ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံခြားချေးငွေစီမံကိန်းများ ဆိုင်ရာ ဦးဆောင်ကော်မတီ ၏ ၃/၂၀၁၉ အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေစီမံကိန်းများ ဆိုင်ရာ ဦးဆောင်ကော်မတီ ၏ ၃/၂၀၁၉ အစည်းအဝေးကို စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စီမံကိန်းတာဝန်ခံများ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြား ရာ၌ ချေးငွေစီမံကိန်းများ နှင့် အထောက် အပံ့ စီမံကိန်းများကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် နှင့် လုပ်ငန်းစီမံကိန်းများ ရွေးချယ်ရာတွင် စီမံကိန်း မစတင်မီ  ကြိုတင် စမ်းစစ်လေ့လာသုံးသပ်မှုအား စီမံကိန်းစက်ဝန်းတခုလုံးကို ထည့်သွင်း စဉ်းစားရန် လိုအပ် ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး နှင့် ပေးချေရသည့် တန်ဖိုးနှင့် ညီမျှသည့် ရလာဒ် ရရှိရေးသည် အရေးကြီးသည့် အချက် တစ်ခုဖြစ်ကြောင်း၊

       လျာထားချက်အတိုင်း မသုံးစွဲနိုင်ခြင်း၊ ရန်ပုံငွေပြန်အပ်ရခြင်း၊ ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်းတို့က နိုင်ငံတော် ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို နှောင့်နှေး ကြန့်ကြာ စေသည့်အပြင် ကုန်ကျစရိတ်ကို တိုးမြင့်စေခြင်းစသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်ကို အထူးသတိပြု ကြရမှာဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာဌာန အကြီးအကဲများ၊ တာဝန်ရှိသူများ၊ စီမံကိန်းဒါရိုက်တာများ က အထူး ကြပ်မတ်​ ဂရုစိုက်ဆောင်ရွက်ပေးကြရန်နှင့် ဌာနအချင်းချင်း အလေးထား ပူးပေါင်းဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဦးစီးဌာန အသီးသီးတို့မှ ညွှန်ကြားရေးမှူးချုပ်များ က ဌာနအလိုက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းဆိုင်ရာများအား တင်ပြကြရာ ဦးဆောင်ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး  နှင့် ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး တို့က ဖြည့်စွက် ဆွေးနွေး မှာကြားကြသည်။

       လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းများကို နိုင်ငံတော်ရန်ပုံငွေ ဖြင့် သာမက နိုင်ငံခြား အကူအညီ အထောက်အပံ့ ၊ ချေးငွေများဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅-၂၀၁၆ ခုနှစ် မှ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်အထိ လယ်ယာကဏ္ဍ ဆိုင်ရာ ချေးငွေစီမံကိန်း (၂၀) ခု အနက် ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်း (၁၈) ခု ရှိပြီး အထောက်အပံ့ စီမံကိန်း (၂၆၄) ခု အနက် ဆောင်ရွက်ဆဲ (၁၃၂) ခု ရှိကြောင်း သိရှိရသည်။