ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၈) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ                 မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ပေးအပ်ခြင်းကြောင့် ဒေသခံတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ထိခိုက်မှု မရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ ထောက်ခံတင်ပြလာသော နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများ အနေဖြင့်လည်း လူမှုရေး ဆိုင်ရာ သက်ရောက်မှု (SIA) အပေါ် ထိခိုက်မှု မရှိစေရေးအတွက် သေချာစွာ စိစစ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဗဟိုကော်မတီအနေဖြင့် ပုဂ္ဂလိက နှင့် လူအများ အကျိုး၊ အများအကျိုး နှင့် နိုင်ငံတော်တစ်ခုလုံးအကျိုး ထည့်သွင်းစဉ်းစားပြီး တစ်ဦး တစ်ယောက်မျှ ထိခိုက်မှုမရှိစေရန် ထည့်သွင်းစဉ်းစားကြရန် လိုအပ်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက် နေ့လယ်ပိုင်းက  စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

                အစည်းအဝေးသို့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန်ခွဲရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ  ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက် ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဆွေးနွေး ဆုံးဖြတ်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက အကြောင်းအရာတစ်ခုချင်း အလိုက် သုံးသပ်ဆွေးနွေးကြသည်။                 အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ  က အမှာစကားပြောကြားရာ၌ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့် ရယူထားပြီး စည်းကမ်းချက်သတ်မှတ် ကာလ(၄)နှစ်ပြည့် မြောက်ပြီးချိန်အထိ မြေပြင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင် ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအ​ပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေး နိုင်ရေးလုပ်ငန်းများ ၊  မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့်ရသူများထံမှ မြေခွန်တော် ကြွေးကျန်များ ပြေကြေစွာကောက်ခံရရှိရန် လုပ်ငန်း များ ထိထိရောက်ရောက် ဆောင်ရွက်ရန် ဥပဒေပြဋ္ဌာန်းချက် အတိုင်း တိတိကျကျ ဆောင်ရွက်ရန် လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေးမှာကြားသည်။                     နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများ ၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအား မြေလွတ်၊မြေလပ် နှင့် မြေရိုင်းများကို အသုံးပြု၍ ထိရောက် မှန်ကန်စွာ အသုံးပြုလုပ်ကိုင်နိုင်ကြစေရန် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟို ကော်မတီ အဖွဲ့ က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စီမံ ဆောင်ရွက် လျက်ရှိသည်။                     ယခင် အစိုးရကာလ ဗဟိုအဖွဲ့က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုထားခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့်သဘောထားမှတ်ချက်၊ အထူးအဖွဲ့များ၏စစ်ဆေးတွေ့ရှိချက်များ အရ ယခင် ခွင့်ပြုဧရိယာ(၂၃၄၂၆၀၀)ဧကအနက် သတ်မှတ်ကာလအတွင်း လုပ်ငန်းဖော်ထုတ် လုပ်ကိုင်ခြင်း မရှိသည့် (၁၆၄၅၀)ဧက အား ပြန်လည်သိမ်းဆည်းရန် ယနေ့အစည်းအဝေး က ဆုံးဖြတ်ခဲ့သဖြင့် စည်းကမ်းချက်နှင့်ညီညွတ်မှုမရှိ၍ ပြန်လည် သိမ်းဆည်းခဲ့သည့်  မြေဧရိယာ စုစုပေါင်းမှာ (၁၅၆၇၆၁၉.၁၃)ဧက ရှိပြီဖြစ်သည်။ လုပ်ငန်းဖော်ထုတ် လုပ်ကိုင် လျက်ရှိသော ဧရိယာများအား ၂၀၁၂ ခုနှစ် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီ ယင်းဥပဒေ စတင်အသက် ဝင်သည့် နေ့မှစ၍ နောက်ကြောင်းပြန် ကောက်ခံသွားရန် မြေခွန်ကောက်ခံခြင်း နည်းဥပဒေ ၂ (ခ) အရ အထူးအဖွဲ့များ ဖွဲ့စည်း၍ မြေပြင်အမှန်စိုက် ဧကများ သိရှိရန် စိစစ်ဆောင်ရွက်ပြီး အမှန်စိုက်ဧကကို စည်းကြပ်ကောက်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည် ။