ဆောင်းပါး

တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး

လူနှင့်တိရစ္ဆာန်အဖွဲ့အစည်းများတွင် ရောဂါအထူးအဆန်းများသည် မထင်မှတ်နိုင်လောက်သော နှုန်းထားများနှင့် ပေါ်ထွက်လျက်ရှိပါသည်။ ယင်းရောဂါများကြောင့် ပြည်သူလူထုနှင့် တိရစ္ဆာန်လောကတွင် အတော်ကလေးအထိတ်တလန့် ဖြစ်လာခဲ့ကြသည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်းကြီး (OIE) အနေဖြင့် လတ်တလောပေါ်ပေါက်လာသည့် တိရစ္ဆာန်မှလူသို့ ကူးစက်သော ရောဂါများအပေါ် လောလောလတ်လတ် အရှိန်အဟုန်ဖြင့် အလေးထားလာမှုသည် OIE ၏ ပရဝဏ်ပြင်ပတွင် ဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ်နှင့် ဆက်နွှယ်လျက်ရှိပါသည်။ ကမ္ဘာ့ပြည်သူလူထုအတွက် ကြောက်မက်ဖွယ် အကောင်းဆုံးရန်သူမှာ နျူကလီးယားလည်းမဟုတ်ပါ၊ အကြမ်းဖက်သမားများ အန္တရာယ်လည်းမဟုတ်ပါ၊ သဘာဝမိခင်ကြီးမှ ပေါ်ပေါက်လာသည့် အန္တရာယ်ပင်ဖြစ်ပါသည်။
၎င်းမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်လာခဲ့သည့် ရောဂါသစ် ရောဂါဆန်းများပင်ဖြစ်သည်။ ကူးစက်မြန်သေပျောက်နှုန်းများပြားသော ရောဂါဆန်းများသည် မထင်မှတ်သော နေရာမှ ရုတ်တရက် ပေါ်ပေါက်လာနိုင်ပြီး ယင်းရောဂါကို ချေမှုန်းနိုင်သည့် ကျွမ်းကျင်မှုနည်းပညာ၊ အရင်းအမြစ်များ မပြည့်မစုံဖြစ်နေစဉ် လူသားတစ်ရပ်လုံးကို ဒုက္ခလှလှကြီးပေးနိုင်စွမ်းရှိပါသည်။ လူသာများသည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ရောဂါများကို ကပ်ရောဂါ အသွင် အနေဖြင့် စိန်ခေါ် မှုကြီးကြီးမားမားကြုံတွေ့ခဲ့ရသည့် Severe Acute Resp-iratory Syndrome coronavirus (SARS-CoV) ကို ၂၀၀၂ ခုနှစ်က တရုတ်နိုင်ငံ ဝက်တုပ်ကွေးခေါ် Swine-origin pandemic (H1N1) influenza A virus ကို ၂၀၀၉ ခုနှစ်က မက္ကဆီကို နိုင်ငံနှင့် Middle East Respiratory Syndrome coronavirus (MERS-CoV) ကို ၂၀၁၂ ခုနှစ်တွင် ဆော်ဒီ အာရေဗျနိုင်ငံ၌ အသီးသီးဖြစ်ပွားခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွား ခဲ့သည့် Coronavirus Disease (COVID-19) ကူးစက်ရောဂါ သည် ယခုလက်ရှိကမ္ဘာတစ်ဝန်း ဖြစ်ပွား လျက်ရှိပြီး မူလ အစက ရောဂါ၏ ဇာစ်မြစ် ကို မခွဲခြားနိုင်သေးဘဲ အပြည် ပြည်ဆိုင်ရာ ဗိုင်းရပ်စ်လေ့လာရေးအဖွဲ့ (ICTV) ၏ တွေ့ရှိ ချက်အရ COVID-19 ကူးစက် ရောဂါ သည် Severe Acute Respiratory Syndrome coronavirus 2 (SARS-COV-2) ကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေး  အဖွဲ့ကြီး (WHO) က သတ်မှတ်ကြေညာခဲ့ပါသည်။
အမှန်စင်စစ် SARS ရောဂါဖြစ်သည့် (Severe Acute Respiratory Syndrome) ခေါ် အသက်ရှူလမ်းကြောင်း၌ ဖြစ်တတ်သည့် ကူးစက်ရောဂါမှာ မြုပ်ချည်ပေါ်ချည်ဖြင့် လူသားတို့ကို ဒုက္ခပေးသည့်ရောဂါဖြစ်ကြောင်း သက်သေ ပြခဲ့ပါသည်။ ယင်းရောဂါဆိုးအန္တရာယ်မှာ ချဲ့ကား ပြော ဆိုနေခြင်းထက် တကယ့်လက်တွေ့၌ ပို၍ကြောက်စရာ ကောင်းကြောင်း သိရှိရပါသည်။ ထိုဆန်းသစ်လာသော ရောဂါများနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် ကျယ်ပြန့် သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ်ရှိပြီး အောက်ဖော်ပြပါ ရောဂါ (၃) ရပ်ကို လွှမ်းခြုံထားပါသည်။ ၎င်းမှာ-
– သိပြီးသောရောဂါတစ်ရပ်ဖြစ်သော်လည်း ပထဝီ ဝင်ဒေသ နယ်ပယ်သစ်တစ်ရပ်တွင် ပေါ်ပေါက် သောရောဂါ
– သိပြီးသောရောဂါတစ်ရပ်ဖြစ်သော်လည်း တစ်ခါမှ မဖြစ်ပေါ်ဖူးသေးသောတိရစ္ဆာန်အမျိုးအစားတွင် ဖြစ်ပေါ်သောရောဂါ
– ယခင်က မသိရှိဖူးသေးသော ပထမဆုံးတွေ့ကြုံ ရသည့် ရောဂါအမျိုးအစားများ ပါဝင်ပါသည်။
အဆိုပါအမျိုးအစားသုံးမျိုးတွင် ရောဂါအများစုမှာ တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ ဖြစ်ကြသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ၇၅ ရာခိုင်နှုန်း သော ရောဂါများမှာ (Emerging diseases) တိရစ္ဆာန်မှ လူသို့ ကူးစက်သောရောဂါများဖြစ်ပါသည်။ တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော မည်သည့်ရောဂါကိုမဆို တိရစ္ဆာန် မှလူသို့ ကူးစက်တတ်သောရောဂါ (Zoonosis) ဟု ခေါ်ဆို ပါသည်။ အဆိုပါ ဝေါဟာရကို ၁၈၅၅ ခုနှစ်က Trichin-ella ခေါ် ဝက်သန်ကောင်ရောဂါကို လေ့လာခဲ့သည့် ဂျာမန်ဆရာဝန် Rudolf Virchow က စတင် ကင်ပွန်းတပ် ခဲ့ခြင်းဖြစ်ပါသည်။ ယင်းရောဂါကို လေ့လာခဲ့သောVirchow သည် လူတို့၏ ဆေးပညာနှင့် တိရစ္ဆာန်ဆေးကုပညာတို့၏ အရေးပါသော နှီးနွှယ်မှုကို ကောင်းစွာလက်ခံသဘော ပေါက်ခဲ့သူဖြစ်ပါသည်။ ၎င်း၏ဆရာဝန်ဘဝတစ်လျှောက် လုံးတွင်လည်း လူနှင့်တိရစ္ဆာန်ရောဂါ ဆက်စပ်ကူးစက်ပုံကို အလေးထားလေ့လာခဲ့ပါသည်။ ယနေ့ခေတ်တိုင်အောင် Virchow ကို ရောဂါဗေဒ၏ ဖခင်ကြီးဟု လူသိများခဲ့သလို ရောဂါဆိုင်ရာ ဆဲလ်သီအိုရီကို ဖော်ထုတ်ခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ ၎င်း၏ဆေးပညာ အသိအမြင်တို့သည် မျက်မှောက် ကမ္ဘာ့ကျန်းမာရေး အခြေအနေနှင့် အများဆုံး ဆက်စပ်လျက်ရှိပါသည်။
ဆန်းသစ်လာသောကူးစက်ရောဂါများကို ဖြစ်ပေါ်စေ ခြင်းနှင့်တစ်ချိန်က ဆယ်စုနှစ်၊ ရာစုနှစ်များ အတွင်း မသိ သာမမြင်သာခဲ့သောရောဂါများ ယခုခေတ်အခါသမယ တွင် ပိုမိုဖြစ်ပွားလာရခြင်း တို့မှာ လူဦးရေတိုးပွားလာမှု ကြောင့်ဖြစ်ပါသည်။ သို့အတွက် ကုန်စည်ကူးသန်းမှု ကြောင့် သော်လည်းကောင်း၊ တစ်ကိုယ်ရေစိတ်ကျေနပ်မှု အရ သော်လည်းကောင်း၊ နည်းပညာ တိုးတက်လာမှု ကြောင့်သော်လည်းကောင်း၊ မျိုးစိတ်တစ်မျိုးနှင့်တစ်မျိုး ရောနှောခွင့် ရလာကြပါသည်။ အဏုဇီဝပိုးများမှာ တစ်နေရာမှ တစ်နေရာသို့ကူးသန်းခွင့်ရလာပြီး ရောဂါ ဖြစ်စေတတ်သော အကျိုးဆက်များ ဖြစ်ပေါ်လာပါသည်။ ထို့အပြင် Globalization ကြောင့်လည်း စျေးကွက်အင်အား များ ဖြစ်ပေါ်လာပြီး သက်ရှိများအကြား အချင်းချင်းရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများကို အင်တာနက်များဖြင့် လေ့လာ၍ လုပ်ငန်း ဆက်စပ် ဆောင်ရွက် နိုင်ကြပါသည်။
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသည် လွန်ခဲ့သော အနှစ် ၂၀ ကျော်အတွင်း သုံးဆခန့် မြင့်မား တိုးတက် လာပါသည်။ ထိုသို့သော ကုန်သွယ်မှုကြောင့် ပြည်သူ အများ၊ တိရစ္ဆာန်များ၊ တိရစ္ဆာန်ပစ္စည်းထွက်ကုန်များ ရွေ့လျားသွားလာမှုမှာ မထင်မှတ်လောက်သော အဆင့် ထိသို့ တိုးတက်လာခဲ့ပါသည်။ ထိုသို့လူဦးရေကြီးထွား လာမှုနှင့် Globalization ဖြစ်စဉ် နှစ်ခု ပေါင်းစပ် ခြင်း ဖြင့် ထွက်ပေါ်လာသော အင်အား (Synergy) ကြောင့် ရောဂါ ဖြစ်စေသော အရာများ (Agents) များသည် ထိုရှိရင်းစွဲ နေရာများမှသည် နယ်ပယ်သစ်များဆီသို့ ရောက်ရှိ လာပြီး ၎င်းတို့၏ ဒုက္ခပေးတတ်သောသဘာဝကို ပြသလာကြ ပါသည်။
လူသားတို့တွင် ရောဂါဖြစ်စေသော ရောဂါပိုး ၁၄၁၅ မျိုးတွင် ၆၁ ဒသမ ၆ ရာခိုင်နှုန်းမှာ တိရစ္ဆာန် တို့မှ အခြေခံ လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရောဂါပိုး ၆၁၆ မျိုးမှာ အိမ်မွေး တိရစ္ဆာန်များ တွင် ဖြစ်ပွားတတ်ပြီး ၇၇ ဒသမ ၃ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မျိုးစိတ်အမျိုးမျိုးတွင် ဖြစ်ပွားနိုင်သည့် ရောဂါပိုးများ ဖြစ်ကြသည်။ အသားစား သော အိမ်မွေးတိရစ္ဆာန်များတွင် ရောဂါဖြစ်စေသော ရောဂါပိုးအမျိုးပေါင်း ၃၇၄ မျိုးရှိပြီး ၉၀ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မျိုးစိတ်အမျိုးမျိုးတွင် ဖြစ်ပွား နိုင်သည်။ ထို့ကြောင့် တိရစ္ဆာန်များတွင်ဖြစ်တတ်သော ရောဂါပိုး များသည် သီးခြားကန့်သတ်မဲ့ သော သဘာဝတွင် ရှိပါ သည်။ အကယ်၍ မျိုးမတူသောတိရစ္ဆာန်များ အတူတကွ စုစည်း ထားလျှင် အဏုဇီဝပိုးများ ပြောင်းလဲမှုသည် အလွယ်တကူဖြစ်ပေါ်နိုင်ပါသည်။ တောရိုင်းတိရစ္ဆာန် များ၏ ရောဂါပိုးများကို အသေးစိတ်မသိရှိသေးခြင်း သည်လည်း အကြောင်း တစ်ကြောင်း ဖြစ်ပါသည်။ လက်ခံ ကောင်၏ တိရစ္ဆာန်အမျိုးအစား (မျိုးစိတ်) များ၊ ကူးစက် နိုင်သောရောဂါပိုး၏ မျိုးစိတ်အမျိုးအစားကို အခြေခံမည် ဆိုလျှင် တွဲဖက်ပေါင်းစပ်နိုင်မည့် အတွဲအသစ်ပေါင်း (Permutations) များစွာပေါ်ထွက်လာမည်ဖြစ်သဖြင့် တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများကြောင့် ပြည်သူ့ ကျန်းမာရေးနှင့် တိရစ္ဆာန်ကျန်းမာရေးတို့အပေါ်တွင် အရေးတကြီး ထိတ်ပြာလာရမည့်အခြေအနေမှာ ထူးဆန်း လှသည် မဟုတ်ပါ။
သို့သော် သေချာသည့်အချက်မှာ ထိုကဲ့သို့ရောဂါများ နောက်ထပ်ရှိနိုင်သေးခြင်းဖြစ်ပြီး တိရစ္ဆာန် ဆေးကုသ ရေးနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ ယင်းရောဂါများ ပေါ်ပေါက်လာစေမည့် အောက်ဖော်ပြပါ ထင်ရှားသော အကြောင်းအရပ်များကို ထည့်သွင်းစဉ်းစားပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပါသည်။
(၁)တိရစ္ဆာန်များရွေ့လျားသွားလာမှု (Movement of animals)
ကမ္ဘာတစ်ဝန်းတွင် တိရစ္ဆာန်များကုန်သွယ်မှုအတိုင်း အတာမှာကြီးမားပြီး တဖြည်းဖြည်း ကြီးထွားတိုးတက်လာ ပါသည်။ သယ်ယူပို့ဆောင်သည့် တိရစ္ဆာန်များမှာ မွေးမြူ ရေး တိရစ္ဆာန်နှင့် ကြက်၊ ဘဲများ၊ ချစ်စနိုးမွေးမြူရန် နိုင်ငံ ပြင်ပမှ တိရစ္ဆာန်များ၊ တောရိုင်းတိရစ္ဆာန်များ ဖြစ်ကြပါ သည်။ အဆိုပါတိရစ္ဆာန်ကုန်သွယ်မှုများအားလုံးမှာ ရောဂါ များ ပေါ်ပေါက်လာစေရေးအတွက် အရင်းအမြစ်များ ဖြစ်ကြပါသည်။
လူတို့စားသုံးရန် အသား၊ နို့၊ ဥ လိုအပ်ချက်မြင့်မားလာ မှုကြောင့် တိရစ္ဆာန်မွေးမြူရေးမှာ တိုးတက်လာပြီး ထုတ်လုပ်မှုအပိုင်းမှာ ဆက်လက်မြင့်မားတိုးတက်လျက် ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေမှာ ၇ ဒသမ ၇ ဘီလီယံ ရှိလာနိုင်မည်ဟု ခန့်မှန်းခဲ့ကြပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ တစ်ကမ္ဘာလုံး တိုးချဲ့လာရမည်ဖြစ်ပြီး တိရစ္ဆာန်မွေးမြူရေးတွင်လည်း ကောင်ရေအမြောက်အမြားကို စုစုစည်းစည်းမွေးမြူလာကြ ရတော့မည်ဖြစ်ပါသည်။ သို့ဖြစ်၍ မွေးမြူရေးအတွက် လိုအပ်သော သွင်းအားစုများမှာ ပြည်တွင်း၌သော်လည်း ကောင်း၊ နိုင်ငံများအကြား၌သော်လည်းကောင်း၊ စီးဆင်းမှု မှာ သွက်လက်လျင်မြန်ပြီး တိုးတက်များပြားလာမည်ဖြစ် ရာ ရောဂါပျံ့နှံ့မှုအလားအလာမှာ မြင့်မားလာပါတော့ သည်။ တိရစ္ဆာန်များကို စုပေါင်းထိန်းသိမ်းထားခြင်းမှာ လည်း ရောဂါဖြစ်ပေါ်လာနိုင်မှု အလားအလာမြင့်မားစေ ပါသည်။ ဥပမာအားဖြင့် နီပါးဗိုင်းရပ်စ်နှင့် ကြက်ငှက် တုပ်ကွေးရောဂါများ ဖြစ်ကြပါသည်။
အပြည်ပြည်ဆိုင်ရာ တရားဝင်/တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ပေါင်း ၁၅၉ ဘီလီယံရှိကြောင်း သိရှိရပါသည်။ ဤသို့ သမားရိုးကျ မဟုတ်သော သတ္တဝါများ ကူးသန်းသွားလာ မှုသည် အဏုဇီဝမုန်တိုင်းကြီးတစ်ခုကို ဖန်တီးလာသကဲ့ သို့ရှိနေပါသည်။ တိရစ္ဆာန်ရုံများသည်လည်း ရောဂါဖြစ်စေ သောပိုးမွှားများ၊ တိရစ္ဆာန်မျိုးစိတ်တစ်ခုမှ အခြားတစ်ခုသို့ ကူးသန်းသွားလာရန် အခြေအနေပေးသောနေရာ တစ်ခု ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ တိုက်ကြီးခြောက်တိုက်၌ နိုင်ငံ ၇၂ နိုင်ငံရှိ တိရစ္ဆာန်ရုံပြတိုက် ၅၈၆ ခုတွင် ၈၂ ရာခိုင်နှုန်း မှာ တိရစ္ဆာန်ရုံများသို့ ရောက်ရှိလာသည့် အကောင်သစ် များဖြစ်ပြီး ၆၄ ရာခိုင်နှုန်းမှာ ငှက်များဖြစ်ပါသည်။ တွား သွားသတ္တဝါအများစုမှာ တိရစ္ဆာန်ရုံ၌ပင် ပေါက်ပွားကြ သည်များ ဖြစ်၏။ ဤသို့ဖြင့် မျိုးမတူသောမျိုးစိတ်များ အတူ ရောနှောနေထိုင်ခြင်းဖြင့် အကျိုးပြုခြင်း (သို့မဟုတ်) အကျိုးမဲ့ခြင်း စသည့်အခွင့်အလမ်းများ ဖြစ်ပေါ်တတ်ပါသည်။
(၂) တောရိုင်းတိရစ္ဆာန်များနှင့်ချုံအောင်းသား စားသုံးမှု အလေ့ (Wildlife and consumption of bush meat)
တိရစ္ဆာန်အရှင်များ ကို ကုန်သွယ်မှုနှင့် ချုံအောင်း သား စားသုံးမှုအလေ့မှာ တိုးတက် များပြားလာသဖြင့် အများ အာရုံစိုက်ရမည့် အခြေအနေ ဖြစ်ပေါ် လာပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအလေ့အထများနှင့် ဆက်နွှယ်ပြီး SARS ရောဂါနှင့် Ebola ရောဂါများ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိနေရာ အနှံ့အပြားတွင် တောကောင်သားရောင်းဝယ်ဖောက်ကား ခြင်း၊ သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။ ယခုခေတ်တွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်မှုကြောင့် ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားသော ခရီးကို အချိန်တိုအတွင်း သွားလာနိုင်မှုကြောင့် ရောဂါပျံ့နှံ့မှု အလားအလာမှာ ပို၍မြင့်မားလာပါသည်။ အသားများမှ တစ်ဆင့် ရောဂါပိုးများသည် နယ်သစ်ပယ်သစ်၊ လက်ခံ ကောင်သစ်များဆီသို့ မမျှော်မှန်းနိုင်သည့် အကျိုးဆက်များ ပေါ်ပေါက်လာရေးကို ဦးတည်လျက် အသီးသီးဝင်ရောက် လျက်ရှိပါသည်။
(၃) တိရစ္ဆာန်အရှင်စျေး (Live animal markets)
တိရစ္ဆာန်မျိုးစုံရောင်းချလေ့ရှိပြီး အထူးသဖြင့် စားသုံး သူများ လတ်လတ်ဆတ်ဆတ် စားသုံး နိုင်ရန် ရောင်းချ လေ့ ရှိပါသည်။ သို့ရာတွင် အဆိုပါ တိရစ္ဆာန်များမှ ချောင်းဆိုး ခြင်း၊ နှာချေ ခြင်း၊ ဆီး/ဝမ်းသွားခြင်းဖြင့် ရောဂါပိုး များ သည် အနီးအနားရှိ လူနှင့် တိရစ္ဆာန်ဆီသို့ ကူးစက် ပျံ့နှံ့နိုင်ပါသည်။ ထိုသို့ တိရစ္ဆာန်အရှင် ရောင်းချမှု သည် ရောဂါပျံ့နှံ့နိုင်သည် ဟု လွန်ခဲ့သော နှစ်များကပင် သတိ ပြုမိခဲ့ကြပါသည်။ ဥပမာ (ကြက်ငှက်တုပ်ကွေးရောဂါ)။ ၂၀၀၄ ခုနှစ် အစောပိုင်းလောက်က တရုတ်နိုင်ငံသွေးစွန်းစျေးတစ်ခုတွင် အလုပ်လုပ်ကိုင်ကြသော အလုပ်သမားအချို့ကို သွေးရည်ကြည်စစ်ဆေးရာတွင် SARS Corona Virus ကူးစက်ထားကြောင်း တွေ့ရှိရပါသည်။ ယင်းဇာစ်မြစ်ကို စိစစ်ရာတွင် ကြောင်ကတိုး (Civet cats) ရောင်းချမှုကို အခြေခံသည်ကို တွေ့ရှိရသဖြင့် ဤကိစ္စကို အထူးတလည် အလေးထားအာရုံစိုက် လာကြပါသည်။
(၄) ဂေဟစနစ်ဖျက်ဆီးခြင်း (Ecological Disruption)
ဂေဟစနစ်ဖျက်ဆီးခြင်းသည် ရောဂါသစ်များနိုးထရာ အန္တရာယ်ကြီးမားသော အချက်တစ်ရပ်ဖြစ်နိုင်ပါသည်။ လူသားတို့သည် နယ်သစ်ပယ်သစ်များဆီသို့ ချဲ့ထွင် တိုးဝင်လာကြရာ အချို့သောရောဂါပိုးသစ်များသည် ခြေလေးချောင်း သတ္တဝါများမှလည်းကောင်း၊ ကြက်ငှက် များမှလည်းကောင်း၊ လူသားများဆီသို့ဝင်ရောက်၍ ရောဂါသစ်များ ဖြစ်ပေါ်စေနိုင်ပါသည်။
လူသားများ ရွေ့လျားမှုကြောင့် ၎င်းနှင့်အတူ ရောဂါပိုး သည် နယ်မြေဒေသတစ်ရပ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့အတူ ရောဂါမကူးစက်သေးသော လူသားတို့သည် နယ်မြေသစ်တစ်ရပ် ဆီသို့ ရောက်ရှိသွားမှုကြောင့်လည်း ရောဂါသစ်တစ်ရပ် ပေါ်ထွက်နိုင်ပါသည်။ ဥပမာအားဖြင့် နယူးဇီလန်နိုင်ငံမှ သြစတြေးလျနိုင်ငံသို့ အမြီးဖွားခြပုရွက် စားတိရစ္ဆာန် (Brush tail possums) များကို တင်သွင်း ခဲ့ရာတွင် ယင်းတိရစ္ဆာန်များသည် ကျွဲ၊ နွားအဆုတ်ရောဂါ (TB) ပိုး သိုလှောင်ထိန်းသိမ်းထားရာ သတ္တဝါများဖြစ်နေ ကြပါသည်။ စိတ်ဝင်စားစရာအချက်မှာ ဇီဝလုံခြုံမှု (Biosecurity) ဆိုသည်မှာ တစ်ချိန်က လူနာ (သို့မဟုတ်) ရောဂါရှိ တိရစ္ဆာန်၊ ဓာတ်ခွဲခန်း၊ ဆေးခန်း (သို့မဟုတ်) မွေးမြူရေးခြံများအတွက်သာ ရည်ညွှန်းခဲ့ပါသည်။
သို့ရာတွင် ယခုအခါ အဆိုပါအချက်များသာမက တော့ပဲ ဂေဟစနစ် (Ecosystem) ကိုပါ ထည့်သွင်း၍ ကျယ်ပြန့်စွာ စဉ်းစားရတော့မည်ဖြစ်ပါသည်။ Biosecurity ကိုတစ်ချိန်က ကျဉ်းမြောင်းသောအမြင်ဖြင့် ကဏ္ဍကလေး တစ်ရပ်ကိုသာ ကွက်၍ စဉ်းစားခဲ့မှုကြောင့် ရောဂါသစ်များ ပေါ်ထွက်လာမှုကို အားပေးသကဲ့သို့ ရှိခဲ့ဖူးသည့်သာဓက များရှိပါသည်။ အနီးဆုံးဥပမာပြရမည်ဆိုလျှင် DDT (Dichloro Diphenyl Trichloroethane) ခေါ်ပိုးသတ်ဆေး ကို လွန်ခဲ့သောဆယ်စုနှစ်များက ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ရာတွင် အခြားမလိုလားအပ်သည့် ဆိုးကျိုးများ ကြုံတွေ့ခဲ့ရပါသည်။ တိရစ္ဆာန်ဆေးကုပညာရှင်များအနေဖြင့် ယခုအခါတွင် ဇီဝလုံခြုံမှုဟူသော ဝေါဟာရကို ကျယ်ပြန့်သော အသိအမြင်ဖြင့် တွေးတောစဉ်းစားကြရန် လိုအပ်ပါသည်။
(၅) ဓာတ်ခွဲခန်း၌ မပျိုး/မမွေးနိုင်သေးသော
အဏုဇီဝပိုးများ (Uncultivatable microorganisms)
လူသားတို့ကို ရောဂါပိုးပေါင်း၏ ၁၄၀၀ ကျော်ခန့် ကူးစက်နိုင်ပြီး အများစုမှာ တိရစ္ဆာန်မှ လူသို့ ကူးစက်သော Zoonotic ရောဂါများဖြစ်ကြပါသည်။ ထိုရောဂါပိုးများ အားလုံးမှာ ကျွန်ုပ်တို့ သိရှိပြီးဖြစ်သလို လွယ်ကူစွာ ခွဲခြား ထုတ်ဖော်နိုင်သည်မှာ ၎င်းတို့ကို ဓာတ်ခွဲခန်းအတွင်း၌ပင် မွေးမြူပျိုးထောင်နိုင်၍ ဖြစ်ပါသည်။ လွန်ခဲ့သောဆယ်စုနှစ် များအတွင်း မော်လီကျူလာ Genetics ခေါ် မော်လီကျူး ဆိုင်ရာ မျိုးရိုးဗီဇပညာအားကြောင့် ပေါ်ပေါက်လာသော ပိုးစာရင်းမှာလည်း ကျယ်ပြန့်လာပါသည်။ နျူကလီယပ် မပါသော အဏုဇီဝပိုး အမျိုးအစားပေါင်း များစွာရှိပြီး မူလက သိရှိထားသော ပိုးမျိုးများထက်ပင် ပိုများ ကြောင်း သိရှိရပါသည်။ အသစ်တွေ့ရှိသော ပိုးများမှာ အများအားဖြင့် ဗက်တီးရီးယားပိုးများပင်ဖြစ်ပြီး ယင်းတို့ မှာ သဘာဝ အရသော်လည်းကောင်း၊ ဓာတ်ခွဲခန်း နည်းပညာအရလည်းကောင်း ပေါ်ပေါက် လာခြင်းဖြစ် ပါသည်။ ယင်းတို့အနက်အမျိုးအစား ဘယ်နှမျိုးလောက် မှာ လက်ခံကောင် အသစ်များ ကို ရောဂါကူးစက်နိုင်မည် မသိပါ။
(၆) ရောဂါစူးစမ်းထောက်လှမ်းမှု
(Improved surveillance)
ရောဂါစူးစမ်းထောက်လှမ်းမှုများ တိုးတက်ဆောင် ရွက်လာမှုကြောင့် ရောဂါသစ်၊ ရောဂါဟောင်းများစွာတို့ သည် ပို၍ လွယ်ကူလျင်မြန်စွာ ပေါ်ထွက်လာပါသည်။ ယင်းနှင့် ဆက်စပ်၍ နမူနာကောင်းတစ်ခုမှာ နွားရူးရောဂါ (Bovine Amyloidotic Spongiform Encephalopathy) ခေါ် BASE ရောဂါဖြစ်ပါသည်။ ယင်းရောဂါကို အီတလီ သုတေသီများက ရှာဖွေတွေ့ရှိခြင်းပင် ဖြစ်သည်။ အီတလီ နိုင်ငံတွင် BSE (Bovine Spongiform Encephalopathy) ရောဂါနှင့် ပတ်သက်၍ နွားဦးနှောက်အရေအတွက် ၁ ဒသမ ၆ သန်းကို စစ်ဆေးရှာဖွေရာမှတွေ့ရှိခြင်း ဖြစ်ပါ သည်။ စမ်းသပ်မှုတစ်ခုခုအနက် ရောဂါသစ်တစ်မျိုးဖြစ် သည့် BASE ကို ဦးနှောက်၏ အခြားအစိတ်အပိုင်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ BASE ၏ Prion (ပရိုတိန်းမှာ BSE ၏ Prion Protein နှင့်မတူဘဲ ၎င်းတွင် (Sugars)သကြား အနည်းငယ်တွယ်ကပ်နေသည်ကို သတိပြုမိကြ ပါသည်။ ၎င်းသည်လူတွင် ပြောက်ကျိ ပြောက်ကျား ဖြစ်တတ်သော Creutzfelzt Jakob Discase ကဲ့သို့ပင် အလားသဏ္ဌာန်တူပါသည်။
(၇) အကြမ်းဖက်အန္တရာယ် (Terrorism)
နောက်ဆုံးအချက်တစ်ချက်မှာ အကြမ်းဖက်သမား တို့၏ အန္တရာယ်ပင်ဖြစ်ပါသည်။ အကြမ်းဖက်ရာတွင် အသုံးပြုကြသည့် ဇီဝပိုးမွှားများမှာ မူလကပင်သိရှိပြီး သော ရောဂါပိုးများ ဖြစ်ကြပါသည်။ သို့ရာတွင် အချို့သော အကြမ်းဖက်သူတို့တွင် ပိုးမွှားကျွမ်းကျင်သူများအနက် လူသားမုန်းတီးရေးသမားများ စိတ်ရူးနှမ်းသူတို့၏ လက် ချက်ကြောင့် မူလပိုးများကို အနည်းငယ်အသွင်ပြောင်း လျက် ရောဂါသစ်အသွင်သဏ္ဌာန်ဖြင့် ဖန်တီးပြီး လူသား ပတ်ဝန်းကျင်ထဲသို့ သွတ်သွင်းပေးလိုက်မည်ကို စိုးရိမ် ပူပန်လျက်ရှိပါသည်။
နိဂုံးချုပ်အနေဖြင့် ဆန်းသစ်လာသော ရောဂါဟောင်း/ ရောဂါသစ်များ၏ ရေစီးကြောင်းကို ရှုမြင်သုံးသပ်ရသည်မှာ ယနေ့ကြုံတွေ့နေရသော ရောဂါဆိုးများကဲ့သို့ပင် ရောဂါ တစ်ခုကုသမပြီးမီ နောက်တစ်မျိုးပေါ်ပေါက်လာနိုင် ခြင်းပင် ဖြစ်ပါသည်။ လူနှင့်တိရစ္ဆာန် အပြန်အလှန် ကူးစက်မှုမှာ တဖြည်းဖြည်းနားလည်ရခက်လောက်အောင် ရှုပ်ထွေးလာပါသည်။ လူနှင့် တိရစ္ဆာန်တို့၏ ဆက်သွယ်မှုမှာ သီးခြားခွဲခြားရန်ပင် လွန်စွာခက်ခဲလျက်ရှိပါသည်။ ကမ္ဘာ့ ကုန်သွယ်မှု တိုးမြင့်လာခြင်း၊ နေထိုင်မှုအရပ်ပြောင်းလဲ လာခြင်း (Habitat)၊ နေထိုင်သည့်ပုံစံ (Lifestyle) အမျိုးမျိုး ပြောင်းလဲလာမှုကြောင့်၊ လူနှင့်တိရစ္ဆာန်ဆက်သွယ်မှုမှာ ခွဲခြားမရ လောက်အောင် တစ်သားတည်းသဖွယ်ဖြစ်နေ ပါသည်။ ထို့ကြောင့် အသစ်အသစ် ဖြစ်ပေါ် လာသော ရောဂါ အသစ်များ၊ လူနှင့်တိရစ္ဆာန်ကူးစက်တတ်သော ရောဂါများ ကို တုံ့ပြန် ကာကွယ်နိုင်ရေးမှာ ကျွန်ုပ်တို့လူသားများ အတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ် ဖြစ်နေ ပါသည်။
လူနှင့်တိရစ္ဆာန်အကြား ဆက်သွယ်မှုကို နားလည် သဘောမပေါက်လျှင် ကျွန်ုပ်တို့ အလိုအလျောက် ရှုံးနိမ့်ပြီး ဖြစ်ပါ သည်။ Virchow ၏ ပထမဆုံးအဆိုတစ်ရပ်ဖြစ်သည့် “ဆေးပညာတစ်ရပ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တတ် မြောက်ဖို့ရန်မှာ ပို၍အရေးကြီးသည်” ဆိုသည့်အဆိုကို သတိချပ်သင့်ပါသည်။ လွန်ခဲ့သောနှစ်များစွာက လူသား ဇာတ်ခုံပေါ်တွင် ညီညာဖြဖြ ကခဲ့ကြရသော အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းကြီးများဖြစ်ကြသည့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO)၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)တို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ မကြုံစဖူးပေါ်ထွက်လာကြသည့် နွားရူးရောဂါ (BSE)၊ ကြက်ငှက်တုပ်ကွေးရောဂါ (Avian Influenza) တို့ကြောင့် မဟုတ်ပါလား။
တိရစ္ဆာန်ကျန်းမာ ရေးနှင့် လူထုကျန်းမာရေးတို့တွင်လည်းကောင်း၊ ဥပဒေ ပြဋ္ဌာန်းလိုက်နာမှုအပိုင်းတွင် လည်းကောင်း၊ တစ်စုံ တစ်ယောက်သည် အားနည်းချို့ယွင်းမှု ပေါ်ပေါက်လာ မည်ဆိုပါက ကြီးမားသည့် ပြဿနာကြီးတစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်။
ရောဂါဆိုင်ရာ ကျွမ်းကျင်မှုများ အလျင်အမြန် မွေးမြူထုတ်လုပ်နိုင်ရေးအတွက် တိရစ္ဆာန် ကျန်းမာရေး၏ အခြေခံအဆောက်အဦတစ်ခုတည်း၌ ချို့ယွင်းအားနည်း နေခြင်းမဟုတ်ပါ။ ပြည်သူ့ကျန်းမာရေး အခြေခံအဆောက် အဦတွင်လည်း ကျဆင်းအားနည်းနေသည်ကို ကမ္ဘာ တစ်ဝန်းလုံးတွင် တွေ့ရှိရပါသည်။ သို့ရာတွင် အချို့သော နိုင်ငံများတွင်မူ နိုးထလာသော ရောဂါသစ်များကြောင့် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးကို ပို၍တက်ညီ လက်ညီ ဝိုင်းဝန်းအာရုံစိုက်လာမှုကြောင့် လည်းကောင်း၊ နှစ်အနည်းငယ်အတွင်း ပြောင်းလဲတိုးတက်မှုများ ရှိလာ ပါသည်။ ထိုသို့ရောဂါသစ်များ ပေါ်ထွက်လာမှုကြောင့် တိရစ္ဆာန်ကျန်းမာရေးနှင့် ပြည်သူလူထုကျန်းမာရေးမှာ ခွဲခြားမရတော့ဘဲ ဖြေ၍မရနိုင်လောက်အောင် ရောယှက် လိမ်နေပြီဖြစ်ပါသည်။ သို့အတွက် ရောဂါအသစ်များ တိုက်ဖျက်ထိန်းချုပ်ရေးအတွက် ကျွမ်းကျင် သူများ ဖွဲ့စည်း တည်ဆောက်ရေးမှာ တစ်ဖက်သတ် သီးခြားဆောင်ရွက်၍ မရတော့ဘဲ ကမ္ဘာ့အဆင့် အဖြစ် အဘက်ဘက်မှ ပူးပေါင်း ကြိုးပမ်းသွားရန် အထူးလိုအပ်လျက်ရှိရာ ကမ္ဘာကြီး ၏ ကျန်းမာရေးမှာ အားလုံးပူးပေါင်းဆောင်ရွက်မှုအပေါ်မူတည်နေပါသည်။
ဒေါက်တာလွင်နိုင်ဦး (မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)
(OIE Emerging zoonoses and pathogens of public health concern (Vol.23 (2)) စာစောင် C.Brown ၏ Emerging zoonoses and pathogens of public health significance an overview ဆောင်းပါးမှ ကောက်နုတ်၍ ပြန်ဆိုထားခြင်းဖြစ်ပါသည်။)