ဆောင်းပါး

တည်ဆဲလယ်ယာမြေဥပဒေပါ အခွင့်အရေးများရယူခံစားနိုင်ရေး

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ၂၀၁၁ ခုနှစ်က ပါတီစုံဒီမိုကရေစီစနစ် ပြန်လည် စတင်ကျင့်သုံးခဲ့ပြီး တစ်နိုင်ငံလုံးလူဦးရေ၏ (၇၀)ရာခိုင်နှုန်းတည်ရှိနေသော ကျေးလက်နေ တောင်သူ လယ်သမားများဘဝ တိုးတက်မြင့်မားစေရေးအတွက် ၂၀၁၂ ခုနှစ်တွင် လယ်ယာမြေဥပဒေအား ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၁)ဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ(၃၀) ရက်တွင် အတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။ သို့ဖြစ်၍ ဤဥပဒေဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေနှင့် ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့် အရေး ကာကွယ်သည့်ဥပဒေများ ရုပ်သိမ်းခဲ့ပါသည်။

၂။       ယခုကဲ့သို့  ၂၀၁၂ ခုနှစ်တွင် လယ်ယာမြေဥပဒေအား အတည်ပြုပြဋ္ဌာန်းပေးလိုက် နိုင်သဖြင့် ယခင်အစိုးရအဆက်ဆက်ကကြွေးကျော်ခဲ့ကြသည့် လယ်လုပ်သူ လယ်ပိုင်ခွင့် ဆိုသည့်စကားရပ်ကို တစ်နည်းတစ်ဖုံ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ လယ်ယာ လုပ်ကိုင်သူများအဖို့ မိမိတို့လုပ်ကိုင် သည့် လယ်ယာမြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ကို လက်ဝယ်ပိုင်ပိုင်ထားရှိနိုင် ပြီလည်းဖြစ်ပါသည်။ ဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရယူနိုင်ရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့အနေဖြင့် လိုအပ်သော ညွှန်ကြားချက်များကိုပါ ထုတ်ပြန်ပေးခဲ့ပါသည်။ ယင်း အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်အား (၁-၆-၂၀၁၉) ခုနှစ်မှစတင်၍ ရောင်းချခြင်း၊ ပေါင်းနှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများကိုလည်း ဆောင်ရွက်နိုင် ကြပြီလည်းဖြစ်ပါသည်။

၃။      တစ်နည်းဆိုသော် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၏ အားနည်းချက်များကို ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများတွင် ပြင်ဆင်ရေးဆွဲနေစဉ်ကာလအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ တောင်သူလယ်သမားများ၏ အခွင့်အရေးများကို တည်ဆဲ ဥပဒေနှင့်အညီ အပြည့်အဝရယူဆောင်ရွက် နိုင်ရေးအတွက် လက်ရှိ အစိုးရကာလ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ထူးခြားသည့် လုပ်ဆောင်ချက် တစ်ခုဟု ဆိုနိုင်ပါသည်။

၄။      ထို့ပြင် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၂၀၂၀ပြည့်နှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂ ဖြင့် ထပ်မံပြဋ္ဌာန်းနိုင်ခဲ့သဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူတို့၏ အခွင့်အရေးများကို ပိုမိုခိုင်မာစေခဲ့ပါသည်။ ကမ္ဘာပေါ်တွင် လယ်ယာမြေ ပိုင်ဆိုင်မှုနှင့် ပတ်သက် ၍ နည်းလမ်းအမျိုးမျိုးရှိကြ ရာ အဓိကအားဖြင့် အောက်ပါအတိုင်း လေးမျိုးလေးစား ဖြစ်ကြောင်း လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်-

(၁)      Ownership Right (ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်မှပိုင်သည်။)

(၂)      Land Holder Right (လက်ဝယ်ကိုင်ဆောင်ထားရှိခွင့်) (ယခုလယ်ယာမြေဥပဒေအရ ပေးသော အခွင့်အရေးသည် ဤအခွင့်အရေးနှင့် ဆင်တူနေသည်။)

(၃)      Land Use Right (မြေယာအသုံးချပိုင်ခွင့်) (အချိန်ကာလကန့်သတ်ချက်နှင့်ပေးသော အခွင့်အရေးဖြစ်သည်။ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး အခွင့်အရေးမရှိ။ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥဒေဖြင့်သာ ပေးသောအခွင့်အရေးဖြစ်သည်။)

(၄)      Land Tiller Right (မြေယာထွန်ယက်ပိုင်ခွင့်) (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေမပေါ်မီပေးခဲ့သော အခွင့်အရေးဖြစ်သည်။ လုပ်ပိုင်ခွင့် ဟူ၍လည်း ဖော်ပြလေ့ရှိသည်။)

၅။      Ownership Rightနှင့်ပတ်သက်၍ အနည်းငယ်ဆွေးနွေးတင်ပြလိုပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ၃၇ တွင် အောက်ပါအတိုင်း ဖော်ပြထား ပါသည်။

နိုင်ငံတော်သည်-

(က)    နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံ ဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်၊

(ခ)      နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲ ကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေ ပြဌာန်းရမည်။

(ဂ)     နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဌာန်းချက်များနှင့် အညီ ခွင့်ပြုရမည်။

၆။      အထက်ပါ ပုဒ်မ ၃၇(က)အရ Ownership Right ကို နိုင်ငံတော်မှ ရရှိပြီးဖြစ်ပါသည်။ မိမိတင်ပြ ဆွေးနွေးလိုသည်မှာ ၃၇(ခ) နှင့် (ဂ) တို့ဖြစ်ပါသည်။ ၃၇(ခ) တွင် နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများထုတ်ယူသုံးစွဲခြင်းကိုကြီးကြပ်ရန် ဥပဒေများ ပြဋ္ဌာန်းရန်လိုကြောင်း ဖော်ပြပြီး ၃၇(ဂ)သည် နိုင်ငံသားများ၏ အခွင့်အရေးများကို  ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါသည်။ ဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုတွင် ဥပဒေဟူသည် အဖွဲ့အစည်းတစ်ခု၏ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးတို့ကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စဉ်တစ်ခုချင်းအလိုက် တိကျစွာလိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ၏ အစုအဝေးဖြစ်သည် ဟုဆိုသည်။

၇။      ဤအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် မိမိတို့ လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေနှင့် လုံခြုံရေးတို့ အတွက် ဥပဒေသည် မရှိမဖြစ်လိုအပ်ကြောင်း တွေ့မြင်ရသည်။ ဥပဒေများသည် မိမိတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် တစ်နည်းတစ်လမ်းအားဖြင့် ကာကွယ်ပေးရန် ဖြစ်ပါ သည်။၈။      ဥပဒေ ရှိရန်မလို ဟု ဆိုသူများအတွက် ငယ်စဉ်က ကြားဖူးသော၊ အများသိခဲ့ပြီး ဖြစ်မည့် ပုံပြင်တစ်ပုဒ်ကို ပြန်လည်တင်ပြလိုပေသည်။ ရွာတစ်ရွာရှိ မြေးအဖိုးတစ်စုတို့ နေထိုင်ရာ အိမ်တစ်ခု တွင်အခြေပြုသည်။ အချုပ်ကိုတင်ပြရလျှင် တစ်နေ့ အဖေလုပ်သူက အိုမင်းမစွမ်းဖြစ်သောဖခင် (ကလေးတို့၏အဖိုး) ကို တောင်းတစ်လုံးတွင်ထည့်၍ တောသို့ စွန့်ပစ်ရန် တောင်းကို ပခုံးထက်ထမ်း၍ ထွက်ခွာသည်။ ထိုအခါ သားဖြစ်သူက အဖေလုပ်သူကို မှာသောစကားဖြစ်သည်။ အဖေအဖိုးကို ပစ်ပြီးအပြန်ကြရင် ဒီတောင်းကိုပြန်ယူခဲ့ပါ၊  အဖေ့ အလှည့်ကျရင် သားပစ်ဖို့ တောင်းမရှိမှာ စိုးလို့ ဟူ၍ဖြစ်သည်။ ဥပဒေမရှိပဲ နေလိုသူများ အတွက် တစ်ချိန်တွင် မိမိက ပြုသူဖြစ်၍ အခြားအချိန်တစ်ခု တွင် မိမိကအပြုခံရသူအဖြစ်သို့ တစ်ပြန်တစ်လှည့်ကျ ရောက်မည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းအချိန် နှစ်ခုစလုံးအတွက် ဥပဒေသည်သာ ထိန်းကျောင်းပေးနိုင်ပါသည်။ ဥပဒေသည် မိမိတို့အတွက် လုံခြုံမှုကို ပေးနိုင် သလို မိမိတို့၏ အခွင့်အရေးကိုလည်း ဥပဒေနှင့်အညီ အကာအကွယ်ပေးမည်ဖြစ်သည်။ သို့ဖြစ် ၍ ဥပဒေသည် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ် ပါသည်။ ထို့အတူ လူတိုင်းအနေဖြင့် မိမိတို့၏ ဆောင်ရွက်မှုတိုင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်ပါသည်။

၉။      ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်းတွင်လည်း လူ့အခွင့်အရေးများကို ဥပဒေဖြင့် ကာကွယ်ပေးသည်နှင့် ဥပဒေအောက်တွင် လူသားအားလုံး တူမျှသည် ဟူသော ဖော်ပြချက်များ သည် ဥပဒေ၏အရေးပါမှုကို ဖော်ပြနေပေသည်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်း ဥပဒေကို လေးစားလိုက်နာ ဘို့လိုသလို မိမိပတ်ဝန်းကျင်ရှိ လူအားလုံးကိုလည်း ဥပဒေကို လိုက်နာစေရန် ဆောင်ရွက်ရေးကိုလည်း နိုင်ငံသားတို့၏ မွေးရာပါတာဝန်တစ်ရပ်အဖြစ် မှတ်ယူသင့်ပါသည်။

၁၀။    လယ်ယာမြေဥပဒေအရ လယ်လုပ်သူ တောင်သူလယ်သမားများအတွက် ယခုကဲ့သို့ Land Holder Right (လက်ဝယ်ကိုင်ဆောင်ထားရှိခွင့်) ပိုင်ဆိုင်မှုများ ပေးအပ်ပြီး ဖြစ်သော်လည်း တောင်သူ လယ်သမားများအနေဖြင့် မိမိတို့လက်ဝယ် စိုက်ပျိုးလုပ်ကိုင် လျက်ရှိသော လယ်ယာမြေများအား လက်ဝယ်ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ဥပဒေနှင့်အညီ ကိုယ်တိုင်လျှောက်ထားရယူရန်လည်း လိုအပ်ပါ သည်။ ထိုသို့ ကာယကံရှင်များက လျှောက်ထား လာမှသာလျှင် ဌာနဆိုင်ရာအပိုင်းအနေဖြင့် လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးခြင်းအား ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စု/ မြို့နယ်/ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ လုပ်ထုံးလုပ်နည်း နှင့်အညီစိစစ်၍ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

၁၁။    လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ထုတ်ပေးခြင်းကို (၁-၁-၂၀၁၃)ရက်နေ့မှ စတင်ပြီး ဆောင်ရွက်ပေးလျက်ရှိရာ (၃၀-၄-၂၀၂၀) ရက်နေ့အထိ အမှန်ထုတ်ပေးနိုင်မည့် လျာထားချက် ဦးပိုင် ပေါင်း၏ (၉၉၂၇၂၆၇)ခု၊ ရာခိုင်နှုန်းအားဖြင့် ( ၉၈.၄၁ %)  အား ထုတ်ပေးပြီးစီးခဲ့ပြီးဖြစ်ပါသည်။

၁၂။     ယနေ့ကာလတွင် လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ပါပြဋ္ဌာန်းချက်တွင်ပါဝင်သည့် စည်းမျဉ်း၊ စည်းကမ်းဖြစ်သော လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရဟူသော အချက်ကိုချိုးဖောက်၍ နေအိမ်၊ စျေးဆိုင်၊ ဂိုဒေါင် စသည့် စိုက်ပျိုးခြင်းမဟုတ်သည့် လုပ်ဆောင်ချက် များ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် ဆောင်ရွက်သူ ကာယကံ ရှင်များကိုယ်တိုင် ဥပဒေကိုဖောက်ဖျက် ကျူးလွန်မှုကြောင့် ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေး ယူအပြစ်ပေးမှု ခံစားရမည့်အပြင် ပတ်ဝန်းကျင်၌ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အေးချမ်းစွာစိုက်ပျိုး လုပ်ကိုင်နေသော အခြားတောင်သူ လယ်သမားများ ၏ စိုက်ပျိုးရေးလုပ်ငန်းကိုလည်း ထိခိုက်မှုဖြစ် သွားစေနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ထို့အတွက် ဥပဒေပါအခွင့်အရေးများကို အကျိုးရှိရှိအမိအရ လုပ်ကိုင်ဆောင်ရွက်သလို ဥပဒေပါ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လေးစားလိုက်နာရန် အထူးလို အပ်ပါသည်။

၁၃။    ယခုအခါ တောင်သူလယ်သမားများအနေဖြင့်လည်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ (ပြင်ဆင် သည့်ဥပဒေ)ပေါ်ထွက်လာပြီဖြစ်သဖြင့် ဥပဒေနှင့်အညီ အခွင့်အရေးများ အချိန်နှင့် တစ်ပြေးညီ အပြည့် အဝခံစားရရှိနိုင်ရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)အား လက်ဝယ်ကိုင်ဆောင် ထားရှိပြီးဖြစ်ရန် လိုအပ်ပါသည်။ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ-၇) မရရှိသေးပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ၌ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာပုံစံ(၁) အား အခမဲ့ရယူ၍ လျှောက်ထား နိုင်ပါကြောင်းနှင့် လယ်ယာမြေလုပ်ကိုင်သူ တောင်သူလယ်သမားများအနေဖြင့် နိုင်ငံတော်မှ တရားဝင်လယ်ပိုင်ယာပိုင်ဖြစ်စေရေး ဆောင်ရွက် ပေးမှုကို လက်လွတ်မခံဘဲ အလျင်အမြန်လျှောက်ထားကြရန် လိုအပ်ပါကြောင်း ထပ်မံအသိပေး နှိုးဆော်အပ်ပါသည်။

၁၄။    လယ်ယာမြေ မှတ်ပုံတင်ခြင်း ကိစ္စရပ်သည် လယ်ယာမြေ ဆိုသောစကားရပ်တွင် အကျုံးဝင် သော စိုက်ပျိုးမြေများကိုသာ စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် ရည်ရွယ် ဆောင်ရွက် ပေးသော လုပ်ငန်းစဉ် ဖြစ်ပါ၍ လယ်ယာမြေဆိုသောစကားရပ်နှင့် အကျုံးမဝင်သော မြေများ အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းကိစ္စရပ်အား ဆောင်ရွက်ပေး၍ မရပါကြောင်း လည်း ရှင်းလင်းအသိပေးအပ်ပါသည်။ သစ်တောကြိုးဝိုင်းမြေ၊ စားကျက်မြေ၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် (လ/န-၃၉၊ လယ ၃၀ (က၊ ခ) စသည်ဖြင့်) ခွင့်ပြုထားသောမြေ အစရှိသောမြေများသည် လယ်ယာမြေဟူသော စကားရပ်၌ အကျုံးမဝင်ပါ၍ အဆိုပါမြေများ ကို သက်ဆိုင်ရာဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ မူလအမိန့် အား ပယ်ဖျက်ပေး လိုက်မှ သာ လယ်ယာမြေဟူသောစကားရပ်အတွင်း အကျုံးဝင်နိုင်မည့် ကိစ္စရပ်မျိုး ဖြစ်ပါသည်။ လယ်ယာမြေဟု လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ပြီးမှသာလျှင် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ လျှောက်ထားရယူနိုင်မည်ဖြစ်ပါကြောင်းနှင့် အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများသို့လည်းကောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ရုံးဖုန်း(၀၆၇-၄၁၀၂၉၁) သို့လည်းကောင်း ဆက်သွယ်တင်ပြကြရန် အသိပေးအပ်ပါသည်။

ဆောင်းပါးရှင်-ကိုကိုဦး