ဆည်-ရေကဏ္ဍ နယ်သတင်းများ

ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ရေတင်များ ရေတင်ဧရိယာအတွင်း စိုက်ပျိုးရေအသုံးချမှု စနစ်တကျဖြစ်စေရေး ရေအသုံးချသူများအဖွဲ့နှင့် ရေသုံးစွဲသူများ အသင်း ဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ရေတင်ငါးခုမှ မြစ်ရေတင် ဧရိယာအတွင်း စိုက်ပျိုးရေအသုံးချလျက်ရှိသော တောင်သူများအတွက် ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ရေသုံးစွဲသူများအသင်း (WUA) ဖွဲ့စည်းခြင်းကို ညောင်ဦးမြို့နယ် လက်ပံခြေပေါ် လျှပ်စစ်မြစ်ရေတင် ရှင်လင်းဆောင်တွင် ဇွန် လ ၂၆.ရက် နေ့ နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်တို့က အဖွင့်အမှာစကားပြောကြားကာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ ဦးဝင်းဆန်း(ညွှန်ကြားရေးမှူး)က ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်(PIM) အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ယခုလို ရေအသုံးချသူများအဖွဲ့(WUG)နှင့် ရေသုံးစွဲသူများအသင်း (WUA) ဖွဲ့စည်းရခြင်းမှာ လယ်ကြားရေသွင်းမြောင်းတစ်ခုမှ မြစ်ရေတင် ရေသောက်တောင်သူအချင်းချင်း အဖွဲ့အစည်း စိတ်ဓာတ်ဖြင့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ မြစ်ရေပေးဝေမှု စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များနှင့် မြစ်ရေတင်မြောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို မြစ်ရေတင်ရေဖြင့် အသုံးပြုတောင်သူများ ကောင်းစွာသိရှိနားလည်စေပြီး ဌာနနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး၊ ရေပေးရေယူအခက်အခဲများ ပူးပေါင်းဖြေရှင်းနိုင်စေရေး၊ မြစ်ရေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ကြသော တောင်သူများ မိမိတို့စိုက်ပျိုးဧရိယာအတွင်းရေ ဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို အကောင်းဆုံး ဖြစ်အောင် ကိုယ်တိုင်စီမံပါဝင်နိုင်ရေးတို့အတွက် ဖွဲ့စည်းပေးရခြင်းဖြစ်ပြီး ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က ရှင်းပြသည်။

ရေအသုံးချသူများအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းပြီး ရေသုံးစွဲသူများအသင်းတွင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊  စာရင်းစစ်၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် လက်ပံခြေပေါ်မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ ကျောက်ကူးမြစ်ရေတင်နှင့် လောကနန္ဒာမြစ်ရေတင်တို့ ရှိပြီး လက်ပံခြေပေါ်မြစ်ရေတင်တွင် စိစစ်စိုက်ပျိုးဧက(၁၀၀၀)ရှိပြီး မိုးစပါး ၄၂၅ ဧကနှင့် အခြားသီးနှံ ၃၂၅ဧက၊ သူကောင်းတည်မြစ်ရေတင်တွင် စိစစ်စိုက်ပျိုးဧက (၄၃၀၀)ရှိပြီး မိုးစပါး ၂၉၀ ဧက၊ အခြားသီးနှံ ၆၃၀ ဧကရှိကာ ငါ့သရောက်မြစ်ရေတင်သည် စိစစ်ဧက (၂၁၈၅)ဧကရှိပြီး မိုးစပါး ၁၀၀ဧက စိုက်ပျိုးကာ အခြားသီးနှံ ၇၀၀ ဧကစိုက်ပျိုးကြောင်း၊ ကျောက်ကူးမြစ်ရေတင်တွင် စိစစ်ဧက (၁၈၀၀)ရှိပြီး မိုးစပါး ၁၂၇ဧကနှင့် အခြားသီးနှံ ၅၀၈ ဧကစိုက်ပျိုးကြောင်း၊ လောကနန္ဒာမြစ်ရေတင်သည် စိစစ်ဧက (၇၂၀၀)ဧကရှိပြီး မိုးစပါး ၅၁၆ဧကနှင့် အခြားသီးနှံ စိုက်ပျိုးမှု ၂၀၃၄ဧက စိုက်ပျိုးကြောင်းလည်း သိရသည်။

ကိုထိန်၊KPD