စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် အတူ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်း ဥက္ကဌ ဦးခင်စိုး နှင့် အဖွဲ့အား နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးရေး၊ ပြည်တွင်း စားသုံးဆီ တိုးတက် ထုတ်လုပ်ရေးနှင့် စျေးကွက်အာမခံချက် ရရှိရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးနည်းပညာများ ဖြန့်ဖြူးပေးရန် နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို ဘက်စုံမှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စပါး၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများ အတွက် မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပေးခြင်း၊ မျိုးကောင်း မျိုးသန့် သုတေသနများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ အခြားတစ်ဘက်တွင်လည်း ပုဂ္ဂလိကမျိုးစေ့ ထုတ်လုပ် သူများကို အားပေး ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင် ရေး ကို အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ အရည်အသွေး မှန်ကန်မှုမရှိသော စားသုံးဆီများအား ထိန်းချုပ်နိုင်ရေး နှင့် စားသုံးဆီအရည်အသွေးမြှင့်တင်နိုင်ရေး အတွက် စားသုံးဆီမူဝါဒ တစ်ရပ် ချမှတ်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြေယာများ အသုံးပြုရာ တွင် သတ်မှတ် ပြဌာန်း ထားသော ဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း ၊ ကန်ထရိုက် လယ်ယာ စနစ် တွင် တောင်သူဘက်က လိုက်နာရန် (၉)ချက် ၊ ကန်ထရိုက် ပေးမည့် လုပ်ငန်းရှင် ဘက်က လိုက်နာရန် (၁၁)ချက် တို့ဖြင့် ယုံကြည်မှု တည်ဆောက် ဆောင်ရွက် နေကြခြင်း ဖြစ်သည့် အတွက် နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးပြုနိုင်ရေး ရှေ့ရှုဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းများ အတွက် ဌာနဆိုင်ရာဘက်က ပံ့ပိုးဆောင်ရွက်ရမည့် အချက်(၉)ချက် အရ ကန်ထရိုက် လယ်ယာစနစ် ဖွံ့ဖြိုးလာရေး ကို မိမိတို့ဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက် ပေးလျက် ရှိကြောင်းဖြင့် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။