ပြည်ထောင်စုအဆင့်သတင်း

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊  ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာတွင် လယ်ယာမြေကို အခြားနည်း အသုံးပြုဆောင်ရွက်ခြင်းကြောင့် နှင့် မြို့ရွာများ တိုးတက် ဖွံ့ဖြိုးလာမှု၊ စက်ရုံ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်မှုကြောင့် နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအား တိုးတက်မြင့်မားမှုများ ရှိလာသလို လျော့နည်းဆုံးရှုံးသွားသည့် လယ်ယာမြေများ အတွက် အစားထိုး ဖော်ထုတ် နိုင်‌ရေးအတွက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများမှ  စိုက်ပျိုးမှု တည်ငြိမ်မှု ရှိလာသော မြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခြင်းဆိုင်ရာများအား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သီးနှံ ပြောင်းလဲစိုက်ပျိုးခွင့် တင်ပြလာခြင်းများအား အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါး ဖူလုံမှုကို ထိခိုက်မှုမရှိလျှင် စိစစ်ပြီး ဥပဒေနှင့်အညီ ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီတွင် ဆွေးနွေးပြီးဖြစ်ရာ ယခင် လယ်ယာမြေဥပဒေ၏ ပြင်ဆင်ရန် လိုအပ်သော ပုဒ်မများကို ပြင်ဆင်နိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ်များအတွက် ကြန့်ကြာမှု မရှိစေဘဲ အထောက်အကူပြုနိုင်ရေးတို့အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေး များ မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက်တင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ အား ၂၀၁၂ခုနှစ် သြဂုတ်လတွင် ပြဌာန်း၍ စတင်ကျင့်သုံးပြီး ၂၀၁၃ခုနှစ်တွင် တောင်သူလယ်သမားများသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များ ထုတ်ပေးနိုင်ရေးအတွက် စီမံကိန်းစတင် အကောင် အထည်ဖော်စဉ်က ဧရိယာပေါင်း(၂၈၁၂၅၇၃၅)ဧက ဖြစ်ပြီး ဦးပိုင်ပေါင်းမှာ (၁၀၅၅၄၃၂၆) ခန့်မှန်းလျာထားခဲ့ကြောင်း၊ အဆိုပါလျာထားချက်အရ  ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ အထိ ပုံစံ(၇)ပေးအပ် နိုင်မှုမှာ (၂၅၄၅၁၅၀၈)ဧက ၊ ဦးပိုင်ပေါင်း(၉၉၁၆၇၆၂)ဖြစ်၍ (၉၃.၉၆%) ပေးအပ် နိုင်ခဲ့ကြောင်း၊ ယခုအခါလုပ်ငန်းများ အရှိန်အဟုန်ကောင်းစွာရရှိခဲ့ပြီး ပုံစံ(၇)ထုတ်ပေးရန် ကျန်ရှိနေသည့် ဧရိယာများကိုပြန်လည်သုံးသပ်ရာ၌ ၂၀၁၃ခုနှစ် စတင်လျာ ထားစဉ်က မြေပြင်၌ စိုက်ပျိုးလုပ်ကိုင်မှုရှိနေသော်လည်း တည်ဆဲဥပဒေများအရ ပုံစံ(၇)ထုတ်ပေး၍ မရနိုင်သော  သစ်တောမြေများ၊ စားကျက်မြေများ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ၊ အခြားမြေများနှင့် လုံခြုံရေးကန့်သတ်ချက်ရှိပြီး ယနေ့တိုင်သွားရောက် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့်မြေများပါရှိနေကြောင်း စိစစ် တွေ့ရှိရသဖြင့် အဆိုပါမြေများအား ဖယ်ထုတ်လိုက်ပါက လက်ရှိအနေအထားအရ ပုံစံ(၇) အမှန်ထုတ်ပေး နိုင်မည့် ဧရိယာမှာ (၂၅၈၄၃၇၄၈)ဧကသာဖြစ်ပြီး ဦးပိုင်ပေါင်း (၁၀၀၈၈၁၃၈)ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ယခုအခြေအနေ၌ တောင်သူလယ်သမား များသို့ ပုံစံ(၇)ထုတ်ပေးပြီးစီး သည့်အခြေအနေမှာ (၉၈.၃၀%)ခန့်ဖြစ်မည့် အခြေအနေ ဖြစ်ကြောင်း သတင်းရရှိသည်။