နယ်သတင်းများ သတင်းကဏ္ဍ

“မြို့သစ်မြို့နယ် တွင် စပါး မျိုးသန့် မျိုးပွားစိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်ပို့ချ”

စိုက်ပျိုးရေးဦးစီးဌာန က လမ်းညွှန်ထားရှိသည့် စပါးမျိုးသန့်ထုတ်လုပ်ငန်းစဉ်(၁၆)ရပ်နှင့်အညီ စပါး မျိုးသန့် မျိုးပွား စိုက်ပျိုးနည်းပညာပေးသင်တန်းကို ဇူလိုင်လ(၃)ရက်နေ့က မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့မ နည်းပညာပြန့်ပွားရေးစင်တာ(Konwledge Center- KC) တွင် ကျင်းပပြုလုပ်ခဲ့ရာ စပါးမျိုးသန့်ထုတ် တောင်သူ (၃၀)ဦး နှင့်အတူ စပါးမျိုးသန့်ထုတ်ခြင်းအား စိတ်ပါဝင်စားသည့် အခြားတောင်သူများ ပါဝင် တက်ရောက် လေ့လာ ခဲ့ကြသည်။

CERP လုပ်ငန်းစဉ်အရ ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ စပါးစိုက်တောင်သူများ ဒေသအလိုက် စပါးမျိုးသန့်ပွားများ (RS to CS)စိုက်ပျိုး ထုတ်လုပ်၍ တောင်သူအချင်းချင်း ဆက်လက်မျိုးသန့်ပွား စိုက်ပျိုး နိုင်စေရန် မိမိတို့ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၊ စပါး မျိုးသန့် မျိုးပွား စိုက်ပျိုးနည်းပညာပေးသင်တန်းများကို စိုက်ပျိုးရေး နည်းပညာပေး စင်တာများဖြစ်သည့် ဂွေးကုန်း KC ၊ မြို့လုလင် KC ၊ မြို့မ KC တို့တွင် စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများ က ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဇော်လင်း က ပြောသည်။

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး လုပ်သား များ တိုင်းဒေသကြီးအလုပ်သမားအဖွဲ့အစည်း၏ အကူအညီဖြင့် မင်းရပ်ကွက်၊ ယင်းနားကုန်း ကျေးရွာစိုက်ကွင်းတွင် (ဧရာမင်း)စပါးမျိုးသန့် (RS to CS) (၅၀)ဧက စိုက်ပျိုး ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့သစ်မြို့နယ်တွင် မိုးစပါး စီမံကိန်း လျာထား (၆၆၅၃၇)ဧက စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မိုးစပါး မျိုးသန့်ထုတ်လုပ်မည့် Rice Seed Production လုပ်ငန်းအား ပြည်ထောင်စုလုပ်ငန်း အစီအစဉ်ဖြင့် ဒေသအတွင်း မျိုးစေ့ထုတ် သမဝါယမ အသင်း (ရွှေကိုရံ SGC ၊ ရှေ့သို့ SGC) နှစ်ဖွဲ့တို့နှင့်အတူ ကျေးရွာ (၁၅)ရွာရှိ တောင်သူ (၁၃၆)ဦး တို့ ပေါင်းစပ်၍ စပါးမျိုးသန့်ထုတ် RS to CS (၂၆၂)ဧက စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။