ဦးစီးဌာနသတင်းများ

တောင်သူအခြေပြု စျေးကွက်သတင်းအချက်အလက်စနစ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်

   တောင်သူအခြေပြု စျေးကွက်သတင်းအချက်အလက်စနစ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၀ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၄၃ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် နှင့် ဌာနခွဲညွှန်ကြားရေးမှူးများ ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ကြသည်။

ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ရေး၊ အရည်အသွေးမြင့်မားရေး စျေးကွက် ထိုးဖောက် နိုင်ရေး တို့ကို ကြိုးပမ်းဖော်ဆောင်ပေးနိုင်မှသာ တောင်သူများအတွက် ထိုက်သင့်သည့် အကျိုးအမြတ် နှင့် ဝင်ငွေတိုးပွားမှုကို သိသာစွာ ခံစားနိုင်ကြမည်ဖြစ်ရာ အကန့်အသတ် ရှိလာသော စျေးကွက်အခြေအနေနှင့် သတိထားသင့်သည့် စျေးကွက်ပုံစံ အခြေအနေများ၊ စျေးကွက်က သတ်မှတ်ထားသည့်စံချိန်စံညွှန်းအရည်အသွေးများ ကို တောင်သူများ သိရှိနားလည်ပြီး သီးနှံမျိုး နှင့် သွင်းအားစုများသုံးစွဲမှု အပေါ် လိုအပ်သည့် ဂရုပြုဆောင်ရွက်မှု နှင့် ခေတ်မီနည်းပညာများ လိုက်နာကျင့်သုံးလာရန်လိုအပ်လျက်ရှိသည်။

          ယင်းလိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးနိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန က မူဝါဒများ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ဌာနခွဲအသီးသီးတို့ကလည်း  သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းစီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သီးနှံအလိုက် သုံးစွဲသင့်သည့် သွင်းအားစုအမျိုးအစားများ၊ သီးနှံများ၏ တစ်ဧက ကုန်ကျစရိတ်အမှန်ပြုစုရရှိရန် နှင့် တိုင်းဒေသကြီး ပြည်နယ်များမှ ပေးပို့လာမည့် အချက်အလက်များကို စိစစ်ပြုစုရန်  ၊ ပြည်တွင်း ပြည်ပ သီးနှံစျေးနှုန်းများ ၊ လက်လီ / လက်ကားစျေးနှုန်းများ ပုံမှန်ရယူစုဆောင်း ကောက်နုတ်ပြုစုရန် စသည့် စျေးကွက်သတင်း အချက်အလက်စနစ် ဖော်ဆောင်ရန် ယနေ့သင်တန်းကို ကျင်းပရခြင်းဖြစ်ကြောင်း ၊ ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ခရိုင် အစီအစဉ်များဖြင့် သင်တန်းပေးခြင်း ၊ စဉ်ဆက်မပြတ်လေ့ကျင့်ပေးခြင်းများဆောင်ရွက်ပြီး ကွင်းဆင်းအဖွဲ့များဖြင့် အချက်အလက် ကောက်ယူစုဆောင်းခြင်းလုပ်ငန်းများ အပြင် ရေရှည်တွင် တောင်သူကိုယ်တိုင် တစ်ဧက ကုန်ကျ စရိတ် မှတ်တမ်းထားရှိနိုင်ရေး ကိုပါ ပညာပေးစည်းရုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။