ဆောင်းပါး လယ်-စီ-စာရင်း

မြေစာရင်းပုံစံ(၁၀၅) ဆိုရာဝယ်

           စာရေးသူအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) အကြောင်း အရာများ ကို ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ ကျော် ကာလမှစ၍ မင်းဆက် ပေါင်း ၂၄၆ ဆက်ဖြင့် ကိုယ်ထီး ကိုယ်နန်းကိုယ်ကြငှန်းနှင့် နေလာခဲ့ကြသော မြန်မာခေတ်ဦး မှ စ၍ မြန်မာ့မြေယာစီမံခန့်ခွဲမှု နည်းစနစ်များရှိခဲ့ ကြပြီးဖြစ်ပါသည်။ အမိမြန်မာနိုင်ငံကို အင်္ဂလိပ် တို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်တွင် ၁၈၈၅ ခုနှစ်များတွင် စစ်ပြုပြီးနောက် ကျွန်ပြုသိမ်းပိုက် ခဲ့ကြ သော အချိန်ကာလတွင် လည်း မြန်မာဘုရင်များ ခေတ်ဆီက မြေယာစီမံခန့်ခွဲမှုစနစ်များကို ဆီလျော်အောင် ပြုပြင်ပြောင်းလဲပြီး ဥပဒေများပြဋ္ဌာန်းချက် ပြင်ဆင်ဖြည့်စွက်၍ စီမံအုပ်ချုပ်ခဲ့ကြ ကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်ရေးရရှိပြီးကာလမှ ယနေ့မျက်မှောက်အချိန် အခါအထိ လည်း ဥပဒေများပြင်ဆင်ပြဋ္ဌာန်းလျှက် မြန်မာ့မြေယာကို မြန်မာတို့ စီမံ အုပ်ချုပ်ခဲ့ကြပါသည်။ ထိုသို့ ခေတ် အဆက်ဆက်စီမံခန့်ခွဲကြသည့် မြေယာစီမံခန့် ခွဲမှုများအနက်  လက်ရှိ မြန်မာ့ မြေယာ စီမံခန့်ခွဲမှုစနစ် ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူတို့ သိရှိနားလည် သဘော ပေါက် ကြပြီး လက်တွေ့ကျင့်သုံးနိုင်ကြစေရန် ရည်ရွယ်လျက် ဤဆောင်းပါးကို ရေးသား တင်ပြအပ်ပါသည်။

ဥပဒေသည် ယင်းတွင်ပါရှိသော ဥပဒေပါပြဋ္ဌာန်းချက်များကို လေးစားလိုက် နာသော လူသားအားလုံးအတွက် အကာအကွယ်ဖြစ်ပြီး ယင်းပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်မှု မပြုသူများအတွက် ဥပဒေကျူးလွန်ဖောက်ဖျက်သူအဖြစ် ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေး မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများကို လေးစားလိုက်နာသူများအတွက် ဥပဒေ သည် အပြည့်အဝလုံခြုံမှုကိုပေးမည့် အကာအကွယ် တစ်ခုဖြစ်ကြောင်း ဆိုလိုပါသည်။

ယနေ့ခေတ်ကာလ၌ IT ဆိုင်ရာနည်းပညာများကြောင့် မိတ္တူကူးစက်များ၊ Scan ဖတ်စက်များ ထွန်းကားပေါ်ပေါက်လာမှုအတွက် လူ့ဘောင်လောကအတွင်း အမျိုးမျိုးသော လုပ်ငန်း ဆောင်ရွက်မှုများအတွက် စက္ကန့်ပိုင်းအတွင်း ပြီးမြောက် အောင် ဆောင်ရွက်လာ နိုင်သည့် နည်းတူ တစ်ဖက်တွင်လည်း ဆိုးကျိုးအဖြစ် စာရွက် စာတမ်းအတုအပ ပြုလုပ်ခြင်းဖြင့် လိမ်လည်ခြင်း ဒုစရိုက်မှုလုပ်ငန်းများ ဖြစ်ပေါ် လျှက်ရှိပါသည်။

လောက၏သဘာဝအတိုင်း ကောင်းကျိုးနှင့်ဆိုးကျိုး နှစ်ရပ်အတူ ယှဉ်တွဲပေါ် ပေါက်လေ့ ရှိရာ နိုင်ငံသားများအနေဖြင့် ခေတ်မီနည်းပညာများကို အသုံးပြု၍ မိမိတို့ ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီသာ လုပ်ဆောင် ကြရန်လိုအပ်ပေသည်။ လယ်ယာမြေနှင့်ပတ်သက်၍ လယ်ယာမြေ ဥပဒေပြဋ္ဌာန်း ချက်ပါ လိုက်နာရမည့် စည်းကမ်းချက် များ လေးစားလိုက်နာရန် လိုအပ်သလို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို လေးစားလိုက်နာရန်လိုအပ်ပါသည်။ ထိုသို့လေး စားလိုက်နာခြင်းမရှိခဲ့ပါက အဆိုပါဥပဒေများပါ ပြဋ္ဌာန်ချက်များနှင့်အညီ လိုက်နာ ရန်ပျက်ကွက်မှုအတွက် အရေးယူခြင်း ခံရမည်ဖြစ်ပါသည်။

မြေယာဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အခြေခံကျသော အောက်ပါ အကြောင်းအရာ တစ်ခုကို တင်ပြလိုပါသည်။ ယင်းကို အမှန်လေ့လာသိရှိသူ နည်း ပါးပြီး လူအများအနေဖြင့်လည်း သေချာစွာနားလည်သဘောပေါက်မှုမရှိဘဲ လွဲမှား  သိမြင်လျှက်ရှိသည်ကို တွေ့ရပါသည်။ ယင်းမှာ မြေယာကဏ္ဍတိုင်းအတွက် ပတ်သက် ဆက်စပ်နေသော အကြောင်းအရာတစ်ခုဖြစ်ပြီး ဟင်းချက်ရာတွင် မပါမဖြစ် ပါရှိရ မည့် ဆား ကဲ့သို့ပင် အရေးပါပါသည်။ အဆိုအချက်မှာ မြေစာရင်းပုံစံ(၁၀၅)နှင့် ဦးပိုင်တစ်ခု၏ မြေရာဇဝင်စိစစ်ချက်မှတ်တမ်း (၁၀၆)တို့ပင်ဖြစ်ပါသည်။ မြေစာရင်း ပုံစံ(၁၀၅)နှင့် (၁၀၆)မှာ ဆားကဲ့သို့ပင် မြေယာကို ပိုင်ဆိုင်ပတ်သက်ကြောင်း ပြဆို သည့် အထောက်အထား စာရွက်စာတမ်းတစ်ခုအတွက် မရှိမဖြစ်၊ မပါမဖြစ်လိုအပ်ပါ သည်။ မြေစာရင်းပုံစံ(၁၀၅) သည် မြေယာခရီးလမ်းစတင်ခြင်း၌ တာထွက်ရာ လုပ် ငန်းတစ်ရပ်ဟု ဆိုရပါမည်။ မြေစာရင်းပုံစံ (၁၀၅)တစ်စောင်တည်းဆိုပါက မည်သို့မျှ မိမိ၏ပိုင်ဆိုင်မှုကို အထောက်အထားပြဆိုနိုင်မည်မဟုတ်ပါ။ သို့သော်လည်း ယနေ့ ခေတ်ကာလ၌ အဆိုပါ မြေစာရင်း ပုံစံ(၁၀၅) တစ်စောင်တည်းကို အထောက်အထား ပြု၍ မြေယာပိုင်ဆိုင်ရာ အခွင့် အရေး တစ်ရပ်အဖြစ် ဦးတည်ခံစားခွင့် ပေးထားမှု အချို့ရှိနေကြောင်း ကြားသိရမှုများ ရှိနေပါ သည်။ အဆိုပါမမှန်မကန်သောနည်းလမ်း ဖြင့် ပိုင်ဆိုင်မှုရရှိထားသူများအတွက် မိမိပိုင်ဆိုင်မှု အထောက်အထား အမှန်မဟုတ် သည်ကို သတိချပ်ရန်လိုပါသည်။ မြေယာ ပြဿနာ ဟူသည် ချက်ခြင်းလက်ငင်း ပေါ်ပေါက်ခဲလှပါသည်။ ဆယ်စုနှစ်အကြာတွင်မှ ပေါ်ပေါက် တတ်ပါသည်။ သို့ဖြစ်၍ ယင်းနှင့်သက်ဆိုင်သော ကိစ္စရပ်များအတွက် သတိပြုဆင်ခြင်နိုင်ကြစေရန် ဤ ဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။

မြေစာရင်းပုံစံ(၁၀၅) ဆိုသည်မှာ မှန်ကန်ကြောင်း သက်သေခံ/ သက်သေမခံ သည့် စာရင်းမြေပုံကောက်နုတ်ချက်ဖော်ပြသည့်ပုံစံဖြစ်ပြီး၊ တည်ဆဲနှစ်တွင် အသုံးပြု လျက်ရှိသည့် ကွင်း/ အကွက်မြေပုံမှ ရေးကူးပေးသည့် ပုံစံဖြစ်ပါသည်။ ရေးဆွဲခြင်း မဟုတ်ပါ ရေးကူးပေး ရခြင်းဖြစ်ပါသည်။ မြေယာပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား တစ်ခုမဟုတ်ဘဲ ဦးပိုင်တစ်ခု မြေကွက်တစ်ကွက်နှင့် ပတ်သက်သည့် စာရင်းကောက် နုတ်ချက် မိတ္တူတစ်ခုသာဖြစ်ပါသည်။ သူတစ်ခုတည်း ရေရှည်ရပ်တည်မှုမပြုနိုင်ပါ။ ရေးကူးထားသော တည်ဆဲနှစ်ကုန်လွန် သွားပါက လည်း အသုံးချနိုင်ရန် ကန့်သတ် ချက်ဘောင်မှ ဖယ်ခွာသွားသည့် သဘောရှိတတ်ပါသည်။

(၁၀၅) မြေပုံတစ် ချပ်တွင် အချက်ပေါင်း(၁၆)ချက် ဖော်ပြပါရှိပါသည်။ ၎င်းတို့ မှာ (၁) ပုံစံ အမှတ်စဉ်၊ (၂) သက်သေခံ၊ မခံကြောင်းဖော်ပြချက်၊ (၃)ရေးကူးအမှတ် နှင့်အမည်၊ (၄) ရေးကူး သည့်ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ (၅) အခွန်စည်းကြပ်ခံရ သူ၊ ပိုင်ရှင်၊ ဂရန်ရှင်၊ အငှားဂရန်ရှင် အမည်၊ (၆) ပိုင်ဆိုင်ခွင့်၊ (၇)မြေမျိုးနှင့်အတန်း၊ (၈) ဧရိယာ၊ (၉) ရေးကူးပေးသည့် အကြောင်း အရာ၊ (၁၀) လျှောက်ထားသူအမည်၊ (၁၁) လျှောက်လွှာ တင်သည့်နေ့စွဲ၊ (၁၂) လျှောက်ထားသူ တို့ထုတ်ပေးသည့်နေ့စွဲ၊ (၁၃) ပြဆိုသောမြေပုံ သည် မှန်ကန်သေချာစွာ ရေးကူးထားသော( –  )ခုနှစ်အတွက် နောက်ဆက်တွဲတိုင်း တာခြင်းမြေပုံဖြစ်ကြောင်း သက်သေခံဖော်ပြချက်၊ (၁၄) အမှု တွဲထိန်း၊ မြေတိုင်းစာရေးလက်မှတ်၊ (၁၅) တိုက်ဆိုင်စစ်ဆေးပြီး လက်မှတ်ရေးထိုး သော လက်ထောက်ဦးစီးမှူးလက်မှတ်၊ နေ့စွဲ၊ (၁၆) စိစစ်အတည်ပြုသော မြို့နယ် ဦးစီးဌာနမှူး လက်မှတ်၊ နေ့စွဲ စသည်တို့ဖြစ်ပါသည်။

အထက်ပါရှင်းလင်းချက်အရ မြေစာရင်းပုံစံ(၁၀၅)တွင် သက်ဆိုင်ရာ မြို့နယ် အဆင့် လက်ထောက်ဦးစီးမှူးမှ လက်မှတ်ရေးထိုးပြီး မြို့နယ်မှူး ဦးစီးအရာရှိ၏ စိစစ်ချက်ဖြင့် ပြီးမြောက်ပြည့်စုံနေပြီဖြစ်သော်လည်း တစ်ချိန်က ဒေသအာဏာပိုင် အဆင့်မှ ရေးကူးမှုကို လက်နက်သဖွယ်ထိန်းချုပ်သည့်ဖြစ်စဉ်များ ရှိခဲ့သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် မလိုလားအပ်သော ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရပြီး လုပ်ငန်း များအကောင် အထည်ဖော်ရာတွင် အထစ်အငေါ့များစွာရှိခဲ့ကြောင်းနှင့် ပြည်သူလူထု များအတွက် ဥပဒေနှင့်အညီ ရရှိခံစားရမည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည့် သာဓကများ ဖြစ်ပေါ်ခဲ့ပါသည်။ ယခုတွင် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဌာနလုပ်ထုံးလုပ်နည်းနှင့်အညီ ရေးကူးဆောင်ရွက်ခွင့်ကို ပြန်လည် ပေးအပ်ထားနိုင် ခဲ့ပြီဖြစ်ရာ သာမန်အားဖြင့် ပြဿနာတစ်စုံတစ်ရာမရှိသော ကိစ္စရပ်အတွက် (၂)ပါတ် အတွင်း ရယူနိုင်ကြပြီဖြစ်ပါသည်။

အချို့သောကိစ္စရပ်များ၌ အချို့သောဌာနများသည် မြေစာရင်းပုံစံ (၁၀၅) ရေးကူးရန် လျှောက်ထားမှုကို ကန့်ကွက်လွှာခေါ်ခြင်း၊ ကန့်ကွက်မှုပြုကြခြင်းများ ဆောင်ရွက်ကြကြောင်း တွေ့ရှိနေရာအဆိုပါကိစ္စမှာ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေအရ အကျုံးမဝင်ကြောင်း တွေ့ရှိနေရပါသည်။ မြေစာရင်းပုံစံ(၁၀၅)ဆိုသည်မှာ အထက်တွင်ဖော်ပြထားသည့်အတိုင်း တည်ဆဲနှစ်အတွင်း အသုံးပြုလျှက်ရှိသော စာရင်းမြေပုံမှ အရှိပကတိတိုင်း ရေးကူးထုတ်ပေးခြင်း သာဖြစ်၍ လျှောက်ထားသူ အနေဖြင့် သတ်မှတ်ချက်ဘောင်ဖြင့် ညီညွတ်ကိုက်ညီသူဖြစ်ပါက ဌာနမှရေးကူးပေး ရုံသာဖြစ်ပါသည်။ အကျိုးနစ်နာနိုင်သူများအတွက် ရေးကူးသည့် အကြောင်း အရာပါ လုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ချိန် (ဥပမာ-မြေငှားဂရန်လျှောက်ချိန် အဆောက် အဦပြင်  ဆင်ရန် သက်ဆိုင်ရာသို့လျှောက်ထားချိန်)တွင်မှ တရားဝင်ကန့်ကွက်ရမည် ဖြစ်ကြောင်း၊ (၁၀၅)ရေးကူးချိန် ကန့်ကွက်မှုကြောင့် ရေးကူးမပေးပါက ဥပဒေအရ ဌာန၏ တာဝန်ပျက်ကွက်မှု တစ်ခုဖြစ်စေမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပုံစံ (၁၀၅) တစ်ပုံရရှိပြီးဆိုလျှင် မြေပုံလက်ခံရရှိသူသည် အထက်မှအချက် များကို တစ်ခုမကျန်သေချာစွာ စိစစ်ရန်လိုအပ်ပါသည်၊ သက်သေခံသောမြေပုံလား ၊ သက်သေမခံသော မြေပုံအမျိုးအစားလား မှအစ ပုံစံ (၁၀၅) ပါ ဖော်ပြထားချက်များ မှန်/ မမှန် စိစစ်ရန် လိုအပ်ပါ မည်။ ရေးကူးပေးသည့် အကြောင်းအရာသည်လည်း အရေးအကြီးဆုံး အချက်တစ်ချက် ဖြစ်ပါသည်။ ပုံစံ၌ ဖော်ပြထားသော ရေးကူးပေး သည့် အကြောင်းအရာတစ်ခုတည်းအတွက်သာ အသုံးပြုရမည်ဖြစ်ပါ၍ ဂရန်လျှောက် ထားလိုသူသည် အခြားအကြောင်းအရာ ဥပမာအားဖြင့် လက်၀ယ်ကိုင်ဆောင်ရန် သို့မဟုတ် စာချုပ်ချုပ်ဆိုရန် အကြောင်းအရာအတွက် ရေးထားမှု ဖြစ်နေပါက ရည်ရွယ်သောလုပ်ငန်း ဆက်လက်လုပ်ဆောင် နိုင်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ ပုံစံ (၁၀၅) တစ်ချပ် မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံ ရရှိရန်အချက်သည် ရေးကူးပေးသော ဌာနနှင့် ရယူလိုသောကာယကံရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ဖြစ်မြောက် နိုင်ပါသည်။ ပုံစံ(၁၀၅)နှင့်အတူ နောက်ဆက်တွဲပါ ရှိလာမှုမှာ အဆိုပါဦးပိုင်၏ မြေရာ ဇဝင်(၁၀၆) ဖြစ်ပါသည်။ ထို့အတွက် မြေစာရင်းပုံစံ (၁၀၃) လျှောက်ထားလွှာအား ကာယကံရှင်မှ သေချာစွာဖတ်ရှုပြီး တိကျစွာ ဖြည့်သွင်းရန် အထူးလိုအပ်လှပါသည်။

မြေစာရင်းပုံစံ (၁၀၅) သည် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အစပျိုးလုပ်ငန်း သာဖြစ်သည့် အတွက် ပုံစံ (၁၀၅) ရရှိပြီးသည်နှင့် လုပ်ငန်းပြီးစီးသွားပြီဟု အများ ပြည်သူ၏ နားလည် ယုံကြည် လက်ခံထားမှုအစွဲသည် မှားယွင်းနေပါကြောင်း တင်ပြ အပ်ပါသည်။ ပုံစံ (၁၀၅) ရရှိရုံနှင့် လုပ်ငန်းမပြီးဆုံးသေးပါကြောင်း မှတ်ယူထားစေ ချင်ပါသည်။ ပိုင်ရေးပိုင်ခွင့်ရရှိရန်သည် ပုံစံ (၁၀၅) တစ်ခုတည်းဖြင့် လုံးဝလုံးဝမလုံ လောက်ပါ။ ပိုင်ရေးပိုင်ခွင့်အတွက် ခွင့်ပြုနိုင်သူ အာဏာပိုင်ထံမှ ခွင့်ပြုအမိန့်စာ ရရှိပြီးမှသာ လုပ်ငန်းပြီးဆုံးပါမည်။ ပုံစံ (၁၀၅) သည် စာရင်းမြေပုံ ကောက်နုတ် ချက်တစ်ခုသာဖြစ်ပြီး၊ ပိုင်ဆိုင်မှုတစ်ခုအတွက်  အထောက်အထား တစ်ရပ်မဟုတ်ပါ။

ဤနေရာ၌ တင်ပြလိုသည်မှာ ကာယကံရှင်များအနေဖြင့် လယ်ယာမြေဖြစ်စေ၊ မြို့မြေ ဖြစ်စေ မည်သို့သော မြေဖြစ်စေ၊ မြေယာတစ်ရပ်ကို သက်ဆိုင်ရာ ချထားပေး ပိုင်ခွင့်ရှိသူထံမှ ဥပဒေနှင့်အညီရရှိခဲ့ပါက မဖြစ်မနေ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်း(၃)ရပ်ရှိပါသည်။

၎င်းတို့မှာ-

(က)   မြေကိုလက်ရောက်ရယူခြင်း- ဆိုသည်မှာ မြေပေးစလစ် သို့မဟုတ် မြေယာ လုပ်ပိုင်ခွင့် စသည့် လက်မှတ်တစ်ခုရရှိပြီဆိုပါက အဆိုပါမြေ အတွင်း ချင်းနှင်းဝင်ရောက်၍ ဥပမာအားဖြင့် ခြံစည်းရိုးကာရံရန်စီမံ ခြင်း၊ မြေရှင်းလင်းခြင်း စသည့် မိမိပိုင်ဆိုင် လုပ်ကိုင်ခွင့် ဆိုင်ရာနှင့် ပတ် သက်သော လုပ်ငန်းများကို မပျက်မကွက် ဆောင်ရွက်ရန်လိုအပ်ပါ သည်။ မိမိရရှိထား သည့် မြေပေးစလစ် သို့မဟုတ် မြေယာလုပ်ပိုင်ခွင့်  စသည့် လက်မှတ်တစ်ခုကို သိမ်းဆည်းထားပြီး၊ ဖော်ပြပါ လုပ်ငန်း ဆောင်ရွက်ခြင်းမပြုပါက နောင်တစ်ချိန်တွင် ရှင်းလင်းရ ခက်သော ပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။

(ခ)     မြေကိုအသုံးပြုခြင်း- မိမိရရှိခဲ့သည့် မြေအပေါ်တွင် သတ်မှတ်သည့် နည်းလမ်း အတိုင်း စနစ်တကျ အသုံးချရန်လိုပါမည်။ ဥပမာအားဖြင့် စိုက်ပျိုးမြေဖြစ်ပါက သတ်မှတ်သည့် သီးနှံအမျိုးအစားများ စိုက်ပျိုးခြင်း၊ မြို့မြေဖြစ်ပါက ခြံစည်းရိုးကာရံခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရပါမည်။

(ဂ)     မြေအမည်ပေါက် ပိုင်ဆိုင်ခွင့်ရယူခြင်း- မြေယာတစ်ရပ်ကို သက်ဆိုင်ရာ ချထား ပေးပိုင်ခွင့်ရှိသူထံမှ ထုတ်ပေးသော လက်မှတ်သည် မြေပိုင်ဆိုင် ခွင့်လက်မှတ်မဟုတ်သေးပါ။ အဆိုပါမြေအား သတ်မှတ်သည့်နည်းလမ်း အတိုင်း အသုံးပြုရန်ခွင့်ပြုသော အထောက်အထား (သို့မဟုတ်) အမိန့်စာ တစ်ခုသာဖြစ်ပါသည်။ အဆိုပါ အမိန့်စာပေါ်အခြေခံ၍ မြေစာရင်းပုံစံ (၁၀၅)ရေးကူးခြင်းကို ဦးစွာဆောင်ရွက်ပြီး မိမိအမည်ပေါက် မြေပိုင်ရှင် ဆိုင်ရာ အခွင့်အရေး ရရှိနိုင်ရန် ဥပဒေနှင့်အညီ မပျက်မကွက်ဆောင်ရွက် ထားရှိရန် အထူးလိုအပ်ပါသည်။

ကာယကံရှင်များအနေဖြင့် အထက်ဖော်ပြပါအတိုင်း မြေစာရင်းပုံစံ(၁၀၅) ရရှိ ပြီးပါက မြေပိုင်ရှင်ဆိုင်ရာအခွင့်အရေး၊ တစ်နည်းအားဖြင့် မြေအားမိမိအမည်ပေါက် ရရှိရေး ဆက်လက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် သက်ဆိုင်ရာဌာန သို့ လုပ်ထုံးလုပ်နည်း နှင့် အညီ တင်ပြ၍ ဂရန်လျှောက်ထားခြင်း စသည်အားဖြင့် ဆောင်ရွက်ရပါမည်။ သို့မှသာ နောင်တစ်ချိန် မိမိသားစဉ်မြေးဆက်တိုင် အမွေကြောင်း အရ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း စသည် များကဲ့သို့ လိုအပ်သလို လွှဲပြောင်းမှုများအား တည်ဆဲဥပဒေနှင့်အညီ နောင်ရေး စိတ်အေးချမ်းစွာ ဖြင့် ဆက် လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ပိုင်ရေးပိုင်ခွင့်ရရှိရန်နှင့် ကာယကံရှင်များ လိုအင်ဆန္ဒနှင့်အညီ ဆောင်ရွက် နိုင်ရန်အတွက် လျှောက်လှမ်းရမည့် လုပ်ငန်းစဉ်များတွင် ဦးစွာအစပျိုးလုပ်ဆောင် ရသော လုပ်ငန်းတစ်ခုဖြစ်ပြီး ပုံစံ (၁၀၅၊ ၁၀၆) ရရှိရုံဖြင့် လုပ်ငန်းပြီးစီးခြင်း မဟုတ် ကြောင်း အလေးအနက် ထပ်မံဖော်ပြ အပ်ပါ သည်။ မြေယာစီမံခန့်ခွဲမှုတိုင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ရန်လိုအပ်ပြီး စနစ်ကျန မှန်ကန်ရန် အစဉ်အမြဲ ဦးစားပေးစဉ်းစားရပါမည်။ စနစ်ကျမှန်ကန်၍ လုပ်ထုံး လုပ်နည်း မှန်ကန်မှသာ နောင် အနာဂတ်အရေးတွင် စိတ်ချမ်းသာမှုရပါမည်။ မျက်မှောက် ကာလ တွင်လည်း ငြိမ်း ချမ်းမှုရရှိပါမည်။ သို့ဖြစ်ပါ၍ မြန်မာ့မြေယာ စီမံခန့်ခွဲမှုစနစ်များအကြောင်း နှင့် စပ်လျဉ်း ၍ မြေစာရင်းပုံစံ (၁၀၅၊ ၁၀၆) အကြောင်းကို သိမှီသမျှ ရေးသားတင်ပြအပ် ပါသည်။

Comments are closed.