မဲခေါင်–လန်ချန်းအထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ–ရာသီသီးနှံဌာနခွဲ က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင်ပေါ်ကျေးရွာ (၁၀) ရွာမှ ဒေသခံတောင်သူများထံသို့ကော်ဖီပျိုးပင်များ၊အရိပ်ရပင်များ၊ လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းကငဖဲမြို့နယ်၊ ဘုံဘော ကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးဝင်းမော်ဌေး နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးမြင့်ဆွေ၊ ဦးသူရစိုး နှင့် ဦးလင်းမြတ် ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နတ်ရေကန်တောင်ပေါ်ကျေးရွာ (၁၀) ရွာမှ ဒေသခံတောင်သူများတက်ရောက်ကြသည်။
ငဖဲမြို့နယ်၊ နတ်ရေကန် ကော်ဖီသည် အရည်အသွေးကောင်းသဖြင့် စျေးကွက်တွင် နာမည်ရနေသည့် အော်ဂဲနစ်ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသော်လည်း တောင်သူတစ်ဦးချင်း လုပ်ကိုင်လျက်ရှိရာ ကော်ဖီတောင်သူများ စုဖွဲ့ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
နတ်ရေကန်တောင်ပေါ်ဒေသသည် အမြင့်ပေ(၄၀၀၀) ကျော်ရှိ၍ ကုန်းမြင့်ကော်ဖီစိုက်ပျိုးရန် သင့်တော်သဖြင့်အရည်အသွေးမြင့်အထွက်နှုန်းကောင်းမွန်သောကော်ဖီစိုက်ပျိုးနိုင်စေရန် ရည်ရွယ် ၍ ကော်ဖီပျိုးပင်များ၊ကော်ဖီနှင့်တွဲဖက်စိုက်ပျိုးနိုင်သော အရိပ်ပင်များ (ထောပတ်၊ မျောက်ငို၊ ခါတော်မှီ၊ မက္ကဒေးမီးယား) ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ တောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးစားသုံးနိုင်ကြစေရန်နှင့် အပိုဝင်ငွေရရှိ စေရန်အတွက် ငွေနှင်းမှို၊ ကြွက်နားရွက်မှို မျိုးထုပ်များ၊ ဟင်းသီးဟင်းရွက်ပျိုးပင်များ၊ မျိုးစေ့များကိုလည်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတာရဲတင့်ထွန်း က ပြောသည်။
ကော်ဖီစိုက်တောင်သူများသည် ယခင်က ကော်ဖီစိုက်ပျိုးရာ၌ လူလုပ်အားဖြင့် ကော်ဖီ စိုက်ကျင်းတူးလုပ်ကိုင်ခဲ့ရပြီး ယနေ့ပေးအပ်ခဲ့သည့် ကော်ဖီ စိုက်ကျင်းတူးကိရိယာများ (Auger) ကို ထောက်ပံ့ပေးခြင်းကြောင့်အချိန်ကုန်သက်သာပြီး လုပ်သားရှားပါးမှုကို ကျော်လွှားနိုင်မည်ဖြစ်သည်။ ထို့အပြင် ကော်ဖီပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် ကိုင်းဖြတ်ကတ်ကြေး ၊ကိုင်းဖြတ်လွှ ၊ ကိုင်းဖြတ်ဓားများ ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရာတွင် နည်းစနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ရေရှည် တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလက်စွဲစာစောင်များ၊ ကော်ဖီသီးနှံ GAP Guideline စာအုပ်များ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်နည်း လက်ကမ်းစာစောင်များ၊ မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းစာအုပ်များနှင့် လက်ကမ်းစာစောင်များကို လည်းထောက်ပံ့ပေးအပ်ခဲ့သည့်အတွက် တောင်သူများ က ဝမ်းမြောက်လျက်ရှိကြသည်။
ယနေ့အခမ်းအနားတွင် မဲခေါင်–လန်ချန်းအထူးရန်ပုံငွေဖြင့် ကော်ဖီမျိုးသန့်ပျိုးပင်(၆၀၀၀၀)၊ အရိပ်ပင်(ထောပတ်၊ မျောက်ငို၊ ခါတော်မှီ၊ မက္ကဒေးမီးယား) (၂၀၀၀၀) ပင်၊ ကော်ဖီစိုက် ကျင်းတူးကိရိယာ(Auger-၄လက်)၊ကော်ဖီသီးအချိုဓါတ်တိုင်းကိရိယာ (Refractometer) (၁) ခု၊ ကော်ဖီကိုင်းဖြတ်ကတ်ကြေး (၂၀) လက်၊ ကော်ဖီကိုင်းဖြတ်လွှ (၂၀) ခု၊ကော်ဖီကိုင်းဖြတ်ဓား (၂၀) ခု၊ ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလက်စွဲစာစောင်(၃၀) အုပ်၊ ကော်ဖီသီးနှံ GAP Guideline (၃၀) အုပ်၊ Coffee Pamphlet (၃၀) ခု၊ မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းစာအုပ်(၅) အုပ်၊ မှို Pamphlet (၁၀၀) ခု၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှိုစိုက်ထုပ် (၁၀၀၀) ထုပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီးမကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ကလည်း Covid-19 ကုစားမှုအစီအစဉ်အနေဖြင့် အဆိုပါ ကျေးရွာများရှိ ဒေသခံတောင်သူများသို့ ဟင်းသီးဟင်းရွက်ပျိုးပင်များ (၃၀၀၀) ပင်၊ မျိုးစေ့ (၇) မျိုး (၇၀၀) ထုပ်၊ ကွန်ပေါင်းမြေဩဇာ (၂၀) အိတ်၊ သီးနှံပိုးမွှားကာကွယ်ရန် သဘာဝပိုးနှင်ဆေး များထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။