စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် စပါးပျိုးသက်နုကောက် ကွက်ကြဲစိုက်နည်းစနစ်(SRI) လက်တွေ့စိုက်ပျိုးခြင်း ကွင်းပြပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးစိုးတင့် ၏ လယ်မြေ (၀.၁၆)ဧက တွင် ဆောင်ရွက်ရာ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ၊ တွဲဘက်ပါမောက္ခ (ငြိမ်း)၊ ဆရာကြီး ဦးသိန်းဆု က စပါးပျိုးသက်နုကောက် ကွက်ကြဲစိုက်နည်းစနစ် (SRI) နည်းစနစ်ဖြင့် စိုက်ပျိုးနည်း စနစ်များကို ရှင်းလင်းဆွေးနွေးပြီး မင်းကုန်းကျေးရွာအုပ်စု နှင့် အနီးဝန်းကျင် ကျေးရွာများမှ တောင်သူများ စိတ်ဝင်စားစွာ လေ့လာခဲ့ကြသည်။
ဆက်လက်၍ စပါးပျိုးသက်နုကောက် ကွက်ကြဲစိုက်နည်း SRI စနစ် စိုက်ပျိုးရန် ၁၁ လက်မပတ်လည် ၆ တန်း ၁တန်းလှပ် နည်းစနစ်ဖြင့် ကြောင်းဆွဲခြင်း နှင့် စိုက်ပျိုးခြင်းကို တောင်သူများ ကိုယ်တိုင် လက်တွေ့ ဆောင်ရွက်စေပြီး (SRI) နည်းစနစ်ဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များနှင့် (SRI) နည်းစနစ်၏ အကျိုးကျေးဇူးများကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ ယနေ့ကျင်းပသည့် စပါးပျိုးသက်နုကောက် ကွက်ကြဲ စိုက်နည်း SRI စနစ် ကွင်းပြပွဲသို့ တောင်သူ(၅၈)ဦးနှင့် ဝန်ထမ်း(၃၀)ဦး စုစုပေါင်း(၈၈)ဦး တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။