ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း မကွေးတိုင်းဒေသကြီး အတွင်း တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ ၊ စိုက်ပျိုးမြေဆီလွှာပြုန်းတီးမှု ကာကွယ်ထိန်းသိမ်းရေး နှင့် မိုးရေကို အကျိုးရှိစွာ အသုံးပြုရေးဆွေးနွေး
စိုက်ပျိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် မကွေးတိုင်း ဒေသကြီး ၊ ခရိုင် နှင့် မြို့နယ်အဆင့် စိုက်ပျိုးရေးတာဝန်ရှိသူများ နှင့်အတူ ဇူလိုင်လ ဒုတိယပတ် က မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ရှိ စိုက်ကွင်းများသို့ ရောက်ရှိပြီး တောင်သူ များ နှင့်တွေ့ဆုံကာ စိုက်ပျိုးမြေဆီလွှာ ပြုန်းတီးမှု ကာကွယ် ထိန်းသိမ်း ရေး ၊ မိုးကောင်းသောက် ယာမြေများတွင် မိုးရေကိုအကျိုးရှိစွာအသုံးပြုရေး၊ နှမ်း GAP စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းစဉ် ရည်ရွယ်ချက်များ ၊ CERP အစီအစဉ် အရ မျိုးစေ့ထုတ် လုပ်ငန်း ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။
အလားတူ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တာဝန်ရှိသူများသည် မင်းတုန်းမြို့ ၊ မြို့ဟောင်းကျေးရွာ သို့ရောက်ရှိကြပြီး မိုးနှမ်း GAP စံပြစိုက်ကွင်း တွင် ဒေသနေ တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အစားအစာဘေးကင်း လုံခြုံရေး၏ အရေးပါပုံများ၊ GAPထွက်ကုန်များ၏ စျေးကွက်အလားအလာ နှင့် တောင်သူ အစုအဖွဲ့အလိုက် အရည်အသွေးကောင်းသီးနှံများရွေးချယ်စိုက်ပျိုး၍ စျေးကွက် ထိုးဖောက် ဝင်ရောက်နိုင်မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကာ တောင်သူများ၏ လိုအပ်ချက် နှင့် ကြုံတွေ့နေရသည့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအား မေးမြန်း ဆွေးနွေးခဲ့သည်။
ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပပြုလုပ်သည့် သီးနှံမျိုးစေ့ နှင့် အခြား ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဆင်းရဲနွမ်းပါးမှုလျော့ချရန် အိမ်ခြံ၀င်းအတွင်း ဟင်းသီးဟင်းရွက် တပိုင်တနိုင်စိုက်ပျိုးခြင်းစီမံကိန်းအဖြစ် သီးနှံမျိုးစေ့နှင့် အခြားပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်း ၏ ရည်ရွယ်ချက်များကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ရှင်းလင်းပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က ကျေးဇူးတင်၀မ်းမြောက်စကားပြောကြားသည်။
ဆက်လက်၍ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး က သီးနှံစိုက်ပျိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
၎င်းနောက် သီးနှံမျိုးစေ့နှင့်အခြားပံ့ပိုးပစ္စည်းများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တို့က ပေးအပ်ရာ တောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ဆင်းရဲနွမ်းပါးမှုလျော့ချရန် မိသားစု အိမ်ခြံ၀င်း ဟင်းသီး ဟင်းရွက် တပိုင်တနိုင် စိုက်ပျိုးခြင်းစီမံကိန်းအဖြစ် မကွေးတိုင်း ဒေသကြီးတွင် တောင်တွင်းကြီးမြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်တို့ကို ရွေးချယ် ပေးအပ် ခြင်း ဖြစ်ပြီး တောင်တွင်းကြီး မြို့နယ် အနေဖြင့် သီလကျေးရွာကို ရွေးချယ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားတွင် ဟင်းသီး ဟင်းရွက် မျိုးစေ့(၁၉) မျိုး၊ စိုက်ပျိုးရေးသုံးကိရိယာများ၊ ပျိုးဗန်း၊ သင်တန်းလက်စွဲစာအုပ်၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများကို ပေးအပ်ခဲ့ကြောင်းသိရသည်။