အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ကျရောက်နေတဲ့ ကန္တာရကျိုင်းကောင် မြန်မာနိုင်ငံမှာ လုံးဝမရှိသေးပါဘူး၊ လက်ရှိဒေသအချို့မှာ တွေ့နေရတဲ့ နှံကောင်တွေဟာ ပြည်တွင်းမှာ ရှိပြီး ဖြစ်တဲ့ ကော်ဖီနှံကောင်အမျိုးအစားဖြစ်ပါတယ်။
=========================================================မေးမြန်းဖြေကြား သတင်းစကား
ဒေါက်တာရဲတင့်ထွန်း(ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန)
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ သီးနှံဖျက်အား ပြင်း ကန္တာရကျိုင်းကောင်များ ဝင်ရောက်မှု မရှိသေးကြောင်းနှင့် ဝင်ရောက်လာနိုင်သည့် အခြေအနေလည်း များစွာနည်းပါးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာရဲတင့်ထွန်း၏ ပြောကြားချက် အရ သိရသည်။
ထောင်ချီခရီး
“အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ကျရောက်နေတဲ့ ကန္တာရကျိုင်းကောင် မြန်မာနိုင်ငံမှာ လုံးဝမရှိသေးပါဘူး။ နောက်ဆုံး သတင်းတွေအရ အိန္ဒိယနိုင်ငံအနောက်ဘက် ခြမ်းမှာ ကျရောက် နေတဲ့အတွက် မြန်မာနိုင်ငံ ကို ရောက်ရှိဖို့ဆိုတာ ကီလိုမီတာ ထောင်ချီ ခရီးလာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို သဘာဝကပေးထားတဲ့ ရိုးမတောင်တန်းတွေ က ကာရံထားတယ်။ ကန္တာရ ကျိုင်းကောင်တွေ ဟာ ပျံသန်းနိုင်သော်လည်း တောင်တန်းတွေကို ကျော်လွှားနိုင်ဖို့က အင်မတန် ဖြစ်နိုင်ခြေ နည်းတယ်လို့ ပိုးမွှားရောဂါပညာရှင်တွေက သုံးသပ်ထားတဲ့ အနေအထားရှိပါတယ်။
“ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့ FAO အဖွဲ့တွေနဲ့ အခြားအဖွဲ့တွေက လည်း မြန်မာနိုင်ငံကို ကန္တာရကျိုင်းကောင် ဝင်ရောက်နိုင်မှုအခြေအနေ မရှိနိုင်ဘူးလို့ လက်ရှိ အနေ အထား မှာ သုံးသပ်ထားပါတယ်။ ဒီကျိုင်းကောင်တွေဟာ စိုစွတ်တဲ့နေရာတွေမှာ မျိုးမပွား နိုင်ပါဘူး။ ကန္တာရဆန်တဲ့ဒေသတွေ၊ ခြောက်သွေ့တဲ့ဒေသတွေ၊ ရေမရှိတဲ့ဒေသတွေ မှာပဲ မြေကြီး ထဲမှာ ဥနိုင်တဲ့ အခြေအနေရှိတယ်။ မြန်မာနိုင်ငံလို စွတ်စိုတဲ့ဒေသမှာ ရောက်လာ ခဲ့ရင်တောင် မျိုးပွားနိုင်တဲ့အနေအထား နည်းပါ တယ်။ ဒါကြောင့် ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးလို့ အခုအချိန်မှာ သုံးသပ်ထားပါတယ်” ဟု ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံဒေသအချို့၌ တွေ့ရှိ နေရသည့် နှံကောင်များမှာ ပြည်တွင်း၌ ရှိနေ ပြီး ဖြစ်သည့် ကော်ဖီနှံကောင်အမျိုးအစားများ ဖြစ်ပြီး သီးနှံများကို ဖျက်ဆီးမှုနှုန်း များစွာ နည်းပါး ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
“ကော်ဖီနှံကောင် အမျိုးအစားတွေကို ကောလင်း၊ ဝန်းသိုဒေသတွေ၊ သံတွဲ၊ ရေကြည်၊ ငသိုင်းချောင်း နေရာတွေမှာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က မကွေးမြို့နယ် ကျူချောင်း ကျေးရွာမှာ တွေ့ရတယ်။ ဒီနေ့ သတင်းအရဆိုရင် ဗန်းမော်၊ မိတ္ထီလာဘက် တွေမှာလည်း တွေ့ရတယ်။ ငွေဆောင်မြို့က အုန်းပင်တွေမှာလည်း ဒီလိုနှံကောင်တွေ အကောင် ၁၅၀၊ ၂၀၀ လောက် စုဖွဲ့ပြီးတွေ့ရ တယ်ဆိုတဲ့ သတင်းရတယ်။ အဲဒီတွေ့ရတဲ့ နှံကောင်အုပ်စုက မြန်မာ ပြည်တွင်း မှာ ရှိနေ ပြီးသား ကော်ဖီနှံကောင်အမျိုးအစား ဖြစ်ပါ တယ်။ အဲဒီနှံကောင် တွေက ကျွန်းပင်၊ အုန်းပင် တွေမှာ ကျရောက်တတ်ပါတယ်။ သီးနှံတွေကို ဖျက်ဆီးမှုနှုန်း အင်မတန် နည်းပါတယ်။ အများ ဆုံးတွေ့ရတာက သစ်တောနဲ့ စိုက်ခင်းဆက်စပ် နေတဲ့ နေရာလေးတွေမှာ တွေ့ရှိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဝင်ရောက်ဖျက်ဆီး
ကန္တာရကျိုင်းကောင်များသည် အာဖရိက တိုက် အလယ်ပိုင်း၌ ပေါက်ဖွားကြပြီး ထိုမှ တစ်ဆင့် ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတို့ရှိ ကန္တာရ လွင်ပြင်များသို့ ရောက်ရှိလာကာ လေကြောင်း လမ်း အတိုင်း နီးစပ်ရာနိုင်ငံများရှိ သီးနှံများကို ဝင်ရောက်ဖျက်ဆီးကြကြောင်း သိရသည်။
“ကန္တာရ ကျိုင်းကောင်တွေကတော့ အုပ်စုလိုက်ဖွဲ့ပြီး ဖျက်ဆီးတတ်တယ်။ အခုဖြစ် ခဲ့တဲ့ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေမှာ စိမ်းစိမ်း မြင်သမျှ အကုန်စားတယ်ဆိုတဲ့ ပုံစံတွေ့ရ တယ်။ ဒီလိုအတွေ့အကြုံမျိုး ၁၉၈၂ ခုနှစ် ကလည်း တွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ပါကစ္စတန် နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ အခြားနိုင်ငံတွေ မှာ ကန္တာရကျိုင်းကောင်ဆိုပြီး အကြီးအကျယ် ဖြစ်ခဲ့ဖူးပါ တယ်။ အဲဒီအချိန်ကလည်း ဒီလို အသိပေးကြေညာချက်တွေ ထုတ်ပြန်ဖူးပါ တယ်။ သို့သော် အသိပေးထုတ်ပြန်တာတွေ၊ စောင့်ကြည့်တာတွေရှိပေမယ့် မြန်မာနိုင်ငံကို တော့ ဝင်ရောက် လာခဲ့ခြင်းမရှိပါဘူး။ အိန္ဒိယ နိုင်ငံမှာ ကျရောက်နေတယ်ဆိုတော့ အိန္ဒိယ နယ်စပ်ဧရိယာတွေကို ဝင်ရောက်လာနိုင်တဲ့ အခြေအနေက အခြားတိုင်းဒေသကြီး/ ပြည်နယ် တွေနဲ့ နှိုင်းယှဉ်ရင် အများကြီးရှိပါတယ်။ ဒါကြောင့် စောင့်ကြည့်ရမယ့်ဒေသတွေအနေနဲ့ သတ်မှတ်ထားပါတယ်” ဟု ဒေါက်တာရဲတင့် ထွန်းက ပြောသည်။
မြန်မာနိုင်ငံ ၌ ကန္တာရကျိုင်းကောင် ဖြတ်သန်းဝင်ရောက်နိုင်သည့် စောင့်ကြည့် ဒေသများအဖြစ် ရခိုင်ပြည်နယ်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနှင့် ကျောက်ဖြူ၊ ချင်းပြည်နယ် တွင် တွန်းဇံ၊ ထန်တ လန်နှင့် ပလက်ဝ၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် လေရှီး၊ ဟုမ္မလင်း နှင့် တမူး၊ ကချင် ပြည်နယ်တွင် ပူတာအိုနှင့် မချမ်းဘောမြို့တို့ကို သတ်မှတ် ထားကြောင်း သိရသည်။
“စောင့်ကြည့်ဒေသတွေနဲ့ တိုင်းဒေသကြီး ပြည်နယ်တွေမှာရှိနေတဲ့ စိုက်ပျိုးပညာပေး ဝန်ထမ်း တွေ ကို ဗီနိုင်းပိုစတာတွေ၊ ကန္တာရ ကျိုင်းကောင်ရုပ်ပုံတွေနဲ့ ကြေညာပြီး တောင်သူတွေအနေနဲ့ ကန္တာရကျိုင်း ကောင်လို့ သံသယရှိဖွယ်အကောင်တွေ ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရင် စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ဆက်သွယ်ဖို့၊ အကောင်နမူနာနဲ့ ဓာတ်ပုံယူလို့ရရင် ယူလာပြီး သတင်းပေးဖို့ကို အသိပညာပေးနှိုးဆော်ထားပါ တယ်။ သတင်းပို့လာမယ်ဆိုရင် ချက်ချင်း ကွင်းဆင်းပြီး သွားရောက် စစ်ဆေးမှာဖြစ်ပါ တယ်။ ကန္တာရကျိုင်းကောင် ဟုတ်၊ မဟုတ် စစ်ဆေးပြီးရင် သတင်းချက်ချင်းထုတ်ပြန်ပေး မှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ကြိုတင်ပြင်ဆင်ထားရှိ
“ကန္တာရကျိုင်းကောင် တွေ့ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေ ကာကွယ်နှိမ်နင်း တဲ့လုပ်ငန်း တွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။ ကာကွယ်နှိမ်နင်းတဲ့ လုပ်ငန်းတွေ အတွက် ကျွန်တော် တို့ ဘက်က ကြိုတင်ပြင်ဆင် ထားတဲ့အနေအထားတွေ ရှိပါတယ်။ ပိုးသတ် ဆေးဖျန်း ကိရိယာ တွေ၊ ပိုးသတ်ဆေးတွေကို မြို့နယ်အလိုက် ဘယ်ဆိုင်တွေမှာ ရှိမလဲ၊ ဘယ်ကုမ္ပဏီတွေမှာရှိမလဲ ဆိုတာတွေကို ကြိုတင်စာရင်းကောက်ယူထားတဲ့ လုပ်ငန်း တွေကို ဆောင်ရွက်ထားပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ပိုးသတ်ဆေးကို ဒေသတွေအရောက် ပို့ပေးတဲ့လုပ်ငန်းတွေကို စီစဉ်ထားတယ်။ အရေးပေါ် လိုအပ်လာမယ်ဆိုရင်လည်း အထူးကိစ္စရပ်အနေနဲ့ ပိုးသတ်ဆေးတွေကို တင်သွင်းခွင့် ပြုပြီး ချက်ချင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။
“ကန္တာရကျိုင်းကောင်တွေဟာ အဆင့် ငါးဆင့်နဲ့ ပြောင်းလဲသွားပြီး မျိုးပွားဖို့ အကောင် ကြီးအရွယ် ရောက်သွားတဲ့အဆင့်မှာ ဖျက်ဆီးမှု နှုန်းက နှေးသွားတယ်။ ကျန်တဲ့အဆင့်လေး ဆင့်မှာ ဖျက်ဆီးစားသောက်နိုင်တဲ့ အနေအထား ရှိတယ်။ ငယ်တဲ့အဆင့်မှာပဲ ပိုးသတ်ဆေးနဲ့ နှိမ်နင်းလို့ ထိရောက်တယ်။ ကျန်တဲ့အဆင့်မှာ တော့ ထိရောက်မှုမရှိဘူး။ သူတို့ကို နှိမ်နင်းတဲ့ နေရာမှာ ဓာတုဆေးဝါးကို အသုံးပြုတဲ့ နည်းလမ်း၊ ဇီဝဗေဒနည်းလမ်း၊ Biology Control လို့ခေါ်တဲ့ နည်းလမ်း၊ Manual နည်းလမ်းတွေနဲ့ အားလုံးစုပေါင်းပြီး နှိမ်နင်း ဆောင်ရွက် သွားရမှာ ဖြစ်တယ်။
အာရုံစိုက်ဆောင်ရွက်
“အခုလောလောဆယ်မှာ တောင်သူတွေ အနေနဲ့ စိုးရိမ်မှုမလွန်ကဲပါနဲ့။ ကိုယ်စိုက်ပျိုး ထုတ်လုပ် မယ့်သီးနှံတွေကို ပုံမှန်လုပ်ရမယ့် လုပ်ငန်းတွေမှာ အရည်အသွေးကောင်းဖို့၊ သီးနှံထုတ်လုပ်မှုတွေ မြင့်မားဖို့ကိုပဲ အာရုံ စိုက်ပြီး ဆောင်ရွက်သွားစေချင်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ ကန္တာရကျိုင်းကောင် ကျရောက်လာမယ်ဆိုရင် ချက်ချင်း အသိပေး ကြေညာတဲ့ လုပ်ငန်း ကို မြန်နိုင်သမျှမြန်အောင် ဆောင်ရွက်ပေးပါမယ်။ တောင်သူတွေအနေနဲ့လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ဖို့ ပြောကြားလိုပါတယ်။ တကယ် ဝင်ရောက်လာခဲ့ရင် အားလုံးစုပေါင်းအားနဲ့ပဲ ကာကွယ်နှိမ်နင်းမှ ရမှာဖြစ်ပါတယ်။ အခု အချိန်ထိ စိတ်ပူစရာလုံးဝမရှိပါဘူး။ ကန္တာရ ကျိုင်းကောင် ကို စိုးရိမ်ပူပန်မှု ကင်းစွာနဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ တိုးတက်အောင် စိုက်ပျိုး ထုတ်လုပ်ကြဖို့ ပြောချင်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။
ကန္တာရကျိုင်းကောင်၏ သက်တမ်းမှာ သုံးလမှ ငါးလအထိရှိပြီး အုပ်စုလိုက် တစ်နေ့ လျှင် လေစုန် ဆိုပါက မိုင် ၃၀ မှ မိုင် ၆၀ အထိ ပျံသန်းနိုင်ပြီး သီးနှံမျိုးစုံကို စားသောက် ဖျက်ဆီး တတ်ကြောင်း သိရသည်။
သတင်းအင်တာဗျူး-မျိုးမင်းနိုင်
၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ်
ကြေးမုံသတင်းစာမှ ကူးယူဖော်ပြသည်။