးပေးရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် လာစေရန် မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် တောင်သူပညာပေး စံနမူနာပြ စိုက်ကွင်းများ ထူထောင် ပြသခြင်း၊ တောင်သူပညာပေးလုပ်ငန်းများ၊ ကွင်းသရုပ်ပြပွဲများ၊ စံပြကွက်များ၊ စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းတို့တွင် တောင်သူများကိုယ်တိုင်ပါဝင်ပြီး စိုက်ပျိုးပညာရှင်များနှင့် ပူးပေါင်း၍ မိမိ ဒေသနှင့်ကိုက်ညီသည့် မျိုး၊ စိုက်စနစ် စသည်တို့ကို ရွေးချယ်ဆောင်ရွက်နေမှုအခြေအနေ ၊ တောင်သူ များ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမို ရစေရန် အထွက်ကောင်းမျိုးများကို ၆၀ ရာခိုင်နှုန်းခန့် ပြောင်းလဲ ပေးခဲ့မှုအခြေအနေ ၊ စဉ်ဆက် မပြတ် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် သုတေသနခြံများတွင် မျိုးစပ် ရွေးချယ်ခြင်း လုပ်ငန်းများ အပြင် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်သျှူး ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း၊ ဇီဝနည်းပညာဓါတ်ခွဲခန်း ထူထောင်ခြင်း တို့အပြင် apply ဖြစ်စေမည့် သုတေသနစမ်းသပ်ချက်များကိုလည်း ဆောင်ရွက်နေမှု အခြေအနေ တို့အား ရှင်းလင်းပြောကြားသည်။


ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ကြံသကြား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ချမှတ်သင့်သည့် မူဝါဒများကို လည်းကောင်း၊ မြန်မာနိုင်ငံ သကြား နှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုးလင်း က အသင်း၏ ဦးတည်ချက်နှင့် ကြံ သကြားကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၏ အခက်အခဲများ ကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြန်မာ့ကြံသီးနှံ စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ကြံသကြား ကဏ္ဍအရေးပါပုံ Video Clip ကိုပြသ၍ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။


ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဝင်များ၊အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌတို့နှင့် လည်းကောင်း၊

မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ NGO အဖွဲ့ အစည်း များမှ တာဝန်ရှိသူများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့်လည်းကောင်း၊

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ဟိုတယ် အတွင်း ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ Kubota Myanmar ၊ Delicious Foods Limited ၊ Super Coffee Mix ၊ Great Wall- Wilmar စသည့် ကုမ္ပဏီများ၏ သကြားနှင့် သကြား အခြေခံ စားသောက်ကုန်စ္စည်းနှင့် လယ်ယာသုံး စက်ပစ္စည်းကိရိယာပြခန်းများအား လှည့်လည် ကြည့်ရှု လေ့လာကြသည်။


ယင်းနောက် မြန်မာ့ကြံသကြားဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကြံသကြားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထွက်တိုးနည်းပညာများ ဖော်ထုတ် အသုံး ပြုခြင်း၊

ကြံသကြားလုပ်ငန်းတွင် ကန်ထရိုက် လယ်ယာစနစ်အပေါ် လွှမ်းမိုး သော အချက်များနှင့် ကြံတောင်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ဆန်းစစ် သုံးသပ်ခြင်း၊

ကြံစိုက်ပျိုးထုတ်လုပ်မှု စာရင်း အင်း ကိန်းဂဏန်း ကောက်ယူ စိစစ် ထုတ်ပြန်မှု လုပ်ငန်းများနှင့် ကြံကြိတ်ဝါးထုတ်လုပ်မှု ကိန်းဂဏန်း များအပေါ် ဆန်းစစ် သုံးသပ်ခြင်း၊

မြန််မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်သို့ G to G နှင့် B to B စနစ်ဖြင့် သကြား ရောင်းချရန် အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ သကြား တိုက်ရိုက် စားသုံးမှု နှင့် သကြားအခြေခံစားသောက်ကုန်လုပ်ငန်းများ၏ သကြား အသုံးပြုမှု ကို စစ်တမ်း ကောက်ယူဆန်းစစ်ခြင်းနှင့် မြန်မာနိုင်ငံတွင် ဇီဝအီသနော ထုတ်လုပ် ရောင်းချရေး အခွင့်အလမ်း များစသည့် စာတမ်းများကိုဖတ်ကြားခြင်း၊

စာတမ်းများအပေါ် တက်ရောက် လာသူများက အကြံပြုသုံး သပ်ခြင်း၊ မြန်မာ့ကြံသကြား ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာကို ရှင်းလင်းခြင်းနှင့် ဆွေးနွေးခြင်း တို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။