နယ်သတင်းများ သတင်းကဏ္ဍ

မကွေးခရိုင် မြို့သစ်မြို့နယ် သီးနှံဖျက်ပိုး ကျရောက်မှု ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊  မြို့သစ်မြို့နယ် ဒေသအချို့တွင် သစ်ပင် သစ်တောနှင့် ထိစပ်ဧရိယာ အနီးရှိ မိုးနှမ်းစိုက်ခင်းအချို့၌ သီးနှံဖျက်ပိုး နှံကောင်(Locust, Grass Hopper)များ ကျရောက်မှုတွေ့ရှိရသဖြင့် တိုင်းဒေသကြီး၊ ခရိုင်၊  မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ  နှင့် စိုက်ကွင်းဝန်ထမ်းများ က ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သော ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့သစ်မြို့နယ်တွင်းရှိ ကိုင်းအုပ်စု ကြိုးကြာအင်းရွာ၊ ရေပြည့်အုပ်စု လှေဝန်းကျေးရွာ၊ ရေပြည့်ကျေးရွာ GBS(Good Brothers)နွားမွေးမြူရေးခြံ စိုက်ခင်းများ နှင့် ရုံးတောအုပ်စု ရုံးတောကျေးရွာတို့တွင် သစ်ပင်သစ်တော နှင့် တဆက်တည်းဆက်စပ်လျက်ရှိသည့် မိုးနှမ်း စိုက်ခင်း အချို့၌  မြန်မာနိုင်ငံတွင်ကျရောက်လေ့ရှိသည့် နှံကောင်များ အစုအဖွဲ့အလိုက် ကျရောက်ခြင်းဖြစ်ပြီး သီးနှံဖျက်ဆီးမှု တွေ့ရှိရ၍ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး (ကလိုရိုပိုင်ရီဖော့၊ ဆိုက်ပါမီသရင်) ပက်ဖြန်းကာကွယ် နှိမ်နင်းလျက်ရှိကြောင်း၊ တောင်သူများ စိုးရိမ်လျက်ရှိတဲ့ ကန္တာရနှံကောင်(Desert Locus) ကျရောက်နိုင်မှု ရှိ/မရှိ သတင်းအချက်အလက် များကို အချိန်ပြည့် လေ့လာစောင့်ကြည့်လျက်ရှိသည်။

ကျွန်တော်တို့စိုးရိမ်တာကတော့ သစ်ပင်သစ်တော နှင့်ထိစပ်ဧရိယာက သီးနှံစိုက်ခင်းတွေ ကို ကျရောက်ဖျက်ဆီးမှုမှတဆင့် တောင်သူများ သတိမပြုမိဘဲ အခြားနီးစပ်ရာ စိုက်ခင်းတွေကို ဆက်စပ်ကျရောက်မှာတွေ၊ ပိုးသတ်ဆေးအမျိုးအစားနဲ့ ဆေးညွှန်းပါနှုန်းထားအတိုင်း မှန်ကန်စွာ သုံးစွဲနိုင်ဖို့ အရေးကြီးပါတယ်။ ပိုးမွှားကျရောက်မှုတွေကို ကျွန်တော်တို့ မှတ်တမ်းပြုစု လေ့လာရာမှာတော့ ဖျက်အားပြင်း ကန္တာရနှံကောင် ကျရောက်မှု မတွေ့ရှိရသေးပါဘူး၊ မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး နှံကောင်ငယ်တွေကြိုက်တတ်တဲ့ အရွက်နုတွေ သစ်တောသစ်ပင်တွေ မှာ ရှားပါးလာပြီးနောက် နှံကောင်တွေဟာ နီးစပ်ရာ စိုက်ခင်းတွေကို ကျရောက်ဖျက်ဆီးပြီး နှံကောင်အစုအဖွဲ့အလိုက် ရွေးလျားမှု တွေ့ရပါတယ်။ ညဘက်-နေ့ခင်းဘက် ကျရောက်မှု ရှိပါတယ်။ တွေ့ရတဲ့ နှံကောင်တွေကိုလည်း ရုံးချုပ်သီးနှံကာကွယ်ရေးဌာနခွဲမှ ပညာရှင်များထံကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ချက်ချင်း တင်ပြထားရှိပါတယ်၊ ဘုံဘေနှံကောင်၊ အရှေ့တိုင်း ကျူးကျော်နှံကောင်၊ ကော်ဖီနှံကောင် အမျိုးအစားများ နှင့် သဏ္ဍာန်တူ တွေ့ရှိရပြီး ဌာန က ညွှန်ကြားထားပြီး ဒေသမှာအလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး (ကလိုရိုပိုင်ရီဖော့စ်၊ ဆိုက်ပါမီသရင် ဆေးအုပ်စု)တွေကို ကျရောက်ချိန်တွေမှာ ဆေးညွှန်းပါ နှုန်းထား အတိုင်း မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် နှံကောင်/ပိုးကောင်များကို ထိထိရောက်ရောက် နှိမ်နင်းနိုင်တယ်ဆိုတာ တွေ့ရှိရပါတယ်” ဟု မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး  ဦးဇော်လင်း က ပြောသည်။

လက်ရှိအခြေအနေတွင် အခြားစိုက်ကွင်းများ၌ မကျရောက်ဘဲ သစ်ပင်သစ်တော နှင့် ထိစပ်သည့် စိုက်ခင်း အချို့တွင်သာ အဆိုပါနှံကောင်များ ကျရောက်ဖျက်ဆီးမှု တွေ့နေရ ကြောင်း၊ တောင်သူများ အနေဖြင့် ထိရောက်စွာနှိမ်နင်းနိုင်ရန် အသုံးပြုသင့်တဲ့ ပိုးသတ်ဆေး (ကလိုရို ပိုင်ရီဖော့၊ ဆိုက်ပါမီသရင်)အမျိုးအစားတွေကို ကျရောက်မှုရှိတဲ့အချိန်မှာ ဆေးနှုန်း ထား မှန်ကန်စွာ အသုံးပြုနိုင်ကြရန် အတွက် ဝန်ထမ်းများက ကွင်းဆင်း ပညာပေးခြင်း၊ အသိပေး ဆိုင်းဘုတ် စိုက်ထူခြင်း၊ ဌာနဆိုင်ရာ Facebook, Viber များမှတဆင့် တောင်သူများ ဖျက်ပိုး အန္တရာယ် သတိထား စောင့်ကြည့်ကြရန် အသိပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထူးခြားသည့် ပိုးမွှားကျရောက်မှု တွေ့ရှိရပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနရုံးများ ၊ နည်းပညာ ပြန့်ပွားရေးစင်တာများ ၊ Call Center ဖုန်း နံပါတ် ၀၁-၂၃၉၉၅၅၅ တို့သို့ ဆက်သွယ် ပေးကြ ပါရန် စိုက်ပျိုးရေးဦးစီးဌာနက အသိပေးချက်များထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။