မွေးမြူကုသရေးဆိုင်ရာ သတင်းကဏ္ဍ

တရုတ်နိုင်ငံတွင် တွေ့ရှိရသည့် ဝက်နှင့် ပတ်သက်သည့် ရောဂါပိုးသစ်ကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ က တရားဝင်အတည်ပြု ထုတ်ပြန်ထားခြင်းမရှိ

တရုတ်နိုင်ငံတွင် တွေ့ရှိရသည့် ဝက်နှင့်ပတ်သက်သည့် ရောဂါပိုးသစ်ကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ သို့ တရားဝင်အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မွေးမြူရေး နှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။

“ကမ္ဘာ့နိုင်ငံတွေမှာ ဝက်အပါအဝင် တိရစ္ဆာန်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့က အမြဲတမ်းထုတ်ပြန်ပေးနေ ပါတယ်။ အခုထိတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ကျွန်တော်တို့ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေကလည်း ဝက်အပါ အဝင် တိရစ္ဆာန် တွေမှာ ရောဂါဖြစ်ပွားမှုရှိရင် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ကို ၂၄ နာရီအတွင်း သတင်း အချက်အလက် ပေးပို့ရပါတယ်။ ဒီလိုဖြစ်ပွားမှု ရှိတဲ့ နိုင်ငံကပေးပို့တဲ့ သတင်းအ ချက်အလက် တွေကို ဒီအဖွဲ့ က ကမ္ဘာ့နိုင်ငံအသီးသီးကို အချက်အလက် ပြန်လည်မျှဝေပေးပါတယ်” ဟုမွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောသည်။

တရုတ်နိုင်ငံရှိ ဝက်များတွင် တွေ့ရှိရသည့် ရောဂါသည် ကပ်ရောဂါဗိုင်းရပ်စ်အသစ် ဖြစ်နိုင်ကြောင်း သတင်း များလည်း လတ်တလောတွင် ထွက်ပေါ်လျက်ရှိသည်။

“ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က တရားဝင် အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးတဲ့အတွက် အတိ အကျ ပြောလို့မရသေးပါဘူး။ တကယ်လို့ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့က ထုတ်ပြန်မှုရှိခဲ့ရင်တော့ ကျွန်တော် တို့ နိုင်ငံက ဝက်မွေးမြူသူတွေ မထိခိုက်အောင် ဆောင်ရွက် ရမယ့်အစီအမံတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဝက်တွေမှာ ဖြစ်ပွားတတ်တဲ့ ရောဂါ တွေနဲ့ ပတ်သက်တဲ့ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ် ” ဟု မွေးမြူ ‌ရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဝက်များ၌ ဖြစ်တတ်သော ရောဂါ များအပါအဝင် တိရစ္ဆာန်ရောဂါများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ဓာတ်ခွဲခန်းများတွင် တိကျစွာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်ဝက်မွေးမြူရေးကို ထိခိုက် နိုင်သည့် အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) နှင့်ပတ်သက်၍ သွေး(Whole Blood)နှင့် သွေးရည်ကြည်နမူနာ (Serum Sample) ပစ္စည်းများကို ဒေသဆိုင်ရာဓာတ်ခွဲခန်းတွင် (Rapid Test Kit) ဖြင့် အမြန်စစ်ဆေးခြင်း၊ ဇီဝလုံခြုံမှုအဆင့်(၂)ရှိ Reference Labs များဖြစ်သည့် ရန်ကုန်နှင့်မန္တလေး တိရစ္ဆာန် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတို့တွင် (Real Time PCR) ဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကယားပြည်နယ်မှာ ဝက်သေဆုံးမှုတွေ့ရှိခဲ့တဲ့အတွက် နမူနာပစ္စည်းတွေရယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေး လျက်ရှိပါတယ်။ စစ်ဆေးချက်တွေအရ ဝက်အားနည်း ရောဂါ Porcine Circovirus Type-2 (PCV-2) ဖြစ်ပွား တာတွေ့ရတဲ့အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တခြားနေရာတွေကို မကူးစက်အောင် ရောဂါထောက်လှမ်းစစ်ဆေးမှုတွေ ကိုလည်း ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ အဆက်မပြတ် ဆောင်ရွက်နေပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

မြန်မာနိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားမှုကို ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ်ရှိ မိုင်းလား၊ ပန်ဆန်း၊ မိုင်းယောင်းနှင့် မိုင်းဖြတ်တို့တွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လအတွင်း ရှမ်းပြည်နယ်ရှိ လားရှိုး၊ မိုးမောက်(ဒေါ့ဖုန်းယန်)နှင့် ဧပြီလက ညောင်ရွှေ(အင်းလေး) ဒေသတို့တွင် လည်းကောင်း တွေ့ရှိခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ သည်။

“အဓိက ကတော့ ဝက်မွေးမြူတဲ့သူတွေအနေနဲ့ မွေးမြူတဲ့အခါ ရောဂါကူးစက်မှုမရှိအောင် ဝက်တွေကို လွှတ်ကျောင်းတဲ့ အလေ့အထအစား ခြံနဲ့ သန့်ရှင်းစွာ မွေးမြူဖို့ အကြံပြုလိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဆီမှာက အစာကို စာကြွင်းစားကျန် ကျွေးတဲ့အလေ့အထ ရှိနေသေးတဲ့အတွက် ဒီလိုကျွေးမယ်ဆိုရင်လည်း ကျိုချက် ပြီးမှ ကျွေးသင့်ပါတယ်။ မွေးမြူတဲ့နေရာကိုလည်း သန့်ရှင်းအောင်ထားတဲ့အပြင် ကူးစက်မှုတွေ ကာကွယ် နိုင်အောင် လူအဝင်အထွက်ကို ကန့်သတ်ခြင်း၊ ခြံအဝင်မှာ ပိုးသတ်ဆေးကန်ထားရှိခြင်း၊ ခြံကို ပိုးသတ်ဆေးပုံမှန် ဖျန်းခြင်း ဒါမှမဟုတ် ထုံးမှုန့်ဖြူးတာမျိုးတွေ ဆောင်ရွက် သင့်ပါတယ်။ ရောဂါ ကင်းရှင်းကြောင်းစိတ်ချရတဲ့ ခြံက ဝက်တွေကိုသာ မွေးမြူသင့်ပါတယ်။ ပြီးတော့ မွေးမြူ ထားတဲ့ ဝက်တွေနဲ့ ပတ်သက်ပြီး ရောဂါဖြစ်ပွားမှု တစ်စုံ တစ်ရာ သံသယရှိရင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး တွေဆီက တစ်ဆင့် ဒါမှမဟုတ် တိုက်ရိုက်ပဲဖြစ်ဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို မြန်မြန်အကြောင်း ကြားဖို့ လိုအပ်ပါတယ်။ အကြောင်းကြားတာနဲ့ ကျွန်တော် တို့ ဦးစီးဌာနက သက်ဆိုင်ရာ ဝန်ထမ်းတွေက ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များဖြင့် မွေးမြူမည်ဆိုပါက ခြံများတွင် ဇီဝလုံခြုံမှု ကောင်းမွန်လာကာ အရည်အသွေးကောင်းမွန်သော ပစ္စည်းများ ထုတ်ယူရရှိလာနိုင်သည့်အတွက် စားသုံးသူများ ဘေး အန္တရာယ်ကင်းရှင်းခြင်း၊ ထုတ်လုပ်မှုနှင့် ဝင်ငွေပိုမို တိုးတက်ရရှိလာခြင်း စသည့်အကျိုးကျေးဇူးများကြောင့် ဝက်မွေးမြူရေးလုပ်ငန်းသည် အကျိုးအမြတ်ဖြစ်ထွန်း နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပညာရှင်များက လည်း သုံးသပ်ထားသည်။

မင်းမင်းဇော်၊ ကေတာ ဓာတ်ပုံ-မောင်ဖိုးဇော်(ကလေး)

၂-၇-၂၀၂၀နေ့ထုတ် မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစားများမှ ကူးယူဖော်ပြသည်။