မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သော မိုးကာအုပ် ရော်ဘာအစေးခြစ်ခြင်း သင်တန်းဆင်းပွဲနှင့် မိုးကာအုပ်အစေးခြစ်ခြင်းဆိုင်ရာ ပံ့ပိုးပစ္စည်းများနှင့် ရော်ဘာ ပျိုးပင်များနှင့် ကော်ဖီ မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် လ (၁၅) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ် ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်းကျေးရွာ တောင်သူ ဦးထွန်းနေဦး ၏ ရော်ဘာခြံတွင် ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်၊
ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး ၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းလားမြို့နယ်များမှ ရော်ဘာစိုက်တောင်သူ၊ သင်တန်းသား (၄၅) ဦး တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူး တို့က သင်တန်းသူ/သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ရော်ဘာစိုက် တောင်သူများအား မိုးကာအုပ်အစေးခြစ်ခြင်းဆိုင်ရာ ပံ့ပိုးပစ္စည်းများ၊ ရော်ဘာပျိုးပင်များ၊ ကော်ဖီပျိုးပင်နှင့် ကော်ဖီမျိုးစေ့များ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက်သင်တန်းသူ/ သင်တန်းသားများ၏ လက်တွေ့သရုပ်ပြ အစေးခြစ်ခြင်းစွမ်းရည်များကို အားပေးကြည့်ရှုပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် က ဆွေးနွေးမှာကြားရာတွင် မိမိတို့ တတ်မြောက်ထားသော ရော်ဘာသီးနှံနှင့် ပတ်သက်သည့် နည်းပညာများအား အခြားရော်ဘာစိုက် တောင်သူများသို့ ဝေမျှပေးကြစေလိုကြောင်း ၊ စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ကာ အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း၊ ရော်ဘာထွက်ပစ္စည်း အသေးစား စက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလာစေရန် မိမိတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယခု ကျင်းပပြုလုပ်သည့် မိုးကာအုပ်အစေးခြစ်ခြင်း နည်းပညာကြောင့် ရော်ဘာစိုက်တောင်သူများ မိုးတွင်းကာလတွင် အစေးခြစ်ရက်တိုးစေပြီး အပိုဝင်ငွေ ရရှိစေရေး၊ စနစ်တကျရော်ဘာ အစေးခြစ်ခြင်းနည်းပညာများ သိရှိလိုက်နာဆောင်ရွက်ရေး တို့ကို ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။