ပြောင်းလဲလာသည့် ကမ္ဘာ့ရာသီဥတုသည် လယ်ယာလုပ်သားများ၏ လယ်ယာ လုပ်ငန်း ခွင်များ ရာသီချိန်အမီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ ခေတ်ကာလ အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် လယ်ယာလုပ်သား ရှားပါးမှု ပြဿနာ သည်လည်း လယ်ယာ လုပ်ငန်းခွင်များတွင် ကြုံတွေ့ရသည့် အခြားစိန်ခေါ်မှုတစ်ခုအဖြစ် ရပ်တည် လျက် ရှိပါသည်။ ယင်းကိစ္စ ရပ်များကို ရင်ဆိုင်ဖြေရှင်းရန်အတွက် လယ်ယာ လုပ်ငန်း ခွင်များ တွင် ဆောင်ရွက်မှုများသည် စက်မှုလယ်ယာအခြေပြုသည့် ဆောင်ရွက်မှုများ အဖြစ်သို့ ကူးပြောင်းရန် လိုအပ်လာပြီဖြစ်သည်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် လုပ်ငန်းခွင်များတွင် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲလာရေးအတွက် ကြိုးစား အားထုတ် ဆောင်ရွက်လျက်ရှိပါသည်။ ပထမဆောင်ရွက်မှုမှာ တောင်သူ လယ်သမား များ အတွက် စက်ကိရိယာ များအလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်မှုဖြစ်ပါသည်။ ပုဂ္ဂလိကကုမ္ပဏီများ၊ ဘဏ်များနှင့် ပူးပေါင်း၍ ပထမအရစ် ပစ္စည်းတန်ဖိုး၏ ၁၀% ကိုသွင်းပြီး စက်ကိုလက်ဝယ်ရယူပြီး ကျန်၉၀%ကို ၆လတကြိမ် ၁၅% သွင်းခြင်း ၆ကြိမ်ဖြင့် ၃နှစ်အတွင်း ပြန်လည်ပေးဆပ်သည့် ပုံစံဖြစ်ပါ သည်။ ယင်းအပြင် တောင်သူ လယ်သမားများ အတွက် ဦးစီးဌာန အောက်ရှိ စက်မှု လယ်ယာ စခန်းများက ဆောင်ရွက် ပေးခြင်း နှင့် ပုဂ္ဂလိကဝန်ဆောင်မှု ကုမ္ပဏီ များ၊ သမဝါယမ ဝန်ဆောင်မှု အသင်းများ နှင့် ချိတ်ဆက်ပေးခြင်းဖြင့် လယ်ယာ လုပ်ငန်း ခွင် များ အဆင်ပြေချောမွေ့စေရေးအတွက် ကူညီဆောင်ရွက် ပေးလျက်ရှိပါသည်။ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလာနိုင်သည့်အတွက် လယ်ယာလုပ်ငန်းခွင်များ အတွင်း လေလွင့် ဆုံးရှုံးမှုများ ကို လည်း တစ်ဖက်တွင် လျော့နည်းစေ နိုင်ခဲ့ပါသည်။ ဤဆောင်းပါးတွင် လယ်ယာ သုံး စက်ကိရိယာ များ တိုးတက်သုံးစွဲလာသည့်နှင့်အမျှ တစ်နွယ်ငင်၊ တစ်စဉ်ပါဆိုသလို လိုအပ် လာသည့် စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများကို မွေးထုတ် ရေးအတွက် ဆောင်ရွက် နေမှုများ ကို အသိပေးတင်ပြအပ်ပါသည်။ ဦးစီးဌာနအနေဖြင့် ယင်းလုပ်သားများ မွေးထုတ် ရာတွင် လယ်ယာလုပ်ငန်းခွင်များ အဆင်ပြေချောမွေ့ရုံသာမက အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေရေးတို့အတွက်ပါ ရည်ရွယ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်များ ရရှိစေရေးတို့ အတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဌာန်းရေး အဖွဲ့ (NSSA) နှင့် ပါပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် စက်မှုလယ်ယာဦးစီးဌာန အနေ ဖြင့် စက်မှုလယ်ယာသင်တန်း ကျောင်းများ ၊ စက်မှုလယ်ယာ စက်ပြင် အလုပ်ရုံများ နှင့် တိုင်း ဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ စက်မှုလယ်ယာစခန်းများ တွင် လယ်ယာသုံး စက် ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများ၊ လယ်ယာသုံးစက်ကိရိယာ စက်ပြင် သင်တန်း များ၊ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းများနှင့် အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးရေး နှင့် အကဲဖြတ်ရေးဌာန အသိအမှတ်ပြုလက်မှတ်ရ စက်ပြင်အဆင့်(၁)သင်တန်းများကို ဖွင့်လှစ် လျက်ရှိပါသည်။
ဘယ်လိုသင်တန်းတွေ၊ ဘယ်မှာတက်နိုင်မလဲ
ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်အပါအဝင် လယ်ယာသုံးစက်ကိရိယာများ မောင်းနှင် ထိန်းသိမ်းမှု တတ်ကျွမ်းလိုသောတောင်သူများသည် မိထ္ထီလာမြို့၊ ပဲခူးမြို့ (ဘုရားကြီး)နှင့် နေပြည်တော်(ရေဆင်း)တို့ရှိ စက်မှုလယ်ယာသင်တန်းကျောင်း(၃)ကျောင်း၌ ဖွင့်လှစ်လျက်ရှိသော မောင်းနှင်ထိန်းသိမ်းမှုသင်တန်းသို့ တက်ရောက်သင်ကြားနိုင်ပါသည်။ သင်တန်းကာလမှာ (၂)လ ဖြစ်ပါသည်။ တစ်နှစ်လျှင် ပျမ်းမျှသင်တန်း(၁၀)ကြိမ် ဖွင့်လှစ်၍ တစ်ကြိမ်လျှင်သင်တန်းသား (၅၀)ဦးမှ (၇၀)ဦးထိအား စာတွေ့လက်တွေ့ သင်ကြားပေးလျက် ရှိပါသည်။ မိမိလက်ဝယ်ရှိ လယ်ယာသုံး စက်ကိရိယာများအား ပြင်ဆင်တတ်လိုသည့် သူများနှင့် ဒေသအလိုက် စက်ပြင်လုပ်ငန်းငယ်များ လုပ်ကိုင်လိုသူများအနေဖြင့် ရန်ကုန်မြို့၊ မအူပင်မြို့၊ ဟင်္သာတမြို့၊ မြောင်းမြမြို့၊ သထုံမြို့၊ မကွေးမြို့၊ ကျောက်ဆည်မြို့၊ မုံရွာမြို့၊ ရွှေညောင်မြို့နှင့် နေပြည်တော်ရှိ စက်မှုလယ်ယာဦးစီးဌာန၏ ပင်မနှင့် အလတ်စား စက်ပြင် အလုပ်ရုံများ၌ ဖွင့်လှစ် လျက်ရှိသော လယ်ယာသုံးစက်ကိရိယာ စက်ပြင်သင်တန်းများ သို့ တက်ရောက်သင်ကြား နိုင်ပါ သည်။ သင်တန်းကာလမှာ (၁)လဖြစ်ပါသည်။ စက်မှုလယ်ယာ ဦးစီးဌာန အနေဖြင့် တနှစ်လျှင် စက်ပြင်သင်တန်း (၂၄) ကြိမ်ခန့် ဖွင့်လှစ်၍ တစ်ကြိမ်လျှင် သင်တန်းသား (၃၀)ဦး မှ (၄၀)ဦး အထိလက်ခံပြီး စာတွေ့လက်တွေ့သင်ကြားပေးလျက် ရှိပါသည်။
စက်မှုလယ်ယာသင်တန်းကျောင်းနှင့် စက်ပြင်ရုံများသို့ သွားရောက်ရန်လည်းကောင်း၊ သင်တန်းကာလ (၁)လ၊ (၂)လ အချိန်ပေးရန်လည်းကောင်း၊ မိမိလုပ်ငန်းကိုစွန့်ခွာ၍ တက်ရောက် ရန်အခက်အခဲများဖြစ် ပေါ်လျက်ရှိသော ဒေသခံတောင်သူများအတွက် လယ်ယာသုံးစက်ကိရိ ယာအသုံးပြုနည်းဆိုင်ရာ အခြေခံများ သိမှတ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ၊ စက်မှုလယ်ယာ စခန်းများတွင် “လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်ထိန်းသိမ်းမှု အခြေခံသင်တန်း” များကို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါသည်။ တစ်နှစ်လျှင်အခြေခံ သင်တန်း ပျမ်းမျှ (၁၀၀)ကြိမ်ခန့် ဖွင့်လှစ်၍ တစ်ကြိမ်လျှင်သင်တန်းသား (၃၀)ဦး မှ (၅၀)ဦးအထိ ဒေသခံတောင်သူများတက် ရောက်လိုမှုအခြေအနေအရ ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေ
နိုင်ငံတော်၏ စက်မှုလယ်ယာကျွမ်းကျင်လုပ်သားလိုအပ်မှု အခြေအနေအရ စက်မောင်း ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရန် (၂၀၁၁-၁၂)ဘဏ္ဍာရေးနှစ်မှ စတင်၍လည်းကောင်း၊ စက်ပြင်ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရန်၊ စက်ပြင်သင်တန်းများကို (၂၀၁၆-၁၇) ဘဏ္ဍာရေး နှစ်မှ စတင်၍လည်းကောင်း၊ ပြုစုပျိုးထောင်ပေးလျက်ရှိရာ သင်တန်းအမျိုးအစား အလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်ခဲ့သော တောင်သူသင်တန်းသားများ၏ အခြေ အနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
သင်တန်းတက်ဖို့ ဘာတွေလိုအပ်မလဲ
အဓိကအနေဖြင့် လယ်ယာသုံးစက်ကိရိယာတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုရှိရန် လိုအပ် ပါသည်။ စက်မှုလယ်ယာသင်တန်းကျောင်းများ၌ ဖွင့်လှစ်သော မောင်းနှင်ထိန်းသိမ်းမှု(၂)လ သင်တန်းများနှင့် စက်ပြင်အလုပ်ရုံများ၌ ဖွင့်လှစ်သောစက်ပြင် (၁)လ သင်တန်းများသည် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများဖြစ်ပြီး စာတွေ့လက်တွေ့၊ နိုင်ငံတကာအခေါ်အဝေါ်များနှင့် သင်ကြားပို့ချ ခြင်းဖြစ်သဖြင့် ပညာအရည်အချင်းကို အခြေခံပညာ အလယ်တန်းအဆင့် (အဌမတန်း) အား အနည်းဆုံးသတ်မှတ်ထားပြီး အသက်အရွယ်အားဖြင့်(၁၈)နှစ်ပြည့်ပြီးသူများ တက်ရောက်နိုင် ပါသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် မိမိနှင့်နီးစပ်ရာ စက်မှုလယ်ယာ စခန်းများ တွင်လျှောက်လွှာပုံစံများ အခမဲ့ရယူ၍ မှတ်ပုံတင်မိတ္တူနှင့် မိမိ၏ဓါတ်ပုံ ပူးတွဲပေးပို့လျှောက်ထား နိုင်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုလယ်ယာစခန်းများနှင့် ဒေသအလိုက် သင်ကြားပို့ချလျက်ရှိသော လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ(၂)ပတ် သင်တန်းများမှာ လယ်ယာသုံး စက်ပစ္စည်းများ ၏ အခြေခံကိုင်တွယ်ထိန်းသိမ်းမှု ကိုသင်ကြားပေး ခြင်းဖြစ်ရာ စိတ်ဝင်စားသော တောင်သူအားလုံး တက်ရောက်သင်ကြား နိုင်ပါသည်။ သင်တန်း အမျိုးအစား အားလုံးအတွက် သင်တန်းကာလအတွင်း နေထိုင်စားသောက်စရိတ်အပါအဝင် သင်တန်းအထောက်အကူပြု ကုန်ကျစရိတ်များအား နိုင်ငံတော်မှကျခံခြင်းဖြစ်ပြီး သင်တန်းသား များအနေဖြင့် အခမဲ့တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပါသည်။ တက်ရောက်လိုသူများ အနေဖြင့်၊ မိမိနှင့်နီးစပ်ရာ စက်မှုလယ်ယာစခန်းများနှင့် ဆက်သွယ်၍ တက်ရောက်နိုင်ပါသည်။
နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လုပ်သားများ ဖြစ်စေရေး
စက်မောင်း၊ စက်ပြင်သင်တန်းများအနေဖြင့် ယုံကြည်အားထားရသော စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သားများ ဖြစ်စေရေးအတွက် သင်တန်းဆင်းပြီးနောက် သင်တန်းမှပညာရပ် များနှင့် လက်တွေ့လုပ်ငန်းပေါင်းစပ်၍ ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ သို့မှသာ နိုင်ငံတော်အတွက် အားထားရသော စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သားကြီးများအဖြစ်၊ စိုက်ပျိုးရေးကဏ္ဍ ၏အားထားရာ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် စက်မောင်း၊ စက်ပြင်သင်တန်း ဆင်းများကို နိုင်ငံတကာအသိ အမှတ်ပြု ကျွမ်းကျင်မှုလက်မှတ်များ ရရှိနိုင်ရေး အတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံလုပ်သား များကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေး အဖွဲ့ (NSSA) အနေဖြင့် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလတွင် စက်မှုလယ်ယာ သင်တန်းကျောင်း၊ မိတ္ထီလာမြို့အား စက်ပြင်အဆင့်(၁) အလုပ်အကိုင်အတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှု စစ်ဆေးရေးနှင့် အကဲဖြတ်ရေးဌာနအဖြစ် အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့ပြီး အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းများ ကိုနိုင်ငံတကာ “စံ” သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ယနေ့အထိတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှလာရောက်ဖြေဆိုသူ (၄၄၀)ဦး အနက်၊ ကချင် ပြည်နယ်မှ (၃၃)ဦး၊ ကယားပြည်နယ်မှ(၄)ဦး၊ ကရင်ပြည်နယ်မှ(၆)ဦး၊ ချင်းပြည်နယ်မှ (၆)ဦး၊ စစ်ကိုင်း တိုင်းမှ(၇၁)ဦး၊ တနင်္သာရီတိုင်းမှ(၉)ဦး၊ နေပြည်တော်မှ(၁၉)ဦး၊ ပဲခူးတိုင်းမှ(၄၃)ဦး၊ မကွေးတိုင်း မှ(၄၄)ဦး၊ မန္တလေးတိုင်းမှ(၁၀၇)ဦး၊ မွန်ပြည်နယ်မှ(၁၁)ဦး၊ ရန်ကုန်တိုင်းမှ(၁၁)ဦး၊ ရခိုင်ပြည်နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ် မှ(၂၉)ဦး၊ ဧရာဝတီတိုင်းမှ(၃၇)ဦး စုစုပေါင်း(၄၃၁)ဦးမှာ စာတွေ့လက်တွေ့ စစ်ဆေးမှုများ အောင်မြင်ခဲ့ကြပြီး နိုင်ငံအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ရရှိခဲ့ကြပြီးဖြစ်ပါသည်။ နိုင်ငံအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရရှိထားသူများအနေဖြင့် မိမိနှင့် ကိုက်ညီသောလုပ်ငန်းခွင်တွင် အာမခံချက်ရှိစွာဖြင့် အလုပ်လုပ်ကိုင်နိုင်ခြင်း၊ မိမိကျွမ်းကျင်မှု အဆင့်အလိုက် သင့်လျော်သော လုပ်ခလစာရရှိရန် အခွင့်အလမ်းကောင်းများရရှိပြီး မိမိ၏ကျွမ်း ကျင်မှုဆိုင်ရာ အထောက်အထားများ ခိုင်မာစွာပြသနိုင်ခြင်း၊ ပြည်တွင်း/ပြည်ပ အလုပ်လျှောက် ထားရာတွင် ကျွမ်းကျင်မှုဆိုင်ရာအလိုက် ပိုမိုလွယ်ကူစွာ အလုပ်အကိုင်ရရှိစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် စက်မောင်း၊ စက်ပြင်ကျွမ်းကျင်အဆင့်(၁)မှ အဆင့်(၄)အထိ၊ နိုင်ငံအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု ဆောင်ရွက်နိုင်ရေးကို မြန်မာနိုင်ငံ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ သင်တန်း ဆင်းတောင်သူများ၊ လက်တွေ့နယ်ပယ်ရှိ လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်အသုံးပြုသူများ အနေဖြင့် စက်မှုလယ်ယာသင်တန်းကျောင်း၊ မိတ္ထီလာမြို့နှင့် ဆက်သွယ်၍ ကျွမ်းကျင်မှု လက်မှတ် ရရှိရေး ဆောင်ရွက်နိုင်ကြပါသည်။
ဒေသအလိုက်စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများမွေးထုတ်နိုင်ရေး
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုလယ်ယာစခန်းများတွင်လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်ထိန်းသိမ်းမှုအခြေခံ (၂)ပတ်သင်တန်းများကိုသာ သင်တန်းပို့ချလျက်ရှိသဖြင့်ကျွမ်း ကျင်စွာတတ်မြောက်လိုသူများ အနေဖြင့် မိတ္ထီလာ၊ ပဲခူး(ဘုရားကြီး)နှင့် နေပြည်တော်(ရေဆင်း) စက်မှုလယ်ယာ သင်တန်းကျောင်းများသို့ လာရောက်သင်တန်း တက်ရောက်ကြရပါသည်။ နိုင်ငံတော်၌ လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲလာသည်နှင့်အမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် စက်မှုလယ်ယာသင်တန်းကျောင်း(၁)ကျောင်း ဖွင့်လှစ်၍ ဒေသခံကျွမ်းကျင် လုပ်သားများ မွေးထုတ်နိုင်ရေးကို ဦးတည်မျှော်မှန်း ဆောင်ရွက်လျက်ရှိပါသည်။ ယခင်က မန္တလေးတိုင်း(မိတ္ထီလာ)နှင့် ပဲခူးတိုင်း(ဘုရားကြီး)တွင်သာ စက်မှုလယ်ယာသင်တန်းကျောင်း (၂)ကျောင်းရှိရာမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (KOICA) ၏အထောက်အပံ့ဖြင့် နေပြည်တော်(ရေဆင်း)၌ စက်မှုလယ်ယာ သင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ဂျပန်နိုင်ငံ (ODA) ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဝင်ငွေတိုးတက်မှုစီမံကိန်း (AIIP) ဒုတိယအဆင့်၏ လုပ်ငန်း ရပ်တစ်ခုအဖြစ် ဧရာဝတီတိုင်း ၊ မြောင်းမြမြို့တွင် စက်မှုလယ်ယာ သင်တန်းကျောင်း(၁) ကျောင်းဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ ကွင်းဆင်းလေ့လာမှုများ၊ အချက်အလက် ကောက်ယူမှုများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်လည်း စက်မှုလယ်ယာ သင်တန်းကျောင်းများ ဖွင့်လှစ်၍ ဒေသအလိုက် စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပြီး ဒေသလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
လယ်ယာကုန်ထုတ်စွမ်းအားမြင့်မားစေရန်နှင့် အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးအတွက် သင့်တော်သော လယ်ယာသုံးစက်ကိရိယာများ တိုးချဲ့ သုံးစွဲ၍ စက်မှုလယ်ယာသို့ ပြောင်းလဲ ဆောင်ရွက်ရမည် ဖြစ်သလို ရာသီဥတု အခြေအနေများ ပြောင်းလဲလာခြင်းနှင့် ကျေးလက်ဒေသရှိ လယ်ယာလုပ်သား ခက်ခဲမှု များသည်လည်း စက်မှုလယ်ယာ ကူးပြောင်း ဆောင်ရွက်ရေးကို တွန်းအား ပေး လျက်ရှိရာ၊ မြန်မာနိုင်ငံ လယ်ယာ လုပ်ငန်းခွင်၌ စက်ကိရိယာ သုံးစွဲမှုမှာ သိသာစွာမြင့်မား တိုးတက်လျက်ရှိပါသည်။ စက်ကိရိယာများ တိုးတက်သုံးစွဲသည် နှင့်အမျှ လယ်ယာသုံးစက်ကိရိယာများကျွမ်းကျင်စွာ မောင်းနှင်၊ ပြင်ဆင်နိုင်မည့် စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးသည်လည်း လွန်စွာအရေးကြီး ပါသည်။ ဒေသအလိုက် စက်မှုလယ်ယာ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ခြင်းအားဖြင့် ဒေသ၏စိုက်ပျိုးရေးလုပ်ငန်း လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်မည်သာမက၊ ဒေသခံများ၏ ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအဖြစ် လုပ်ကိုင်လာနိုင်မည်ဖြစ်ခြင်း၊ သင့်တော်မည့် လယ်ယာသုံးစက်ကိရိယာများ မှန်ကန်စွာရွေးချယ်၊ ဆုံးဖြတ်အသုံးပြုလာနိုင် ကြမည်ဖြစ်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ်အသုံးပြုထိန်းသိမ်းတတ် စေခြင်း၊ လုပ်ငန်းခွင်များ၌ စက်များကို စွမ်းအား ပြည့် အကျိုးရှိထိရောက်စွာ အသုံးပြုလာနိုင်စေ ခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိ စေမည် ဖြစ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် လုပ်ငန်း အစီ အစဉ်များချမှတ်ကာ စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သားများ မွေးထုတ် ဆောင် ရွက် လျက် ရှိပါ ကြောင်းတင်ပြအပ်ပါသည်။