စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်ရှစ်ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ် များတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ဧက ၉၆၂၆၆ ကို စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး ထံမှ သိရသည်။
“ခရိုင်ရှစ်ခုမှာပဲ မိုးစပါးကိုစစိုက်နေပြီး ကျန်တဲ့ ခရိုင်တွေဖြစ်တဲ့ စစ်ကိုင်းခရိုင်နဲ့ မော်လိုက် ခရိုင် အတွင်းမှာတော့ ပြင်ဆင်တုန်းရှိသေးတယ်၊ မစိုက် နိုင်သေးပါဘူး၊ အခုမိုးစပါး စိုက် ရာသီမှာ တိုင်းဒေသ ကြီးတစ်ခုလုံးမှာ မိုးစပါးဧက ၁၈ သိန်းကျော် စိုက်ပျိုးဖို့ လျာထား ပါတယ်၊ အဲဒီအထဲမှာ အခု ဧက ၉၀၀၀၀ ကျော်ကို စိုက်ပျိုးပြီးစီးသွားတာဖြစ်ပါတယ်၊ ဆည်ရေနဲ့စိုက်တဲ့နေရာတွေမှာ မစိုက်ရသေး ဘူး၊ အခုနှစ်မှာ စိုက်ပျိုးရေ လိုအပ်ချက် နည်းတဲ့ စိုက်စနစ်နဲ့ အများဆုံးစိုက်ကြမှာဖြစ်ပါတယ်၊ အချို့ နေရာတွေမှာတော့ စပြီးစိုက်နေကြပါပြီ၊ မိုးကောင်း သောက်လယ်တွေကတော့ မစိုက်နိုင်သေးဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး က ပြောကြား သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ရာသီတွင် ယနေ့အထိ မုံရွာခရိုင်အတွင်း ၇၇၉ ဧက၊ ယင်းမာပင် ခရိုင်အတွင်း ၂၂၈၃၂ ဧက၊ ရွှေဘိုခရိုင်အတွင်း ဧက ၇၈၂၀၊ ကန့်ဘလူ ခရိုင်အတွင်း ၄၆၈ ဧက၊ ကသာခရိုင် အတွင်း ၃၁၇၅၆ ဧက၊ ကလေးခရိုင်အတွင်း ၁၁၄၈၇ ဧက၊ တမူးခရိုင်အတွင်း ဧက ၁၉၆၀၊ ခန္တီးခရိုင်အတွင်း ၅၅၄၈ ဧက၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၁၃၆၁၆ ဧက စုစုပေါင်း ၉၆၂၆၆ ဧကအား စိုက်ပျိုး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)
ကြေးမုံသတင်းစာမှကူးယူဖော်ပြသည်။