ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အသက်မွေးပညာသင်တန်းကျောင်းများနည်းပညာအဆင့်မြှင့်တင်ရေး နှင့် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်

အသက်မွေးပညာသင်တန်းကျောင်းများအနေဖြင့် မိမိတို့သင်တန်းသား တဦးချင်းစီ ၏ အသက်မွေးဝမ်းကျောင်း ပညာကျွမ်းကျင်တတ်မြောက်မှု နှင့် ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့် ပေးနိုင်ရေးအတွက် မျှော်မှန်း ဆောင်ရွက်ကြစေလိုကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့လယ်ပိုင်း က ပခုက္ကူမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း သို့ ရောက်ရှိ စဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က တာဝန်ရှိသူများအား ဆွေးနွေး ပြောကြားသည်။

သင်တန်းကျောင်း ရှင်းလင်းဆောင်တွင် သင်တန်းကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည် က ဘဏ္ဍာနှစ်အလိုက် အသက်မွေးပညာသင်တန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းဆိုင်ရာများကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြရာ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာတွင် မိမိတို့ သင်တန်းကျောင်းများသည် လူ့စွမ်းအားအရင်းအမြစ်ကို တန်ဖိုးရှိစွာအသုံးချနိုင်ရေး လေ့ကျင့် ဖော်ထုတ်ပေးသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် နည်းပညာများ ပို့ချပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ မိမိတို့ရိုးရာ ယဉ်ကျေးမှုဖြစ်သည့် မိရိုးဖလာ လက်မှုပညာ ထိန်းသိမ်းနိုင်မှု နှင့်အတူ တပိုင်တနိုင်မှ စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် လက်မှုပညာ၏ အားသာချက်များ အပေါ် အသုံးချပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ် ပေးနိုင်ရေး၊ တန်ဖိုးမြင့် လက်မှုပညာ ထုတ်ကုန် အဖြစ် ပြည်ပစျေးကွက်အထိ ထိုးဖောက်နိုင်ရေး၊ တို့အတွက် နည်းပညာအဆင့်မြှင့်တင်ရေး နှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းခန်းမဆောင်အတွင်း ခင်းကျင်းပြသ ထားသည့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းဆင်း သင်တန်းသူ သင်တန်းသားများ၏ လက်တွေ့ လေ့ကျင့်ထုတ်လုပ်ထားသော ချည်ထည် ယွန်းထည် နှင့် လက်မှုပညာထုတ်ကုန် ပစ္စည်းများ ၊ သင်တန်းသူ သင်တန်းသားများ၏ ရက်ကန်းလုပ်ငန်း လက်တွေ့လုပ်ကိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် တောင်သူ လယ်သမား ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ ထောင့်စုံမှ ကြိုးပမ်းအားထုတ် လျက်ရှိသကဲ့သို့ အခြားတဘက်တွင်လည်း နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်း ကျော် မီတင်းနေထိုင်ရာ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးတက်ရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးရေး အတွက် စိုက်ပျိုး မွေးမြူရေးကိုအခြေခံသော တပိုင်တနိုင်ဝင်ငွေရ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ လက်မှုပညာအခြေခံ အသေးစား ကုန်ထုတ် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး တို့အတွက် သင်တန်းကျောင်းများ မှ သင်တန်းများ ခေါ်ယူ ပို့ချပေးလျက်ရှိသည့်နည်းတူ ဒေသအရောက် နည်းပညာပေး သင်တန်းများ ကိုလည်း ဆက်စပ်ဌာနများ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အောက်ရှိ ယွန်းပညာကောလိပ် ၁ ကျောင်း နှင့် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်း ကျောင်း (၁၃)ကျောင်းတို့မှ လက်တွေ့လုပ်ကိုင်အသက်မွေးနိုင်သည့် နည်းပညာ များ ကို ပို့ချပေးလျက် ရှိသည်။

ပခုက္ကူ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ဝါးလက်မှုထည်သင်တန်း၊ စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း၊ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၊ သဘာဝဆိုးဆေးနှင့် ဓါတုဆိုးဆေးသင်တန်း စသည့် နည်းပညာသင်တန်းများ ကို သင်တန်း(၁၁)ကြိမ်ဖြင့် သင်တန်းသား သင်တန်းသူ ၂၂၈ ဦးတို့အား သင်ကြားပေးနိုင်ခဲ့သည်။

တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် အဆိုပါ သင်တန်း ကျောင်းများ တွင် တက်ရောက်လေ့လာသင်ယူလိုသူ သင်တန်းသားများအား သတင်းစာ များမှ ခေါ်ယူပေးခြင်း၊ သင်တန်းသားတစ်ဦးလျင် တစ်လ ၃၀၀၀၀ ကျပ် ထောက်ပံ့ပေးခြင်း၊ သင်တန်းကာလအတွင်း နေထိုင်ရန် အဆောင်စရိတ် အခမဲ့ နေထိုင်ခွင့်တို့ကို စီစဉ် ဆောင်ရွက်ပေးပြီး အလုပ်အကိုင်အခွင့် အလမ်းရရှိရေး၊ အသက်မွေးဝမ်းကျောင်း တတ်မြောက်မှုနှင့် ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ပေးနိုင်ရေးတို့အတွက် သင်ကြား လေ့ကျင့် ပေးလျက်ရှိသည်။