ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ကျေးလက်နေပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေပေးမည့် Cash for Work စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အကောင်အထည်ဖော်ရန် စီစဉ်လျက် ရှိသည်။ Cash for Work စီမံကိန်းသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ လျော့ပါးသက်သာစေရန် အဓိက ရည်ရွယ်လုပ်ဆောင်သွားမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
“အဓိကကတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နေ့စဉ်လက်လုပ်လက်စား အဖြစ် ရပ်တည် နေရတဲ့ ကျေးလက်ဒေသနေပြည်သူတွေ အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ အခြေခံအဆောက်အအုံတွေဖွံ့ဖြိုးဖို့ အထောက် အကူ ဖြစ်စေချင်တယ်။ ဒါကြောင့် ကျေးရွာရဲ့ လိုအပ်ချက်အရ ဆောင်ရွက် သင့်တဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်နေပြည်သူတွေကိုယ်တိုင် ပါဝင်ဆောင်ရွက် ခြင်းဖြင့် မိသားစုဝင်ငွေရရှိစေပြီး ကျေးရွာ ရဲ့ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးလာစေဖို့ အတွက် Cash for Work စီမံကိန်းကို ကျွန်တော် တို့ ဦးစီးဌာန အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောကြားသည်။
စီမံကိန်းလုပ်ငန်းများ စမ်းသပ်
အဆိုပါစီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ကျေးရွာပေါင်း ၃၅၀၀ တွင် အကောင် အထည် ဖော် သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရပြီး ကျေးရွာပေါင်း ၃၅၀၀ တွင် အကောင်အထည်မဖော်မီ လုပ်ငန်းများ ၏ အားသာချက်၊ အားနည်းချက်များကို သိရှိနိုင်ရန်အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ခုစီမှ ကျေးရွာ တစ်ရွာစီတွင် ရှေ့ပြေး စီမံချက်အဖြစ် စီမံကိန်းလုပ်ငန်းများ စမ်းသပ်အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။
ကိုဗစ်-၁၉ ကြောင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ကုစားနိုင်ရန် အတွက် နိုင်ငံတော် မှ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၇ ရက်က Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (Covid-19 Economic Relief Plan-CERP) ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဆိုပါ စီမံချက်၏ Action 2.1.7 (d) အရ ကျေးလက်ဒေသများတွင် ကုန်ထုတ်လုပ်မှုနှင့် ကျေးရွာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအထောက်အကူပြု Cash for Work စီမံကိန်း ကို ဆောင်ရွက်ခြင်းဖြစ်သည်။
“စီမံကိန်းကို ဇူလိုင်ကနေစပြီး ဆောင်ရွက်ဖို့ စီမံ လျာထားတယ်။ စီမံကိန်းကာလက သုံးလကနေ လေးလ လောက်အထိ ကြာမှာဖြစ်ပါတယ်။ ဒီကာလအတော အတွင်း ပြီးစီးနိုင်တဲ့ ရေတို ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပဲ ရွေးချယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ အထူးသဖြင့် စီမံကိန်း ကျေးရွာတွေက လက်လုပ်လက်စားပြည်သူတွေ အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိဖို့ပါ။ ဒါကြောင့် ရွေးချယ် တဲ့အခါမှာလည်း ကျေးလက်က ထိခိုက်လွယ် ပြည်သူတွေ ကိုပဲ အဓိက ရွေးချယ်မှာပါ။ လုပ်အားခကို အစိုးရက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခနဲ့ အခြေခံ တွက်ချက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေသ လိုအပ်ချက်အရ ဒေသပေါက်ဈေးနှုန်းနဲ့အညီ တိုးပေး ရမယ့် နေရာတွေ လည်း ရှိပါတယ်။ ဒါကြောင့် အနိမ့်ဆုံး လုပ်အားခ ၄၈၀၀ နဲ့ ၆၀၀၀ ကြားလို့ သတ်မှတ် ထား ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
သုံးလအတွင်းပြီးနိုင်သော လုပ်ငန်းများရွေးချယ်
ကျေးရွာတွင်း ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေဆိုးရေညစ်များ သန့်စင်ရှင်းလင်းခြင်း၊ ကျေးရွာတွင်း လမ်းခင်းခြင်း၊ တံတားပြုပြင်ခြင်း၊ မြေပြိုဖယ်ရှားခြင်း လုပ်ငန်းများ၊ ရေကန်များ ခြံစည်းရိုးကာရံပြုပြင်ခြင်း၊ ရေတွင်းရေကန်များ တူးဖော် ပြုပြင်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ဆိပ်ခံတံတားများ တည်ဆောက်ပြုပြင် ခြင်း၊ အသေးစားတာတမံများနှင့် ရေသွင်းရေထုတ် မြောင်းများ တည်ဆောက်ပြုပြင်ခြင်း၊ မြေထိန်း နံရံများ ပြုပြင်ခြင်း၊ ရေကာတမံများပြုပြင်ခြင်း၊ ကျေးရွာပိုင် အားကစားကွင်း တည်ဆောက်ပြုပြင်ခြင်း၊ စာသင် ကျောင်းများ၊ ဆေးပေးခန်းများ၊ ကျေးရွာခန်းမများ၊ ကျေးရွာဈေးများ ပြုပြင်မွမ်းမံခြင်း၊ ရေဝင်ရေလွှဲနေရာ များနှင့် အများပြည်သူပိုင် နေရာများတွင် သစ်ပင်စိုက်ခြင်း စသည့်ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်ဒေသ ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်စေပြီး လုပ်အားခ ပြန်လည်ပေးချေ သွားမည်ဖြစ်ကာ ကျေးရွာဖွံ့ဖြိုးရေးအတွက် သုံးလ အတွင်း ပြီးစီး နိုင်သော လုပ်ငန်းများကိုသာ ဦးစားပေး ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆင်းရဲနွမ်းပါးပြီး အလုပ်လက်မဲ့၊ ကျပန်းအလုပ် သမားများနှင့် ထိခိုက်လွယ်အုပ်စု များသော ကျေးရွာများ၊ ကူးစက်ရောဂါ ဆိုးဝါးစွာ(သို့မဟုတ်) အတော်အသင့် သက်ရောက်မှု ရှိသော ကျေးရွာ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံ တည်ငြိမ် အေးချမ်းမှုရှိသော ကျေးရွာ၊ ကျေးရွာသူ၊ ကျေးရွာသားများက စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ကြွစွာ ဆောင်ရွက်လိုမှုရှိသည့် ကျေးရွာ၊ လူဦးရေစစ်တမ်းအပေါ် အခြေခံ၍ တွက်ချက်ထုတ်ပြန်ထားသော ဖွံ့ဖြိုးရေး လိုအပ်ချက် (Multi-Dimensional Index) များသော ကျေးရွာနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သော လုပ်သားများ ပြန်လည်ရောက်ရှိလာသူ ဦးရေများသော ကျေးရွာများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ် ကြောင်း သိရသည်။
စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် ဦးစီးဌာန နှင့်အတူ လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (Township Planning and Implementation Committee-TPIC) တို့ တိုင်ပင်ညှိနှိုင်း၍ သတ်မှတ် စံနှုန်း များနှင့်အညီ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာလူထုကိုယ်တိုင် ပါဝင်နိုင်
“ကျွန်တော်တို့ဦးစီးဌာနက တာဝန်ယူဆောင်ရွက် ပေမယ့် လွှတ်တော်ကိုယ်စားလှယ် တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ ကျေးရွာအဖွဲ့အစည်းတွေ အားလုံးနဲ့ပူးပေါင်းဆောင်ရွက် သွား မှာပါ။ လုပ်ငန်းဆောင်ရွက်ရာမှာ လိုက်နာရမယ့် အချက်အလက်တွေကိုလည်း သတ်မှတ် ပြီးသားပါ။ စည်းကမ်းချက်တွေ၊ စံသတ်မှတ် ချက်တွေများနေရင် ကျွန်တော်တို့ ရည်ရွယ်တဲ့ လက်လုပ် လက်စားပြည်သူတွေ ပါဝင်လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိနိုင်တဲ့ အတွက် သူတို့ပါဝင် ဆောင်ရွက်နိုင်မယ့် ကာလတို ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆိုရာမှာလည်း တည်ဆောက်ရေး လုပ်ငန်းကြီးတွေ မဟုတ်ဘဲ ကာလတို အတွင်းမှာ ဆောင်ရွက်ပြီးစီးနိုင်ပြီးတော့ နည်းပညာ ရှုပ်ထွေးခြင်းမရှိတဲ့၊ ကျေးရွာလူထုကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်က ပြောပြသည်။
စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာ အတွင်း ဖွဲ့စည်းထားရှိ သော ကျေးရွာဖွံ့ဖြိုးရေးကော်မတီများက အနီးကပ် ကြီးကြပ် ဆောင်ရွက် စေမည်ဖြစ်ကြောင်းလည်း သိရသည်။
သို့သော် Cash for Work စီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြစိမ်းရောင် စီမံကိန်းရရှိပြီးသော ကျေးရွာများ၊ လက်ရှိဘဏ္ဍာနှစ်တွင် VDP စီမံကိန်းရရှိပြီးသော ကျေးရွာများတွင် ဆောင်ရွက် သွားမည်မဟုတ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။ ထို့အတူ ဝန်ကြီးဌာနများမှ ဆောင်ရွက်မည့် လုပ်ငန်းများ နှင့် ထပ်မနေစေရေးအတွက်လည်း စိစစ်ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျေးရွာဖွံ့ဖြိုးရေးအတွက် လုပ်ငန်းဆောင်ရွက်ဖို့ တခြားဖွံ့ဖြိုးရေးစီမံကိန်းရထားပြီး ကျေးရွာတွေရှိတယ်။ လုပ်ငန်းအဆင်ပြေတဲ့ ရွာတွေလည်းရှိတယ်။ ဒါကြောင့် စီမံကိန်း ရရှိပြီး၊ အဆင်ပြေပြီး ရွာတွေကို ဦးစားပေး မသတ်မှတ်တော့ဘူး။ လယ်ပိုင်ယာပိုင်ရှိပြီး တတ်နိုင်တဲ့ သူတွေကို မစဉ်းစားပေးတော့ဘူး။ စီမံကိန်းကျေးရွာ ၃၅၀၀ ကို တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေကို ကမ္ဘာ့ဘဏ်ရန်ပုံငွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး စီမံကိန်းရွေးချယ်ဆောင်ရွက်မှုနဲ့ ပတ်သက်တာတွေကိုလည်း အသိပညာပေး လုပ်ငန်း တွေ လုပ်သွားမှာပါ” ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
အကြံပြုတိုင်ကြားနိုင်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် စီမံကိန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ လုပ်ငန်း များ အကောင်အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးနိုင်ရန်အတွက် အကြံပြု တိုင်ကြား နိုင်သည့် စနစ်ကိုလည်း ထည့်သွင်းဆောင်ရွက် သွားမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ သိရှိလိုသည်များ၊ အကြုံပြု တိုင်ကြား လိုသည်များ ရှိပါက ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် နှင့် မြို့နယ်အဆင့် ဆက်သွယ် နိုင်သည့် ဖုန်းနံပါတ်များကို စီမံကိန်းရွေးချယ် ဆောင်ရွက်မည့် ကျေးရွာများတွင် အသိပေး ကြေညာ ထားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမေးမြန်းသူ- မင်းမင်းဇော်၊ ဟန်နီဝင်း(သတင်းစဉ်)
၂၀၂၀ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။