စိုက်ပျိုးထုတ်လုပ်သူများ ၊ စားသုံးသူများ ၊ တစ်ဘက်နိုင်ငံသို့ တင်ပို့ရာတွင် အဓိက ဆောင်ရွက်နေသော ကုန်သည်များ၊ ကုန်သွယ်ရေး နှင့် ကုန်စည်စီးဆင်းမှု လျင်မြန် ချောမွေ့စေရန် ဆောင်ရွက်နေကြသော ဌာနဆိုင်ရာများအနေဖြင့် GAP ကျင့်စဉ်များ၊ စံနှုန်းများ နှင့် GAP သီးနှံအကြောင်း သိရှိနားလည်စေရန် ၊ မူဆယ်(၁၀၅)မိုင် ၊ ကုန်သွယ်ရေး ဇုန်တွင် GAP Corner ဖွင့်လှစ်ခြင်းဖြင့် GAP သီးနှံ စျေးကွက် ဝေစုရရှိ လာစေရန် ၊ တစ်ဘက်နိုင်ငံ နှင့် နိုင်ငံတကာမှ တောင်းဆိုလာနိုင်သော GAP သီးနှံ ထုတ်လုပ် ရောင်းချခြင်းကို ကြိုတင်ပြင်ထားနိုင်ရန်တို့ကိုရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန က ကြီးမှူးကျင်းပသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP အကြောင်း အသိပညာပေးခြင်း နှင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် GAP သရက်သီးနှံ အရောင်း စင်တာတစ်ခု ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၁၀ ရက်နေ့က မူဆယ်မြို့နယ် မူဆယ်-နမ့်ခမ်းကုန်သည် ကြီးများသင်း အစည်းအဝေး ခန်းမ ၌ ကျင်းပ ပြုလုပ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင် ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် ၊ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် ၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲမြင့် ၊ ဌာနဆိုင်ရာများ ၊ သစ်သီးကုန်စည်ဒိုင် ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များ အသင်း ၊ ပဲပြောင်းနှမ်း ကုန်စည်ဒိုင် ၊ဆန်စပါး ကုန်စည်ဒိုင် တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ တွင် စားသုံးသူများအတွက် ၊ ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ထားသည့် GAP သီးနှံများကို ထုတ်လုပ်ပေးရမည့် အချိန်ကျရောက် နေပြီ ဖြစ်ကြောင်း ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဆိုသည်မှာ မြန်မာနိုင်ငံ၏ ကုန်စည်များ စီးဆင်းရာ နယ်စပ်ထွက်ပေါက်တစ်ခုဖြစ်၍ ပြည်ပစျေးကွက်သို့ တင်ပို့လိုသည့် စိုက်ပျိုး ထုတ်လုပ်သူများ အတွက် အားထားရာတစ်ခုဖြစ်ပါကြောင်း၊ သရက်သီးအပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များအား သမားရိုးကျ စိုက်ပျိုးရောင်းချခြင်းထက် သီးသန့်ဖောက်သည် များ အတွက် GAP စနစ်ဖြင့် ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက အရည်အသွေး အာမခံချက် အပြည့်ရှိသည့် ကုန်စည်များအပေါ် ခိုင်မာသည့် စျေးကွက်ရရှိလာမည်ဟု ယုံကြည် ပါကြောင်း ၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးတည်ဆွေးနွေးသည့် သရက်သီးနှံသာမက အခြားသီးနှံများကိုလည်း GAP Corner တွင် စျေးကွက်ဖွင့် ရောင်းချနိုင်မည်ဟု မျှော်မှန်းပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် က ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စိုက်ပျိုး ထုတ်လုပ် ထားသော GAP သီးနှံများအကြောင်းကို စားသုံးသူများ သိရှိနားလည်စေခြင်း၊ စိုက်ပျိုး ထုတ်လုပ်သူနှင့် ကုန်သည်များမှလည်း GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ) ဖြင့် စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့် စိုက်ပျိုးနည်းပညာများနှင့် လိုက်နာ ကျင့်သုံးရမည့် အလေ့အကျင့်များကို သိရှိနားလည်စေခြင်း ၊ (၁၀၅)မိုင် နယ်စပ် ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှုတွင် GAP သီးနှံစျေးကွက် မျက်နှာစာသစ် ဖွင့်လှစ်နိုင်ရန် မိမိတို့ ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ တွင် လိုက်နာ ကျင့်သုံးရမည့် နည်းစနစ်များနှင့် သရက်သီးနှံ GAP လက်မှတ်ရရှိရန် ဆောင်ရွက်သင့် သည်များကို ယနေ့ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဒေါက်တာ ဝဏ္ဏထွန်း က ပြောသည်။
GAP သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အရောင်းစင်တာတွင် GAP Corner မှ GAP သီးနှံစျေးကွက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မှုများ တွင် ပူးပေါင်းကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ GAP နှင့် စိုက်ပျိုးထုတ်လုပ် ထားသည့် သီးနှံအရောင်းစင်တာတစ်ခုဖွင့်လှစ်ပြီး ကုန်သွယ်မှု မျက်နှာစာ တစ်ခု လှစ်နိုင်ဖို့ စိုက်ပျိုးထုတ်လုပ်သူများ ၊ တင်ပို့သည့်ကုန်သည်များ ၊ လုပ်ငန်း ရှင်များ၊ တာဝန်ယူ ဆောင်ရွက် နေကြသည့်ဌာနများအချင်းချင်းအပြည့်အဝပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး တို့က ပြောကြားသည်။
ညနေပိုင်း တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန ၊သစ်သီးကုန်စည်ဒိုင် ၊ သရက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့မှ စကားဝိုင်းဖွဲ့ ဆွေးနွေး ရာတွင် GAP သီးနှံ၏အရည်အသွေးအာမခံချက်ရှိမှု ၊ နိုင်ငံတကာနှင့် အာဆီယံ အသိုက်အဝန်း တွင် စျေးကွက်ဝင်မှုအခြေအနေ ၊ GAP ဖြင့် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်တွင် အကျိုးသက်ရောက်မှု GAP သီးနှံအတွက် ရရှိလာ နိုင်မည့် Price Premium ၊ GAP အသိအမှတ်ပြု လက်မှတ်ရရှိရန်အတွက် ၊ တောင်သူနှင့် ပူးပေါင်းဆောင်ရွက်မှုများ ၊ ( ၁၀၅ ) မိုင် ကုန်သွယ်ရေးဇုန်၏ သစ်သီးကုန်သွယ်မှုပမာဏနှင့် ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရန် ဆောင်ရွက်မှုများ ၊ နှစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ၊ ကုန်စည်အလိုက် Export Tax နှင့် tariff ကွာခြားပုံများ ၊ သစ်သီးအတွက် သတ်မှတ် ထားသော Export Tax ၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၏ သစ်သီးစျေးကွက် ၊ သက်ရက် သီးနှံ၏ စျေးနှုန်းအမြင့်ဆုံးနှင့် အနိမ့်ဆုံးစျေးရရှိချိန် ၊ GAPအသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်ခဲများနှင့် အားသာချက်များ ၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် GAP Corner ဖွင့်လှစ်ခြင်းဖြင့် ပုံမှန်သရက်သီး စျေးကွက် တွင် သက်ရောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။