ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေးစနစ် ဖွံ့ဖြိုးရေး စီမံကိန်း (NFASP)ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ။

        စီမံကိန်းတစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းတစ်ခုလုံး အောင်မြင်စေ ရေးအတွက် ထိန်းချုပ်စီမံခန့်ခွဲနိုင်ရေးနှင့် စဉ်ဆက်မပြတ် စိစစ်သုံးသပ်ဆောင်ရွက်ရေး အလွန် အရေးကြီးကြောင်း၊ စီမံကိန်း၏ သက်ဆိုင်ရာကဏ္ဍအလိုက် စီမံကိန်း ဦးဆောင်ကော်မတီ နှင့် လုပ်ငန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းနိုင်ရေး ကြိုတင် စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲထားမှုအလိုက် ဘတ်ဂျတ် လိုအပ်မှု ကို လျာထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းဦးတည်ချက်နှင့် လက်တွေ့ ဆောင်ရွက်မှု ကိုက်ညီမှုရှိစေ ရေး အထူးဂရုပြုဆောင်ရွက်စေလိုကြောင်း ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေး စနစ်ဖွံ့ဖြိုးရေးစီမံကိန်း(NFASP) ဖော်ဆောင် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတိုးမြှင့်စေခြင်းနှင့် သီးနှံအမယ်စုံစိုက်ပျိုးခြင်း လုပ်ငန်း၊ တန်ဖိုး မြှင့်တင်မှု ကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာခြင်းလုပ်ငန်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်း၊ ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းနှင့် ဆည်ရေသောက်စနစ် အတွင်းရှိ ရေမြောင်း များ ပြန်လည်တူးဖော်ရေး ရေငန်တားတာများ ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ရေး လုပ်ငန်း၊ စီမံကိန်း ကြီးကြပ်ကွပ်ကဲခြင်း ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် စောင့်ကြည့်အကဲဖြတ် သုံးသပ်ခြင်း လုပ်ငန်းစဉ် များ၊ ဒေသဆိုင်ရာ သုတေသနစင်တာများနှင့် သုတေသနခြံများ အဆင့်မြှင့် တင်ခြင်းစီမံကိန်း ဆိုင်ရာများ၊ လယ်ယာစိုက်ပျိုးရေးသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာများ ကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက  အ‌သေးစိတ်  ရှင်းလင်း တင်ပြကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့်အတူ  ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စုံညီစွာ တက်ရောက် ဆွေးနွေးကြသည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်း (NFASP) ကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြန်မာနိုင်ငံ အောက်ပိုင်း၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများ၊ ဧရာဝတီမြစ်ဝကျွန်း ပေါ်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသများနှင့် ကမ်းရိုးတန်းဒေသများ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခု နှင့် နေပြည်တော်ကောင်စီနယ်မြေ) တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။ စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ သီးနှံအမယ်စုံ ပိုမိုစိုက်ပျိုး လာနိုင်စေရန်၊ ရွေးချယ်ထားသော တန်ဖိုးမြှင့် ကွင်းဆက် တစ်လျှောက် မှ စိုက်ပျိုးရေးထုတ်ကုန် များ၏ အရည်အသွေး ပိုမိုကောင်းမွန်မှုနှင့် စျေးကွက်ယှဉ်ပြိုင်မှုများ တိုးမြှင့်လာနိုင်စေရန်နှင့် အရေးပေါ် တုံ့ပြန်မှု အစီအစဉ်များ ဆောင်ရွက် ပေးနိုင်ရေးတို့ကို ရည်ရွယ်၍ အဆိုပါစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

NFASP စီမံကိန်းကို ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေရယူကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ စီမံကိန်းကာလ (၅ နှစ်ခွဲ) အတွင်း  အကောင် အထည်ဖော် ဆောင်ရွက်မည့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး စီမံကိန်း(NFASP)အရ စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်မှု တိုးမြှင့်လာနိုင်ခြင်း၊ တန်ဖိုးကွင်းဆက် တစ်လျှောက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး စျေးကွက် ယှဉ်ပြိုင်နိုင်မှု တိုးမြင့်လာနိုင်ခြင်း၊ အစားအစာဘေးကင်း လုံခြုံမှုနှင့် အာဟာရ ပြည့်ဝရေး အတွက် ပံ့ပိုးပေးနိုင်ခြင်း၊ Covid-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာ သည့် ရေတိုရေရှည် ကုစားပေးနိုင်မည့် အစီအမံများကို ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။