နယ်သတင်းများ

စပါးစိုက်ခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်

 
မွန်ပြည်နယ် သထုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသား ပေါက်ကောင်ရေ ၁၀၀၀၀၀ နီးပါးကို ဇူလိုင် ၁၀ ရက် နံနက် ပိုင်းက သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့အတွင်းရှိ စပါးစိုက် ခင်းများနှင့် သဘာဝရေပြင်အတွင်းသို့ လိုက်လံမျိုးစိုက်ထည့် ပေးခဲ့ကြသည်။
ငါးသယံဇာတတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှု ဖူလုံရေးအတွက် မျိုးစိုက်ထည့် ပေးရခြင်း ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှဝေ က ပြောကြားသည်။
 
ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း ငါးသားပေါက်များကို သထုံမြို့ရှိ စပါးစိုက် ဧက ၇၀ အတွင်းသို့ ကောင်ရေ ၃၅၀၀၀နှင့် ပေါင်မြို့နယ် ရင်းငြိမ်ချောင်း အတွင်း ကောင်ရေ ၂၀၀၀၀၊ စပါးစိုက်ဧက ၈၀ အတွင်း ကောင်ရေ ၄၀၀၀၀ စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၁၀၀၀၀၀ နီးပါးကို မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးစိုးမင်းနှင့် ဝန်ထမ်းများ၊ ငါးလုပ်ငန်းသင်တန်းကျောင်း (သထုံ)မှ သင်တန်းသား သင်တန်းသူများနှင့် ဒေသခံပြည်သူများပူးပေါင်းကာ ငါးမျိုး စိုက်ထည့်ပေးခဲ့ကြသည်။
ယခုနှစ်တွင် မွန်ပြည်နယ်ရှိ ဆည်မြောင်းတာတမံများ၊ လယ်ကြားမြောင်းများ၊ စပါးစိုက်ခင်းများ စသည့်သဘာဝ ရေပြင်များသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ တီလား ဗီးယား၊ မြက်စားငါးကြင်း၊ ငါးတန်၊ ငါးမုတ် စသည့်ငါးမျိုး များ သားပေါက်ကောင်ရေ ၈၀၀၀၀၀ ကျော်ကို အခမဲ့မျိုးစိုက် ထည့်ပေးနိုင်ရန် လျာထားကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
 
သက်ဦး(သထုံ)