စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေး စနစ် ဖွံ့ဖြိုးရေးစီမံကိန်း-NFASP လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၄၃ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် ကမ္ဘာ့ဘဏ်မှ Ms. Mio, Team Leader ဦးဆောင်သည့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဦးစီးဌာနအသီးသီးမှ တက်ရောက်လာကြသော ညွှန်ကြားရေး မှူးချုပ်များ နှင့် တာဝန်ရှိသူများက စီမံကိန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အလေးထား ဆောင်ရွက် သင့်သည့်အချက်များ၊ ရည်ရှည်တည်တံ့ဖွံ့ဖြိုးရန်မျှော်မှန်းပြီး လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြပြီး ကမ္ဘာ့ဘဏ် Team Leader Ms. Mio က စီမံကိန်း စီမံခန့်ခွဲမှုလမ်းညွှန်- Project Implementation Manual (PIM) ရေးဆွဲရန် နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုမူဘောင် Environment and Social Management Framework (ESMF)အား ပြုစုရန်အတွက် ဆက်လက် ဆောင်ရွက် ရ မည့် အစီအစဉ်များအား တင်ပြ ဆွေးနွေးခဲ့ သည်။
အဆိုပါစီမံကိန်း အရ စိုက်ပျိုးထုတ်လုပ်မှုများ တိုးပွားလာစေရန်၊ သီးနှံအမယ်စုံ တိုးချဲ့ စိုက်ပျိုး လာနိုင်စေရန် ၊ ရွေးချယ်ထားသောတန်းဖိုးမြှင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အရည် အသွေး ပိုမိုကောင်းမွန်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများ တိုးမြှင့် လာနိုင်စေရန် ၊ လတ်တလော ဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကြောင့် စိုက်ပျိုးထုတ်လုပ်မှု အား ထိခိုက်လာမှုအပေါ် ထိရောက်စွာ အမြန် ပြန်လည်ကုစား နိုင်မည့် အစီအစဉ်အတွက် လုပ်ကွက်ငယ် တောင်သူများအား ကူညီပံ့ပိုးပေးရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များဖြင့် ပုဂ္ဂလိက ကဏ္ဍ နှင့် အစိုးရကဏ္ဍ ပူးပေါင်းမှု အားကောင်းစေရန် တို့ ကို ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။