မြန်မာဆေးမားအူးလ်SMU သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာဆယ်မားအူးအွန်ဒုန်စီမံကိန်း၏ စတုတ္ထနှစ် ဆောင်ရွက်ခဲ့မှုများအပေါ် အကဲဖြတ်သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေး ကျင်းပ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယား အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) တို့ ပူးပေါင်း ဆောင်ရွက်သော မြန်မာဆယ်မားအူးလ်အွန်ဒုန် စီမံကိန်း ၏ စတုတ္ထနှစ် ဆောင်ရွက်ခဲ့မှုများ အပေါ် အကဲဖြတ်သုံးသပ်ခြင်းဆိုင်ရာ အစည်း အဝေးကို ဇန်နဝရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏ သီရိမြို့နယ်၊ Hilton Hotel တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ စီမံကိန်းဒါရိုက်တာ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စီမံကိန်းမန်နေဂျာ Mr. Lee Seung Won ၊ စီမံကိန်း ကျွမ်းကျင်ပညာရှင် ဦးစိုးမြင့် နှင့် စီမံကိန်းဒေသများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အမြဲတမ်းအတွင်းဝန် က အဖွင့်အမှာစကားပြောကြားရာတွင် ကိုရီးယားမြန်မာ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ ခိုင်မြဲ သော ချစ်ကြည်ရင်းနှီးမှုများကို အခြေခံပြီး မြန်မာဆယ်မားအူးလ်အွန်ဒုန် စီမံကိန်းကျေးရွာ များထံသို့ နှစ်စဉ်မူလရန်ပုံငွေ အမေရိကန် ဒေါ်လာ(၂၀၀၀၀) စီ ညီမျှစွာ ထောက်ပံ့ပေးခဲ့ပြီး အကဲဖြတ်အမှတ်ပေးခြင်း အခမ်းအနား ကျင်းပကာ အကဲဖြတ် အမှတ်ပေးရလဒ် အပေါ် မူတည်ပြီး မူလရန်ပုံငွေအပြင် ဆုငွေများ ထပ်မံ ထောက်ပံ့ပေးခြင်းနှင့်အတူ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လာခဲ့ သည်မှာ ယခုဆိုလျှင် စတုတ္ထနှစ် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း။ အကဲဖြတ်အမှတ်ပေးရာတွင်လည်း အရေ အတွက်နှင့် အရည်အသွေး ပိုင်းဆိုင်ရာ အမှတ်ပေးခြင်းများ ပြုလုပ်ပြီး ထူးချွန်ကျေးရွာများ ကို ပိုမိုထောက်ပံ့ပေးသော စနစ်ဖြင့် ကျေးရွာသူ/သားများကို အပြုသဘောဆောင်သည့် ယှဉ်ပြိုင်ခြင်း စိတ်ဓာတ်များ ဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြိုးစားချင် လာအောင် လှုံ့ဆော်ပေး နိုင်ခဲ့ပါကြောင်း၊ ရှေ့ပြေးစံပြကျေးရွာပေါင်း (၁၁၀) ရှိ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာခြင်းသည် မြန်မာဆယ်မားအူးလ် အွန်ဒုန်စီမံကိန်း၏ အောင်မြင်မှု ရလဒ်အသီးအပွင့်များဖြစ်ပြီး နောင်တွင် တစ်နိုင်ငံလုံးရှိ ကျေးရွာများအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုစီမံကိန်းအား စံပြနမူနာထားကာ ရေရှည်တည်တံ့ ခိုင်မြဲရေး နှင့် အောင်မြင်မှုများကိုထိန်းသိမ်းသွားကြရ မည်ဖြစ်ကြောင်း၊ စီမံကိန်းကာလ တွင် စံပြကျေးရွာများ၏ ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုများ ရရှိရေး၊ ကျေးရွာသစ် လှုပ်ရှားမှုပုံစံများ ပြန့်ပွားရေးနှင့် စီမံကိန်းလွန် ကာလများတွင်လည်း လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာစကား ပြောကြားရာ၌ စီမံကိန်းတွင် အဓိက ဆောင်ရွက်ရမည့်  ပင်မလုပ်ငန်းတာဝန်ကြီး ()ရပ် ဖြစ်သော ပင်မစီမံချက် ရေးဆွဲခြင်း၊ AERDTC Training Center ဖွင့်လှစ်၍ ကျေးရွာသစ် လှုပ်ရှားမှု သင်တန်းများပို့ချခြင်း၊ SMU စံပြကျေးရွာများ ထူထောင်ခြင်း၊ စီမံကိန်းအကျိုး သက်ရောက်မှု အကဲဖြတ်ခြင်း ဆောင်ရွက်မှုများ ကိုလည်းကောင်း၊ စီမံကိန်းကျေးရွာ (၁၁၀) တွင် ကျေးရွာဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဝင်ငွေတိုးပွားရေးစသော ခေါင်းစဉ်များအလိုက် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကျေးရွာ များအပေါ် အကဲဖြတ်အမှတ်ပေးမည့် စနစ်နှင့် ထူးချွန်ကျေးရွာအလိုက် ဆုငွေပေးအပ်ခြင်း ဆိုင်ရာများကို လည်းကောင်း၊ စီမံကိန်းလွန် ကာလများတွင် ကျေးရွာတွင်ကျန်ရှိမည့် စီမံကိန်း ရန်ပုံငွေများကို မပျောက်မပျက် တိုးပွား အောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း မှာကြားသည်။

ထို့နောက် စီမံကိန်းမန်နေဂျာ Mr. Lee Seung Won က စီမံကိန်းကာ၏ စတုတ္ထနှစ် ရလဒ်များကိုလည်းကောင်း၊ စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က အကဲဖြတ် အမှတ်ပေးရာတွင် သတ်မှတ်ထားသော အချက်များအားနှင့် စီမံကိန်းလွန်ကာလ စီမံခန့်ခွဲမှု ဆိုင်ရာ အခြေခံအချက်များအား လည်းကောင်း၊ စီမံကိန်းကျွမ်းကျင်ပညာရှင် ဦးစိုးမြင့် က အရေအတွက်နှင့် အရည်အသွေးပိုင်းဆိုင်ရာ အမှတ်ပေးခြင်းနှင့် စီမံကိန်းလွန်ကာစီမံခန့်ခွဲမှု ဆိုင်ရာ လမ်းညွန်ချက်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြ သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန အကဲဖြတ် သုံးသပ်ရေးအဖွဲ့မှ စီမံကိန်း ကျေးရွာအလိုက် အကဲဖြတ်အမှတ်ပေးထားသည့် အချက် အလက်များအား ပြန်လည်စစ်ဆေးခြင်း လုပ်ငန်းများ၊ တိုင်း/ပြည်နယ်များမှ စီမံကိန်း ခေါင်းဆောင်များ၏ စီမံကိန်းကျေးရွာများ ရေရှည်တည်တံ့ရေးအတွက် အကြံပြုချက်များ ပေးခြင်း၊ စီမံကိန်း စတုတ္ထနှစ်အတွင်း ကျေးရွာများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ လူနေမှု ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးပွားရေးတို့အတွက် ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်နိုင်မှု အပေါ်မူတည်ပြီး အကဲဖြတ် သုံးသပ်ပြီး အမှတ်ပေးခြင်းများ၊ သိရှိလိုသည်များ မေးမြန်းခြင်းနှင့်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး  ကိုရီးယား အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ အထောက်အပံ့ဖြင့် မြန်မာ ဆယ်မားအူးလ်အွန်ဒုန် စီမံကိန်းကို ၂၀၁၄ ခုနှစ် မှ ၂၀၁၉ ခုနှစ် အထိ (၅)နှစ်တာ ကာလတွင် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ(၂၂)သန်းဖြင့် တိုင်းဒေသကြီး/ပြည်နယ် (၁၀)ခုရှိ ကျေးရွာ ပေါင်း (၁၁၀)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ ကုန်တွင် စီမံကိန်းပြီးဆုံးတော့မည်ဖြစ်၍ စီမံကိန်းကာလအတွေ့အကြုံများ၊ စီမံကိန်းကာလလွန်ဆောင်ရွက်ရန်များနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများသုံးသပ်ရန် ယနေ့အစည်းအဝေးကိုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။