မြန်မာနိုင်ငံ၌ (၂၆)ကြိမ်မြောက် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့ အခမ်းအနားကို ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီအချိန်က နေပြည်တော် ရုံးအမှတ်(၁၆) စုဝေးဆောင်ခန်းမ တွင် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ နေပြည်တော်ကောင်စီဝင် ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှ န်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်း ဥက္ကဌ ၊ သမဝါယမ ဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမ အသင်းများ မှ တာဝန်ရှိသူများ၊ သမဝါယမတက္ကသိုလ်များ နှင့် သမဝါယမအသင်းစုချုပ်များမှ တာဝန်ရှိသူများ က Video Conferencing ဖြင့်ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “Cooperatives for Climate Action – ဂေဟစနစ်များ မပျက်စီးဖို့ သမဝါယမ များ ဆောင်ရွက်စို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သမဝါယမအသင်းအဖွဲ့များ အနေနဲ့ အသင်းသား/ အသင်းဝင်အချင်းချင်း၊ အသင်းအချင်းချင်း ပူးပေါင်း၍ ရာသီဥတု ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ရေးကို အလေးထားရန် ရည်ရွယ်ထားရာ ဒီရည်ရွယ်ချက်ဟာ ကောင်းမွန်မျှတပြီး ပိုမိုစည်းလုံးညီညွတ် သော စီးပွားရေးတည်ဆောက်ရာတွင်လည်း ကျွန်တော်တို့ သမဝါယမအဖွဲ့ အစည်းများနှင့် အတူတကွ စည်းရုံးပူးပေါင်း ဆောင်ရွက်ရန် အပြည်ပြည် ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီးက တိုက်တွန်းနှိုးဆော်ထားပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားတဲ့ ၂၀၃၀ ခုနှစ် အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ပန်းတိုင် (၁၇)ရပ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြပါကြောင်း။ ကုလသမဂ္ဂ၏ SDGs (၁၇)ချက်မှ ပန်းတိုင်(၁၃)တွင် “ ရာသီဥတု ပြောင်းလဲခြင်း နှင့် ၎င်း၏ အကျိုး သက်ရောက်မှုများကို တိုက်ဖျက်ရေးအတွက် အရေးကြီးလုပ်ငန်းစဉ်များကို ချက်ချင်းချမှတ်ဆောင်ရွက်ရေး”ကို နိုင်ငံအားလုံးက ဆောင်ရွက်ကြဖို့ တိုက်တွန်း ထားသည်ကို တွေ့ရှိရပါကြောင်း။ SDGs များ အကောင် အထည်ဖော်ဖို့ နိုင်ငံအစိုးရ များက စီမံချက်၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သကဲ့သို့ G-7၊ G-20 ၊ EU ၊ UN ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့စသည့် Institution များ ကလည်း တတ်စွမ်းသမျှ အလေးထား၍ အကောင်အထည်ဖော်ဆောင်ရွက် နေကြတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း။ ထိုနည်းတူ ကမ္ဘာ့ Institution တစ်ခု ဖြစ်တဲ့ ICA (International Cooperative Alliance )၊ အပြည်ပြည်ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ် ကလည်း SDGs များကို ကမ္ဘာ့ သမဝါယမ၏လှုပ်ရှားမှုများ ဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရမှာ ဖြစ်ပါကြောင်း။
ဒီနေ့ကမ္ဘာကြီးမှာ လူသားတွေဟာ အစားအစာငတ်မွတ် ခေါင်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနဲ့ သဘာဝဘေးဆိုးများကျရောက်မှု၊ ရောဂါဆိုးဖြစ်ပွားမှုစတဲ့ များစွာသော ဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်နေ ကြရပါကြောင်း။ မိုးရွာ၊ ရေကြီး၊ ငလျင်၊ မုန်တိုင်း၊ မြေပြို၊ ကပ်ရောဂါဘေး၊ ပူပြင်း ခြောက်သွေ့စတဲ့ ရာသီဥတု၊ ရောဂါဘယ ဖောက်ပြန်မှုတွေ ကြောင့် ကမ္ဘာကြီး ဟာ လက်ရှိအချိန်ထိ ထိခိုက်နေဆဲဖြစ်ပါကြောင်း။ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းနေမှုနှင့်အတူ ဂေဟစနစ်များ ပျက်စီးဖောက်ပြန်လျက် ရှိပါကြောင်း။ ဒီလို မညီမျှမှုတွေ၊ ပဋိပက္ခ စိန်ခေါ်မှုတွေကို လျော့ပါး သက်သာစေဖို့ သမဝါယမအသင်းအဖွဲ့များ ကလည်း တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(MSDP) မဏ္ဍိုင် (၃)၊ ပန်းတိုင်(၅)၏ မဟာဗျူဟာ(၅.၂)တွင် “ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် ဖွံ့ဖြိုးမှု လမ်းကြောင်း သို့ ကူးပြောင်းရေး၊ လူမှုဘဝများကို ကာကွယ်စောင့်ရှောက်၍ သဘာဝဘေး အန္တရာယ် ကျရောက်မှု လျော့ကျစေရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိမှုမြှင့်တင်ရေး ” ဟူ၍ ပါရှိနေသည်ကို တွေ့ရှိရပါကြောင်း။ မြန်မာနိုင်ငံတွင်လည်း အမျိုးသား အဆင့် ရာသီ ဥတု ပြောင်းလဲမှု ဆိုင်ရာမူဝါဒ (၂၀၁၇-၂၀၃၀) ကို ချမှတ်ပြီး သဘာဝဘေးလျော့ပါးရေးနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ကို တတ်စွမ်း သမျှ လုပ်ဆောင်နေသည်ကို တွေ့နေရ ပါကြောင်း။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှု အောက်ရှိ သမဝါယမ ဦးစီးဌာန သည် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ရှေ့ရှု၍ အသင်းသား ပြည်သူ (၄.၂)သန်း ခန့် ပါဝင်သည့် သမဝါယမအသင်းပေါင်း (၃၉၉၂၉)သင်းကို ဖွဲ့စည်းထားရှိပြီး လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော သမဝါယမ အသင်းသားများ အတွက် ပံ့ပိုးချေး ငွေလုပ်ငန်း၊ လယ်ယာသုံး စက်ကိရိယာပစ္စည်းများအား Hire Purchase စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ လယ်ယာ ဝန်ဆောင်မှု လုပ်ငန်း၊ သွင်းအားစု ပံ့ပိုး ထောက်ပံ့ခြင်း လုပ်ငန်း၊ မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်း၊ အသင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း နဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သမဝါယမ စံနမူနာပြ မြို့နယ်များ ဖြစ်ပေါ်လာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
COVID-19 ကပ်ရောဂါ ဖြစ်ပေါ်နေသည့် ကာလအတွင်း အခြေခံ စားသောက်ကုန်စည်များကို အသင်းသား ပြည်သူများသို့ ရောင်းချခဲ့ရာ မြို့နယ်(၂၁၆)မြို့နယ်ရှိ သမဝါယမ အခြေခံ စားကုန် နှင့်ကုန်မျိုးစုံ အရောင်းဆိုင် (၃၁၃)ဆိုင်မှ အသင်းသားနှင့် ပြည်သူများသို့ ဈေးနှုန်းကြီးမြင့်မှု မရှိဘဲ သက်သာသော နှုန်းထားဖြင့် ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိတာကို တွေ့ရှိရပါကြောင်း။
အလားတူ တိုင်းဒေသကြီး/ ပြည်နယ် (၆)ခုရှိ ဆီစက်၊ ဆန်စက်၊ ပဲခွဲစက်၊ သကြားစက်နဲ့ ဆေးဝါး စက်ရုံ စုစုပေါင်း (၁၄)ရုံတို့မှ အခြေခံစား ကုန်နဲ့ ဆေးဝါးများအား ပုံမှန်ဈေးနှုန်းအောက် သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် လက်ငင်းငွေချေစနစ်၊ အရစ်ကျစနစ်နဲ့ အချို့ သမဝါယမအသင်းများအနေဖြင့် အိမ်အရောက် (Door to Door) စနစ် တို့ဖြင့် ပုံမှန် ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့တာကို တွေ့ရှိရပါကြောင်း။
၎င်းအပြင် ဗဟိုသမဝါယမအသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် အသင်းစုချုပ် အချင်းချင်း ချိတ်ဆက်၍ သမဝါယမအသင်းများ၏ No Profit, No Loss ဟူသော ကျင့်စဉ်နှင့်အညီ သီးနှံထွက်ကုန်များ ကုန်စည်ကူးသန်း ရောင်းဝယ်မှုအား တစ်ဖက်တစ်လမ်းမှ ဆောင်ရွက် ပေးလျက်ရှိရာ ရှမ်းပြည်နယ် မှ ထွက်ရှိသော ဂေါ်ဖီထုပ်များကို တိုင်းဒေသကြီး/ ပြည်နယ် (၁၁)ခု သို့ ဂေါ်ဖီထုပ် အရေအတွက် (၁)သိန်းကျော် ဖြန့်ဖြူးနိုင်ခဲ့ပြီး မန္တလေးနဲ့ မကွေး တိုင်းဒေသကြီးတို့မှ ကြက်သွန်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်(၄)ခု သို့ ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့တာကို တွေ့ရှိရပါကြောင်း။ ဒီလို သီးနှံထွက်ကုန်များ ကုန်စည်ကူးသန်း ရောင်းဝယ်မှုအား စဉ်ဆက်မပြတ် လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းမှာကြားလိုပါကြောင်း။
ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် သမဝါယမ အသင်းစုချုပ်များနဲ့ CB Bank တို့မှ မိမိတို့ သဒ္ဒါတရားအရ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီသို့ လှူဒါန်း ငွေကျပ်(၄၃၀.၈)သိန်း ထည့်ဝင်လှူဒါန်းခဲ့ကြတာ ကိုလည်း တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ်တွင် COVID-19 ၏ အကျိုးသက်ရောက်မှု ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရန် မြန်မာ့ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (National Food and Agriculture Systems Project – NFASP Project) အမည်နဲ့ ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန် ဒေါ်လာ သန်း (၂၀၀) အနက်မှ အမေရိကန် ဒေါ်လာ ၃၅သန်းနဲ့ လယ်ယာ စိုက်ပျိုးရေး သမဝါယမ အသင်း များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်း ကဏ္ဍသုံးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားဖို့ စီမံလျက်ရှိပါကြောင်း။ ကဏ္ဍ(၁) အနေနဲ့ သမဝါယမအသင်းများကတစ်ဆင့် လယ်သမားများ အတွက် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ကဏ္ဍ(၂)ကတော့ မျိုးစေ့ထုတ် သမဝါယမအသင်းများ တောင့်တင်း ခိုင်မာရေးအတွက် ငွေကြေးထောက်ပံ့ ပေးသွားမှာဖြစ်ပြီး ကဏ္ဍ(၃) ကတော့ သမဝါယမ ကန်ထရိုက် လယ်ယာစနစ် (Cooperative Contract Farming) ဆောင်ရွက်မယ့် သမဝါယမအသင်းတွေ ကို ငွေကြေး ထောက်ပံ့ ပေးခြင်း များ ဆောင်ရွက်မှာဖြစ်ပါကြောင်း။ ဆောင်ရွက်တဲ့ နေရာမှာ စနစ်တကျနဲ့ လုပ်ဆောင် ကြဖို့၊ စံနမူနာကောင်းများ ဖော်ဆောင် နိုင်အောင်ကြိုးစားကြဖို့ဖြစ်ပါကြောင်း။ လယ်ယာ ထုတ်ကုန်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး ကွင်းဆက် တစ်လျှောက် တတ်နိုင်တဲ့အပိုင်းမှာ သမဝါယမ အသင်းများက ဆောင်ရွက်သွားကြဖို့ကို မှာကြားလိုပါကြောင်း။
ကမ္ဘာ့နိုင်ငံများမှာ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုး တိုးတက်ပြီး သက်ဆိုင်ရာ နိုင်ငံများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးမှာ အထောက်အကူပြု ပေးလျက်ရှိနေတာကို တွေ့မြင် ကြားသိ ရပါကြောင်း။ မိမိတို့နိုင်ငံမှာလည်း သမဝါယမကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍတွေမှာ သမဝါယမအသင်းတွေအနေနဲ့ ယခု လက်ရှိ အနေအထားထက် ပိုမိုပြီး ထဲထဲဝင်ဝင် လုပ်ဆောင်ပေးနိုင်ဖို့အတွက် လည်း ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း။
နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်အစိုးရက ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့ ဦးတည်ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ မြန်မာ့သမဝါယမ အသင်း အဖွဲ့များအနေနဲ့လည်း ဂေဟစနစ်များ မပျက်စီး ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ ပူးပေါင်းပါဝင်ဖြည့်ဆည်း ဆောင်ရွက် ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ဟု ပြောကြားခဲ့သည်။
ထို့နောက် ဗဟိုသမဝါယမအသင်းလီမီတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အပြည် ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားပြီး အပြည်ပြည် ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ်က ပေးပို့သည့် သဝဏ်လွှာအား ဗဟိုသမဝါယမ အသင်းလီမိ တက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ ဒေါ်တိုးနန္ဒာတင်က ဖတ်ကြားသည်။ ဆက်လက်၍ သမဝါယမနေ့ ဂုဏ်ပြု မှတ်တမ်း တင် ဗီဒီယိုပြသကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး က နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် ဂုဏ်ပြု သတ်မှတ်ပေးချက်အရ နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ တွင် ကမ္ဘာအရပ်ရပ်ရှိ သမဝါယမ အဖွဲ့အစည်းများ က အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို နိုင်ငံအလိုက် ကျင်းပ လာခဲ့ ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို နှစ်စဉ် စျေးရောင်းပွဲများ ပြခန်း ပြကွက်များဖြင့် ခမ်းနားစွာကျင်းပခဲ့သော်လည်း ယခုနှစ်တွင် COVID – 19 ရောဂါကပ်ဘေးကြောင့် Video Conferencing ဖြင့် အခမ်းအနားသို့ ဒေသ အသီးသီးမှ ပါဝင်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။