ယခုမိုးစပါးရာသီတွင် တစ်နိုင်ငံလုံး၌ စပါးမျိုးသန့်မျိုးစေ့ထုတ် ဧက(၁)သိန်း စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး တွင် ဧက(၁၆၆၀၀) နှင့် မန္တလေးတိုင်းဒေသကြီး တွင်(၇၅၁၈)ဧက စပါးမျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးသွားမည်
စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် သည် ဇူလိုင်လ(၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာအုပ်စု (၉)အုပ်စု မှ မျိုးစေ့ထုတ်တောင်သူများ အား ချီပါမျိုးသန့်ခြံတွင်လည်းကောင်း၊ ဝက်လက်မြို့နယ် မျိုးစေ့ထုတ်တောင်သူများနှင့် မျိုးစေ့ထုတ်အသင်းများကို စိုင်နိုင်ကြီး စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင်လည်းကောင်း တွေ့ဆုံ၍ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP)အရ စိုက်ပျိုးရေးကဏ္ဍ၌ မျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြုရေး ဆောင်ရွက်နေမှုများ နှင့် မျိုးသန့်မျိုးစေ့ထုတ် လုပ်ငန်းတွင် လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။
အလားတူ ရွှေဘိုခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ရွှေဘို နှင့် ကန့်ဘလူ ခရိုင်များမှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ ခြံတာဝန်ခံများ၊ ဘုတလင်မြို့နယ်၊ အရာတော် မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့်တွေ့ဆုံ၍ သဖန်းဆိပ် ဆည်ရေ ရရှိနိုင်မှု နှင့် မိုးစပါး စိုက်ပျိုးထုတ်လုပ်နိုင်မည့် အခြေ အနေများ၊ စိုက်ပျိုးရေ အသုံးပြုရမှု လျှော့ချနိုင်မည့် စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲ အသုံးပြုရေး နှင့် မျိုးစေ့ထုတ် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေး မှာကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးသို့ရောက်ရှိစဉ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ သည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA အကူအညီဖြင့် ဆောင်ရွက် လျှက်ရှိသော စိုက်ပျိုးရေးဝင်ငွေတိုးတတ်ရေးစီမံကိန်း(AIIP)အရ မျိုးစေ့သန့်စင်စက်ရုံ တည်ဆောက်နေသည့် ချီပါခြံနှင့် စိုင်နိုင်ကြီး စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာ ဝန်းအတွင်း မျိုးစေ့သန့်စင်စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်များအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)တွင် စိုက်ပျိုးရေးကဏ္ဍ၌ မျိုးစေ့ ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ မျိုးစေ့ထုတ် တောင်သူများအား စပါးမျိုးအလိုက် နိုင်ငံတော်မှ ငွေကျပ် တစ်သိန်း လေးသောင်းနှင့် ငွေကျပ် တစ်သိန်းငါးသောင်းကြား ထောက်ပံ့၍ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်(၁၄)ခုတို့တွင် မျိုးစေ့ထုတ်ဧက(၁)သိန်း စိုက်ပျိုးထုတ်လုပ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး တွင် လျာထား ဧက(၁၆၆၀၀) နှင့် မန္တလေးတိုင်းဒေသကြီးတွင်(၇၅၁၈)ဧက မျိုးစေ့ထုတ် စိုက်ပျိုး နိုင်ရေးကြိုးပမ်းလျက်ရှှိသည်။ ဇူလိုင်(၃) ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ တမုတ်ဆိုးကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ်တောင်သူများနှင့် လည်း ကောင်း၊ ကျောက်ဆည်မြို့နယ် မင်းရဲ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ၌ မျိုးသန့် ပြန့်ပွားရေး တာဝန်ယူထားသည့် ဝန်ထမ်းများ ၊ မျိုးစေ့ထုတ် တောင်သူများ နှင့် လည်းကောင်း တွေ့ဆုံ၍ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေသည့် သီးနှံပုံစံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ မျိုးသန့်မျိုးစေ့ထုတ် နည်းပညာများအား စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးအတွက် မျိုးစေ့ထုတ်တောင်သူများ အား ပံ့ပိုး ကူညီ ပေးမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။