မွေးမြူရေးတိရစ္ဆာန်၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု ၊ အသား ထွက်ရှိမှု အရည်အသွေးများသည် ယင်းတို့ကိုကျွေးမွေးသည့် အစာအဟာရအပေါ် များစွာတည်မီနေ သဖြင့် ဒေသနှင့်ကိုက်ညီဖြစ်ထွန်းမှုရှိသည့် တိရစ္ဆာန်အစာပင်များ နှင့် အစာပင်မျိုးအစားအလိုက် အာဟာရ ပါဝင်မှုများ အပါအဝင် တိရစ္ဆာန်အစာနှင့်သက်ဆိုင်သော သုတေသနများဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်သူ အကျိုးရှိစေမည့် လက်တွေ့အသုံးချ သုတေသနများဖြစ်စေရေး ဦးစားပေး ဆောင်ရွက်ရန် လိုကြောင်း၊ ဖေဖေါ်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ညောင်ဇောက် ကျေးရွာအုပ်စု ရှိ သဖန်းခြံ ၏ ဆိတ်မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် ခြံတာဝန်ခံတို့က ဆိတ်မွေးမြူရေး သုတေသန နှင့် မျိုးထိန်းမျိုးပွားလုပ်ငန်းဆောင်ရွက်နေမှုများ၊ မြေယာအသုံးချမှုနှင့် လုပ်ငန်းသုံးရေရှိရေးအတွက် ခြံဧရိယာအတွင်းရှိ ရေကန်(၂)ကန်ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က တာဝန်ယူ ပြုပြင်မွမ်းမံ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေးရာ၌ သုတေသနနှင့် မျိုးပွား ထုတ်လုပ်မှု ကွဲကွဲပြားပြားဖြစ်ရန်လိုကြောင်း၊ စီးပွားရေးတွက်ချေကိုက်သည့် မျိုးပွားဖြန့်ဖြူးမှုဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ ရေရှားပါးသည့်ဒေသဖြစ်၍ ရေလေလွင့်ဆုံရှုံးမှု မရှိစေရေးအတွက် ရေသွယ်စနစ် ရေပေးစနစ်များ ပြောင်းလဲရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် ပေါင်းစပ်၍ မြေဆီလွှာအမျိုးအစားကို စနစ်တကျလေ့လာခွဲခြားပြီး ရေအရင်းအမြစ် အသုံးပြုနိုင်မှုပေါ်မူတည်၍ တိရစ္ဆာန်အစာပင်များ စနစ်တကျ တိုးချဲ့ စိုက်ပျိုးရန်လိုကြောင်း၊ မိုးရေဆင်းသည့် ရေလမ်းကြောင်းများ တလျှောက် တွင် ကွန်တိုလိုင်းများဖြင့် စနစ်တကျမြေယာဖော်ထုတ်ရာတွင် ရေထိန်း ရေတား စနစ်များဆောင်ရွက်ပြီး မိုးရေကို စနစ်တကျ စုဆောင်း အသုံးပြုရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စံပြရေကန်(၁) နှင့် စံပြရေကန်(၂) မွမ်းမံပြင်ဆင်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ် ရှိ ကြက်မောက်တောင် ရေလှောင်တမံသို့ ရောက်ရှိကြပြီး တမံအတွင်းဝင်ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှုလုပ်ငန်း များကိုကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါး မိုး စပါးထုတ်လုပ်မှုတွင် အထွက်နှုန်း လျာထားချက် ပြည့်မီကျော်လွန်ရေး၊ ဝါသီးနှံစိုက် ဧရိယာ တိုးချဲ့ရေးဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
တောင်ဇင်းချောင်း နှင့် ကျောက်ပုံချောင်းများမှ စီးဝင်ရေကို တမံအမြင့် ၁၁၂ ပေ တမံအလျား ၈၅၀၀ ပေရှိ မြေသားတမံဖြင့် ဖမ်းယူသိုလှောင်ထားသော ကြက်မောက်တောင် ရေလှောင်တမံ တွင် ၂၀၂၁ မိုးရာသီ ၌ မိုးရွာသွန်းမှုကောင်းမွန်သဖြင့် လက်ရှိတွင် ရေဧကပေ ၄၉၀၀၀ခန့် ထိန်းသိမ်းထားရှိရာ ရေသောက်ဧရိယာအတွင်း ယခုနှစ် စိုက်ပျိုးရေ ဖူလုံစေမည်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ် ဆည်ပေါက်ဥယျာဉ်ခြံ သို့ ရောက်ရှိကြပြီး စပျစ် နှင့် ဥယျာဉ်ခြံသီးနှံများ မျိုးသန့်မျိုးပွားထုတ်လုပ်နေမှု၊ တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း နှင့် ခြံတာဝန်ခံတို့က ခြံအတွင်း ဥယျာဉ်ခြံသီးနှံများစိုက်ပျိုးထားရှိမှု၊ သစ်စိမ်းမြေဩဇာ အသုံးပြုရန် ပိုက်ဆံလျှော်စိုက်ပျိုးထားရှိမှု နှင့် ဥယျာဉ်ခြံသီးနှံ မျိုးစေ့ ပျိုးပင်များ ထုတ်လုပ်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာတွင် မြန်မာနိုင်ငံ၏ စပျစ်စိုက်ပျိုးမှု ရှေ့ပြေးစံပြခြံအဖြစ် ၁၉၅၃ခုနှစ်တွင် စတင်ခဲ့သည့် ဆည်ပေါက်ဥယျာဉ်ခြံ ကို မျိုးသန့် မျိုးစေ့ ပျိုးပင် ထုတ်လုပ်မှု သာမက စပျစ် နှင့်ပတ်သက်သည့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ရန်လိုကြောင်း၊ စပျစ်စိုက်စနစ်များ၊ မြေဆီဩဇာထက်သန်ရေး ဆိုင်ရာ နှင့် သွင်းအားစု ဆိုင်ရာ နည်းပညာပေး စံပြခြံအဖြစ် တောင်သူ ပညာပေးလုပ်ငန်းများကို စီမံချက်များရေးဆွဲပြီး ထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။
ဆည်ပေါက်ဥယျာဉ်ခြံအနေဖြင့် စားပွဲတင်စပျစ် ၊ ဝိုင်ပြုလုပ်သော စပျစ် ၊ အသီးခြောက် ပြုလုပ်သော စပျစ်အမျိုးမျိုး၏ စိုက်ပျိုးစနစ်အမျိုးမျိုး နှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)ကျင့်စဉ် နှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့်အကူအညီများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။