ဆည်-ရေကဏ္ဍ လယ်ယာကဏ္ဍ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ရေလှောင်တမံနှင့် ရေဘေး ကာကွယ်ရေး တာများအား  အရေးပေါ် အခြေအနေ ကြိုတင် စီမံခန့်ခွဲမှု စီမံချက် လုပ်ငန်းစဉ်များ အတိုင်း ကြပ်မတ် ဆောင်ရွက်ရန် ဆည်/ရေ ဦးစီးဌာန က ညွှန်ကြားချက် ထုတ်ပြန်

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က တာဝန်ယူ စီမံ ထိန်းသိမ်း လျက်ရှိသည့် ရေလှောင်တမံနှင့် ရေဘေး ကာကွယ်ရေးတာများတွင် (Emergency Preparedness Plan – EPP) ပါလုပ်ငန်းစဉ်များအတိုင်း ပုံမှန်စောင့်ကြည့် စစ်ဆေးမှု လုပ်ငန်းများ ၌ အားနည်းမှု၊ လစ်ဟင်းမှု မဖြစ်ပေါ်စေရန် တာဝန်ရှိသူများအား ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ထိန်းသိမ်းစီမံဆောင်ရွက်လျက်ရှိသည့် ရေလှောင်တမံ နှင့် ဆက်စပ်ရေအား အဆောက်အအုံများ၊ ရေဘေးကာကွယ်ရေးတာများတွင် ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် အရေးပေါ် အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergency Preparedness Plan – EPP) များ ကို ရေလှောင်တမံ နှင့် ရေဘေးကာကွယ်ရေးတာများ တစ်ခုချင်းအလိုက် ရေးဆွဲ ထားပြီး ဖြစ်ကြောင်း၊ အဆိုပါ EPP လုပ်ငန်းစဉ်များအတိုင်း ပုံမှန်စောင့်ကြည့် စစ်ဆေးမှု လုပ်ငန်းများ ၌ အားနည်းမှု၊ လစ်ဟင်းမှု မဖြစ်ပေါ်စေရန်အတွက် စီမံခန့်ခွဲနိုင်သည့် တာဝန်ခံ အင်ဂျင်နီယာ ဝန်ထမ်းများ အား ရေလှောင် တမံများတွင် အလှည့်ကျတာဝန်ခွဲဝေ၍ ညအိပ် အခြေပြုကာ အထူးဂရုပြုစောင့်ကြည့် စီမံရန် လိုအပ်သည့်အပြင် အရေးပေါ် ကာကွယ် ဆောင်ရွက် နိုင်ရန် လိုအပ်သည့်အစီအမံများကိုလည်း ကြိုတင် စီမံဆောင်ရွက် ထားရမည် ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားချက်၌ ဖော်ပြပါရှိသည်။

               EPP ပါလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ လက်အောက်ရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အခြားပတ်သက် ဆက်စပ် သည့် ဌာနဆိုင်ရာများကိုလည်း  ကြိုတင်အသိပေး ဆောင်ရွက် ထားရန် နှင့် လိုအပ်သလို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် သွားရန်၊ ထူးခြားသည့် အခြေအနေ တွေ့ရှိ ပါက အထက် တာဝန်ရှိသူ အဆင့်ဆင့်သို့ လည်းကောင်း၊ ဒေသ ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်သို့ လည်းကောင်း အချိန်နှင့်တစ်ပြေးညီ ချက်ချင်း သတင်းပို့ တင်ပြခြင်း နှင့်အတူ  လိုအပ်သည့် ကြိုတင် ကာကွယ်မှု လုပ်ငန်းများကို တစ်ပြိုင်တည်း စီမံဆောင်ရွက်ကြရန် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ရေလှောင်တမံနှင့် ရေဘေး ကာကွယ်ရေးတာများ၏ တာဝန်ရှိသူများအား အကြောင်းကြား ပြီးဖြစ်ကြောင်း ၊ ယခုညွှန်ကြားချက်နှင့်ပတ်သက်၍ ကြိုတင် စီမံ ဆောင်ရွက် ထားရှိမှု အခြေ အနေများ ကို မပျက်မကွက် ပြန်လည် တင်ကြရမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရုံးက သိရှိရသည်။

(Emergency Preparedness Plan – EPP) ပါလုပ်ငန်းစဉ်များ

(က)   အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု (အဆင့် – ၁) သတ်မှတ်ခြင်း

ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် အရေးပေါ်အခြေအနေ ကြိုတင်စီမံ ခန့်ခွဲမှုအဆင့် – ၁ အဖြစ်သတ်မှတ်ပါသည်။  ရေပိုလွှဲမှ ရေစတင် မကျော်သေး သော်လည်း အောက်ဖော်ပြပါ အခြေအနေများ ဖြစ်ပေါ်လာပါက အရေးပေါ်အခြေ အနေ ကြိုတင်စီမံခန့်ခွဲမှုအဆင့် – ၁ အဖြစ် သတ်မှတ်ပါသည်။

–   တမံကိုယ်ထည်၏ D/S အပိုင်းမှ ရေစိမ့်ထွက်သည့် ဧရိယာအသစ်များ ဖြစ်ပေါ်လာခြင်း

–   တမံ Crest, U/S နှင့် D/S Slope များတွင် အက်ကြောင်းများ ဖြစ်ပေါ်ပြီး ရေစိမ့်ထွက်မှုမရှိခြင်း

–   တမံ Crest နိမ့်ကျခြင်း၊ U/S နှင့် D/S Slope များ လျှောကျခြင်း

–   တမံနှင့် မိုင် (၅၀) ပတ်လည်ဧရိယာအတွင်း ငလျင် လှုပ်ခတ်မှု ဖြစ်ပေါ်ခြင်း

–   အဖျက်အမှောင့်လုပ်ရပ်တစ်ခုခု (ဥပမာ – ဗုံးခွဲခြင်း) ကြောင့် တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သော်လည်း တမံ၏ ကြံ့ခိုင်လုံခြုံမှုအား စိုးရိမ်ဖွယ်ရာ မရှိခြင်း

အရေးအပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့် – ၁ ဖြစ်ပေါ်လာ သည့် အခြေအနေ တွင် တမံအောက်ဘက်ရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း များမှတစ်ဆင့် ပြည်သူများသို့ ဆက်သွယ်အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူ များ မြင်သာသောနေရာနှင့် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်း ရောင်အလံ လွှင့်ထူသွားမည်ဖြစ်ပါသည်။ ရေပိုလွှဲမှ ရေကျော်ကျခြင်းမရှိသည့် အခြေအနေတွင်ဖြစ်စေ၊ ရေကျော်ကျနေသည့် အခြေအနေ တွင် ဖြစ်စေ တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများတွင် မူလအသွင်အပြင်မှ ထူးခြားစွာ ဖြစ်ပေါ် ပြောင်းလဲလာသည့် အထက်ဖော်ပြ ပါအခြေအနေများ ဖြစ်ပေါ်လာပါက

–   ဆည်တမံတာဝန်ခံ (ဦးစီးအရာရှိ) မှ ဆည်တမံလုံခြုံမှုစစ်ဆေးသူ (လ/ထ ညွှန်ကြား ရေးမှူး) ထံသို့ဖြစ်ပေါ်မှုအခြေအနေကို သတင်းပို့ခြင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တမံ အောက်ဘက်ရှိ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူး များသို့ ဆက်သွယ်အသိပေးခြင်း

–   ဆည်တမံလုံခြုံမှုစစ်ဆေးသူ (လ/ထညွှန်ကြားရေးမှူး) မှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြား ရေးမှူး (ဆည်/ ရေ) ထံသို့ စစ်ဆေးတွေ့ရှိမှုနှင့် ဖြစ်ပေါ်မှု အခြေအနေကို သတင်း ပေးပို့ခြင်း၊ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ဆက်သွယ်အသိပေးခြင်း

–   ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (ဆည်/ရေ) မှနေ၍ ညွှန်ကြား ရေးမှူးချုပ် (ဆည်/ရေ) နှင့် တိုင်းဒေသကြီး/ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးထံသို့ တင်ပြအစီရင်ခံပြီး လ/ထ ညွှန်ကြားရေးမှူးအနေဖြင့် ညွှန်ကြားရေးမှူး (ဒီ/ပုံ)၊ (ဇလ)၊ (ဘူမိ) မှတာဝန် ပေးအပ်ထားသော နည်းပညာပိုင်းဆိုင်ရာ ကိုယ်စားလှယ်နှင့် ဆွေးနွေး ညှိနှိုင်း၍ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုံးသပ်အကြံပြုချက်များ ရယူကာ ချက်ချင်းဆောင်ရွက်ရန် လိုအပ် သည့် အစီအမံများကို အချိန်နှင့် တစ်ပြေးညီ စီမံဆောင်ရွက်ခြင်း၊ ဆောင်ရွက်မည့် အစီအမံများ ကို အထက်အဆင့်ဆင့်သို့ တင်ပြခြင်း

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

(ခ) အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု (အဆင့် – ၂) သတ်မှတ်ခြင်း

    –   ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက် မြင့်တက် လာပြီး မူလဒီဇိုင်းပြု သတ် မှတ်ထားသည့် Maximum High Flood Level သို့ရောက်ရှိကာ တမံ အောက်ဘက် ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်ခြင်း

–   ကန်တွင်းရေမှတ်မှာ Crest Level ရောက်ရန် (၃) ပေခန့်သာလိုပြီး ဆက်လက်မြင့်တက်လာမည့် အခြေအနေ ရှိခြင်း

–   တမံကိုယ်ထည်၏ D/S အပိုင်းမှ ရေစိမ့်ထွက်သည့် ဧရိယာများ ပိုမိုဖြစ်ပေါ် လာခြင်းနှင့်အတူ ရေစိမ့်ထွက်မှု ပမာဏ ပိုမိုများပြားလာပြီး ရေနောက်များ ထွက်လာခြင်း

–   တမံ Crest ၊ U/S နှင့် D/S Slope များတွင် အက်ကြောင်းများဖြစ်ပေါ်ပြီး ရေစိမ့်ထွက်ခြင်း

–   တမံ Crest နိမ့်ကျမှု U/S နှင့် D/S Slope များ လျှောကျမှုများ သိသာ ထင်ရှားစွာ ပိုမိုဖြစ်ပေါ်လာခြင်း

–   တမံဘေးနှစ်ဘက် Abutment များ လျောကျခြင်း

–   ငလျင်လှုပ်ခတ်မှုကြောင့် တမံနှင့်ဆက်စပ်ရေအားအဆောက်အအုံများတွင် သိသာထင်ရှားစွာ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်း (ဥပမာ – အက်ကြောင်း၊ နိမ့်ကျမှု၊ လျောကျမှု၊ ရေစိမ့်ထွက်မှု ……………. စသည်ဖြင့်)

–   အဖျက်အမှောင့်လုပ်ရပ်တစ်ခုခု (ဥပမာ – ဗုံးခွဲခြင်း) ကြောင့် တမံအတွင်းမှ ရေစိမ့်ထွက်မှုဖြစ်ပေါ်ခြင်း

အရေးအပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့် – ၂ သို့ ရောက်ရှိ လာသည့်အခြေအနေတွင် တမံအောက်ဘက်ရှိဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း များမှတစ်ဆင့် ပြည်သူများသို့ ဆက်သွယ်အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူ များ မြင်သာသောနေရာနှင့် ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အဝါရောင်အလံ လွှင့်ထူခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခြင်းများ ဆောင် ရွက်သွားမည်ဖြစ်ပါသည်။ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့် – ၂ သို့ ရောက်ရှိလာသည့် အခြေအနေတွင်

–   ဆည်တမံတာဝန်ခံ (ဦးစီးအရာရှိ)မှ ဆည်တမံလုံခြုံမှုစစ်ဆေးသူ (လ/ထ ညွှန်ကြားရေးမှူး) ထံသို့ ဖြစ်ပေါ်မှုအခြေအနေကို သတင်းပို့ခြင်း၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တမံအောက်ရှိ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူး များသို့ ဆက်သွယ်အသိပေးခြင်းနှင့် မြစ်ချောင်းဘေးတစ်လျောက် မြေနိမ့် ဒေသများတွင် နေထိုင်ခြင်းမပြုရန် သတိပေးနှိုးဆော်ခြင်း

–   ဆည်တမံလုံခြုံမှုစစ်ဆေးသူ (လ/ထညွှန်ကြားရေးမှူး)မှ ဖြစ်ပေါ်မှု အခြေ အနေကို ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (ဆည်/ရေ)ထံသို့ သတင်းပေးပို့ခြင်း၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ဆက်သွယ် အသိပေးခြင်းနှင့် ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ရှောင်တိမ်း နေထိုင်နိုင် ရေး ကြိုတင်လျာထားစီမံနိုင်ရန် သတိပေးနှိုးဆော်ခြင်း

–   ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (ဆည်/ရေ) မှနေ၍ ညွှန်ကြား ရေးမှူးချုပ် (ဆည်/ရေ) နှင့် တိုင်းဒေသကြီး/ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ တို့ထံသို့ ချက်ချင်းတင်ပြအစီရင်ခံခြင်း

–   လက်ထောက်ညွှန်ကြားရေးမှူးအနေဖြင့် ညွှန်ကြားရေးမှူး (ဒီ/ပုံ)၊ (ဇလ)၊ (ဘူမိ) မှ တာဝန်ပေးအပ်ထားသော နည်းပညာပိုင်းဆိုင်ရာ ကိုယ်စားလှယ် နှင့် ဆွေးနွေးညှိနှိုင်းပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ သုံးသပ်အကြံပြုချက်များ ရယူ၍  ချက်ချင်းဆောင်ရွက်ရန် လိုအပ်သည့် အစီအမံများကို အချိန်နှင့် တစ်ပြေးညီ စီမံဆောင်ရွက်ခြင်း၊ ဆောင်ရွက်မည့် အစီအမံများကို အထက် အဆင့်ဆင့်သို့တင်ပြခြင်း

–   တိုင်းဒေသကြီး/ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးမှ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့သို့လည်းကောင်း၊ သက် ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးမှ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့သို့ လည်းကောင်း ဆက်လက်တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်ခြင်း။

–   ညွှန်ကြားရေးမှူးချုပ် (ဆည်/ရေ) မှ နေ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ ဆက်လက်တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်ခြင်း

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

(ဂ) အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု (အဆင့် – ၃) သတ်မှတ်ခြင်း

    –   ရေပိုလွှဲမှ ရေကျော်စီးထွက်နေမှုမှာ မူလဒီဇိုင်း ပြု သတ်မှတ်ထားသည့် Maximum High Flood Level ထက် ကျော်လွန်ပြီး ရေပိုလွှဲ အဆောက် အအုံ ကျိုးပေါက် ပျက်စီးစေနိုင်သည့် အခြေအနေ ဖြစ်ပေါ် လာခြင်း

–   ကန်တွင်းရေမှတ်မှာ Crest Level ရောက်ရန် (၁) ပေခန့်သာလိုပြီး ဆက်လက်မြင့်တက်လျက်ရှိကာ တမံကိုယ်ထည်ပေါ် ရေကျော်၍ တမံ ကျိုးပေါက် နိုင်မည့် အခြေအနေရှိခြင်း

–   တမံကိုယ်ထည်၏ D/S အပိုင်းမှ ရေနောက်များ စိမ့်ထွက်မှု ပမာဏမှာ ၁၀ ဂါလန်/ မိနစ်ထက် ပိုမိုများပြားလာခြင်း

–   တမံ Crest၊ U/S နှင့် D/S Slope များတွင် အက်ကြောင်းများ ဖြစ်ပေါ်မှု ပိုမိုကြီးမား များပြားလာပြီး ရေစိမ့်ထွက်မှုလည်း ပိုမိုများပြားလာကာ တမံ ကျိုးပေါက်နိုင်မည့် အခြေအနေရှိလာခြင်း

–   တမံ၏ U/S နှင့် D/S Slope များ လျှောကျပြီး ရေစိမ့်ထွက်မှုဖြစ်ပေါ်ကာ တမံကျိုးပေါက်နိုင် မည့်အခြေအနေရှိလာခြင်း

–   တမံဘေးနှစ်ဘက် Abutment ပြိုကျမှုများ ဆက်လက်၍ဖြစ်ပေါ်ပြီး တမံကျိုးပေါက်နိုင်မည့် အခြေအနေရှိလာခြင်း

–   ငလျင်လှုပ်ခတ်မှုကြောင့် တမံနှင့်ဆက်စပ်ရေအားအဆောက်အအုံများတွင် အက်ကြောင်းများ၊ နိမ့်ကျ၊ လျောကျမှုများဖြစ်ပေါ်ပြီး ရေစိမ့်ထွက်မှုမှာ ထိန်းချုပ်မရနိုင်သည့်ပမာဏအထိ ထွက်ရှိလာခြင်း

–   အဖျက်အမှောင့်လုပ်ရပ်တစ်ခုခု (ဥပမာ – ဗုံးခွဲခြင်း) ကြောင့် တမံအတွင်းမှ ရေစိမ့်ထွက်ကာ ထိန်းချုပ်မရနိုင်သည့်ပမာဏအထိ ထွက်ရှိလာခြင်း

အရေးအပေါ်အခြေအနေစီမံခန့်ခွဲမှု အဆင့် – ၃ သို့ ရောက်ရှိလာသည့် အခြေအနေတွင်  တမံအောက်ဘက်ရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ မှတစ်ဆင့် ပြည်သူများသို့ ဆက်သွယ် အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူများ မြင်သာသောနေရာနှင့်ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် အနီရောင် အလံလွှင့်ထူခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု အဆင့် – ၃ သို့ ရောက်ရှိ လာသည့်အခြေအနေတွင်

–   ဆည်တမံတာဝန်ခံ (ဦးစီးအရာရှိ)မှ ဆည်တမံလုံခြုံမှုစစ်ဆေးသူ (လ/ထ ညွှန်ကြားရေးမှူး) ထံသို့ ဖြစ်ပေါ်မှုအခြေအနေကို သတင်းပို့ခြင်း၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တမံအောက်ရှိကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူး များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အသိပေးခြင်းနှင့် မြစ်ချောင်းဘေး တစ်လျောက် မြေနိမ့်ဒေသများတွင် နေထိုင်ခြင်းမပြုရန် အမြန်ဆုံးသတိပေး နှိုးဆော်ခြင်း။

–   ဆည်တမံလုံခြုံမှုစစ်ဆေးသူ (လ/ထညွှန်ကြားရေးမှူး)မှ ဖြစ်ပေါ်မှု အခြေ အနေကို ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (ဆည်/ရေ) ထံသို့ သတင်းပေးပို့ခြင်း၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်အသိပေးခြင်းနှင့် ရေလွတ်ရာကုန်းမြင့်ဒေသများသို့  ရှောင်တိမ်း နေထိုင်ရန် အမြန်ဆုံးသတိပေးနှိုးဆော်ခြင်း

–   ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (ဆည်/ ရေ) မှနေ၍ ညွှန်ကြား ရေးမှူးချုပ် (ဆည်/ရေ)နှင့် တိုင်းဒေသကြီး/ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့ထံသို့ ချက်ချင်းတင်ပြ အစီရင်ခံခြင်း

–   လက်ထောက်ညွှန်ကြားရေးမှူးအနေဖြင့် ညွှန်ကြားရေးမှူး (ဒီ/ပုံ)၊ (ဇလ)၊ (ဘူမိ) မှ တာဝန်ပေးအပ်ထားသော နည်းပညာပိုင်းဆိုင်ရာ ကိုယ်စားလှယ် နှင့် ဆွေးနွေးညှိနှိုင်းပြီး အင်ဂျင်နီယာ ပိုင်းဆိုင်ရာ သုံးသပ်အကြံပြုချက်များ ရယူ၍  ချက်ချင်းဆောင်ရွက်ရန် လိုအပ်သည့် အစီအမံများကိုအချိန်နှင့် တစ်ပြေးညီ စီမံဆောင်ရွက်ခြင်း၊ ဆောင်ရွက်မည့် အစီအမံများကို အထက် အဆင့်ဆင့်သို့တင်ပြခြင်း

–   တိုင်းဒေသကြီး/ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးမှ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့လည်းကောင်း သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့သို့ လည်းကောင်း ဆက်လက်တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်ခြင်း

–   ညွှန်ကြားရေးမှူးချုပ် (ဆည်/ရေ) မှနေ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ ဆက်လက်တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်ခြင်း

–   ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အခြားဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့်အတူ အရေးပေါ်တုန့်ပြန်ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကြိုတင် ပူးပေါင်းပြင်ဆင်ဆောင်ရွက်ခြင်း