သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လယ်ဝေးမြို့နယ် တွင် မျိုးစေ့ထုတ်တောင်သူများအား မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်

              COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အစီအစဉ် အရ မျိုးစေ့ထုတ် တောင်သူများအား မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနား ကို ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ၊ လယ်ဝေးမြို့နယ် ၊ သစ်ဆိမ့်ပင်ကျေးရွာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဦး က စပါးမျိုးစေ့ထုတ်လုပ်ခြင်း နှင့် အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ မျိုးစေ့ အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းများ၊ စပါး မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ခြင်း နှင့် အရည် အသွေး ထိန်းသိမ်းရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ်၊ လုပ်ထုံးလုပ်နည်းများ ကို ရှင်းလင်း ပြောကြားသည်။                   ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် နှင့် တာဝန်ရှိသူများ က မျိုးသန့်မျိုးစေ့များပေးအပ်ကြရာ မျိုးစေ့ထုတ်တောင်သူများကလက်ခံရယူခဲ့ကြပြီး တောင်သူ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။              အခမ်းအနားအပြီးတွင် နေပြည်တော် ကောင်စီဝင် နှင့်အဖွဲ့သည် မျိုးစေ့ထုတ် စိုက်ကွင်းအတွင်း မျိုးကြဲ ပျိုးထောင်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြသည်။

COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အစီအစဉ် အရ ယနေ့ အခမ်းအနားတွင် နေပြည်တော် ဒက္ခိဏခရိုင် ၊ လယ်ဝေးမြို့နယ် ရှိ မျိုးစေ့ထုတ် ၁၃၁၁ ဧက အတွက် မျိုးစေ့များထောက်ပံ့ပေးခြင်းဖြစ်ပြီး ၊ နေပြည်တော် အတွင်းရှိ မျိုးစေ့ထုတ်စိုက်ဧက စုစုပေါင်း ၄၉၆၂ ဧက ကိုလည်း မျိုးစေ့များ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။              မိမိတို့ စိုက်ပျိုးသည့် စပါး၏ အရည်အသွေးကောင်းမွန်ရေး ၊ အထွက်နှုန်းကောင်းရေး နှင့် စျေးကောင်းရရှိရေးကို စပါးစိုက်တောင်သူတိုင်းက များစွာအားထား မျှော်လင့်ကြသည် ဖြစ်ရာ ယင်းမျှော်လင့်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဘက်စုံ ထောင့်စုံမှ ကြိုးပမ်းအားထုတ်လျက်ရှိပြီး မျိုးစေ့ကဏ္ဍအတွက် ဒေသ ရေမြေ ရာသီဥတုနှင့် သင့်တော်မည့် အရည်အသွေး ကောင်း၊ အထွက်ကောင်းမျိုးစေ့များကို ဌာနပိုင် မျိုးစေ့ခြံများက မိဘမျိုးစေ့ ၊ ဆင့်ပွားမျိုးစေ့များ ထုတ်လုပ်ပေးခြင်း ၊ ပုဂ္ဂလိကမျိုးစေ့ လုပ်ငန်းရှင်များ အကျိုးဆောင် တောင်သူများ မှတဆင့် မျိုးသန့်မျိုးစေ့ နှင့် စီပွားဖြစ်မျိုးသန့် မျိုးစေ့များ ထုတ်လုပ် ဖြန့်ဖြူးနို င်ရေးတို့အတွက် ပံ့ပိုးဆောင်ရွက် ပေးခြင်းတို့ဖြင့် တောင်သူ လယ်သမား များ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ကြရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာနှင့် အကူအညီများ လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနရုံးများ တွင် ဆက်သွယ်ဆောင်ရွက် နိုင်ကြသကဲ့သို့ စိုက်ပျိုးရေး Call Center 01 2399555 သို့ ဆက်သွယ်မေးမြန်းနိုင်ကြကြောင်း သတင်းရရှိသည်။