စိုက်ပျိုးရေးဦးစီးဌာနနှင့် မဲခေါင်လန်ချန်းအထူးရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော “မြေနိမ့်ကော်ဖီရိုဘတ်စတာ(Robusta) အရည်အသွေးမြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ဆိုင်ရာသင်တန်း” ကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အင်းတကော်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း (၁၀-မိုင်)သင်တန်းကျောင်း၌ ဖွင့်လှစ်ရာ ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းတွင် မြေနိမ့်ကော်ဖီ(ရိုဘတ်စတာ)အား ဆွတ်ခူးပြီးနောက်ပိုင်း ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သော ရိတ်သိမ်းချိန်လွန်နည်းပညာ နှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်ဆိုင်ရာများ ၊ ကော်ဖီသောက်သုံးမှုအရည်အသွေးပေါ်တွင် လွှမ်းမိုးသည့် အချက်များ ၊ မျိုးကောင်းမျိုးသန့်အတွက် ကောင်းမွန်သော ရိုဘတ်စတာမျိုးများအကြောင်း ၊ စားသုံးသူများအန္တရာယ်ကင်းရှင်းရေးအတွက် GAP Guide Line သိမှတ်ဖွယ်ရာ ၊ ရိုဘတ်စတာ ကော်ဖီ ပင်အိုတက်သစ်မွေးခြင်း (Rejuvenation)၊ ကိုင်းဖြတ်ပုံသွင်းခြင်း (Prunning) ၊ ပင်အိုတက်သစ်မွေးမြူမည်ဆိုပါက အဓိကပင်မပင်စည် ရွေးချယ် သတ်မှတ်ခြင်း ၊ ဘေးထွက် ပစ္စည်းများဖြင့် သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်းနည်းများကို Nestle’ Myanmar Ltd မှ ထိုင်းနိုင်ငံသားပညာရှင် က စက်တင်ဘာလ ၁၀ရက်နေ့မှ ၁၂ ရက်နေ့အထိ (၃)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ကော်ဖီခြံ(၁၂)ခြံမှ ကော်ဖီနည်းပညာရှင် ဝန်ထမ်းများ၊ ပဲခူး ၊ တနင်္သာရီ ၊ မန္တလေး တိုင်းဒေသကြီးများ နှင့် ရှမ်း ၊ ကချင် ၊ ကယား ၊ ကရင်ပြည်နယ်များမှ ကော်ဖီစိုက် တောင်သူများ တက်ရောက် လေ့လာကြသည်။
မြန်မာတစ်နိုင်ငံလုံး၌ ကုန်းမြင့်ကော်ဖီစိုက် ဧက (၄၀၀၀၀)ခန့်နှင့် မြေနိမ့်ကော်ဖီ စိုက် ဧက(၁၀၀၀၀)ခန့်ရှိသဖြင့် စုစုပေါင်း ကော်ဖီဧက(၅၀၀၀၀)ခန့် စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။
ရိုဘတ်စတာမျိုး မြေနိမ့်ကော်ဖီ ကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၅၀၀) အောက် တွင် စိုက်ပျိုးနိုင်သည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုတွင် စိုက်ပျိုးနိုင်သည်။ ကော်ဖီယဉ်ကျေးမှုထွန်းကားလာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် ကော်ဖီသောက်သုံး မှုပမာဏ မှာ နှစ်စဉ်မြင့်တက်လာလျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ ကော်ဖီတန်ချိန် (၁၂၅၀၆)တန် အမေရိကန်ဒေါ်လာ(၄၁.၅)သန်း ဘိုး ပြည်တွင်းသို့ တင်သွင်းကြောင်းနှင့် ထိုသို့ တင်သွင်းမှုတွင် ကော်ဖီအမှုန့်၊ ပျော်လွယ်ကော်ဖီနှင့် ကော်ဖီလှော်စေ့များ တင်သွင်း ခဲ့ရသည့်အတွက် မြေနိမ့်ကော်ဖီ(ရိုဘတ်စတာ) စိုက်ပျိုးရန် သင့်တော်သည့် ရေ မြေ ရာသီ ဥတု ရှိသည့် ဒေသများ၌ အရည်အသွေးမြင့် ရိုဘတ်စတာကော်ဖီများ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် သွင်းကုန်အစားထိုးနိုင်မည့်အပြင် ကော်ဖီစိုက်တောင်သူများ ဝင်ငွေတိုးတက်ရရှိပြီး လူနေမှုဘဝ တိုးတက်မြင့်မားလာ မည်ဖြစ်ကြောင်း သိရသည်။