ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

 ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်များ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်  

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ (၄)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အမှတ်(၁၂၁)ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်း၊ နို့စားနွား မွေးမြူရေးခြံ (ထုံးဘို) တွင် နို့စားနွား ၊ ဒေသနွားမျိုးများမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေး ၊ ကူးစက်ရောဂါကာကွယ်ရေး၊ သားစပ်နည်းပညာများနှင့် မျိုးရည်ခဲချောင်းများအသုံးပြုနိုင်ရေး အတွက် ကူညီပေးသွားမည့် အစီအစဉ်များကို ဒုတိယဝန်ကြီး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ နို့စားနွား မွေးမြူရေးခြံအနေဖြင့် အရာရှိ စစ်သည်များ ၊ မှီခိုသူမိသားစုဝင်များ နှင့် ဗိုလ်လောင်းများအတွက် သန့်ရှင်းလတ်ဆက်ပြီး  အာဟာရပြည့်ဝသော နွားနို့များကို စားသုံးနိုင်ကြ စေရန်နှင့် ပိုလျှံသည်များကို ပြင်ပဈေးကွက်သို့ သက်သာသော စျေးနှုန်းဖြင့် ဖြန့်ဖြူးပေးလျက် ရှိကြောင်း၊ နေဗီယာမြက်၊ မွန်ဘားဆားမြက်၊ အစ္စရေးမြက်မျိုး နှင့် အစာနုများကို မွေးမြူရေး တိရစ္ဆာန်အစာပင်များအဖြစ် စိုက်ပျိုးကျွေးမွေးထားကြောင်း သိရသည်။

            ဇန်နဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရှမ်းပြည်နယ်  ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး တည်ဆောက်ထားသည့်  မြို့ကြီးရေလှောင်တမံ သို့ရောက်ရှိပြီး တမံကြံ့ခိုင်မှု ၊ ဝင်ရေသိုလှောင်ထားရှိမှု နှင့် စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှူစစ်ဆေးသည်။

ထို့နောက် ရွာငံမြို့၊ ဉာဏ်ကြီးရှင်ကော်ဖီခြံသို့ ရောက်ရှိကြပြီး၊ ကော်ဖီချယ်ရီသီး ဝယ်ယူမှုအခြေအနေ၊ အချဉ်ဖောက်ခြင်း၊ အခွံချွတ်ခြင်း၊ အခြောက်လှန်းခြင်းနှင့် ကော်ဖီကြိတ်ခွဲခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီး က ကော်ဖီလုပ်ငန်းရှင်များ နှင့် တွေ့ဆုံ၍ လိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။

အလားတူ ရွာငံမြို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီသီးနှံနှင့်ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ ၏ ကုန်းမြင့်ကော်ဖီ နှင့် မြေပြန့်ကော်ဖီမျိုးများ မျိုးသန့်ပွားများဖြန့်ဖြူးပေးနေမှု ၊ GAP အသိအမှတ်ပြု ကော်ဖီစိုက်ပျိုးရေး နည်းပညာပေးလုပ်ငန်းများ အားကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ဒေသ ရေ၊ မြေ ရာသီဥတုနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ နှင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တလျောက် ခေတ်မီနည်းပညာအသုံးပြုနိုင်ရေး ကူညီအားပေးရန် လိုအပ်ချက်များကို လည်းကောင်း၊ ကော်ဖီသီးနှံနှင့်အတူ အရိပ်ရပင်အဖြစ် ဝင်ငွေရ နှစ်ရှည်ပင်များ ယှဉ်တွဲ စိုက်ပျိုး နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို လည်းကောင်း တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ကိုပေးအပ်ခဲ့သည်။

ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ညနေပိုင်းတွင် ညောင်ရွှေမြို့နယ် ရှိ အင်းလေးကန်ဒေသ ထိန်းသိမ်းရေးလုပ်ငန်းရုံး သို့ ရောက်ရှိကြပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက အင်လေးကန်အတွင်း ပြန့်ကျဲမျောပါနေသော ကျွန်းမျောရိုင်းအပိုင်းအစများ၊ ဗေဒါ နှင့် ရေမှော်ပင်များအား ဆယ်ယူ ရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ နုံးတား တမံငယ်များ တည်ဆောက်၍ နုံးဖမ်းဆယ်ယူရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများ ကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးသည်။

အင်းလေးကန်အတွင်း ကျွန်းမျောရိုင်း၊ ဗေဒါများ စုပုံလာခြင်း၊ ကန်အတွင်း စီးဝင်ရာ ရေလမ်းကြောင်းတလျောက် သဲနုံးပို့ချခဲ့မှုများကြောင့် အင်းလေးကန်၏ သဘာဝအလှများ ယိုယွင်းပြီး ကန်ရေပြင်တိမ်ကောလာမှုကို ရှင်းလင်းဆယ်ယူရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ကတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ အင်းလေးကန် ရေရှည်တည်တံ့စေပြီး ပြည်တွင်းပြည်ပခရီးသွားများ အတွက် အပမ်းပြေ နားနေလယ်ပတ်ရန် သာယာလှပသည့် ဝန်းကျင်ကောင်း ဒေသ အဖြစ် ပြန်လည်အသက်ဝင်လာစေရန် ကြိုးပမ်းမှုနှင့်အတူ ဗေဒါပင်များကို သဘာဝမြေသြဇာအဖြစ်ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အကျိုးပြုသွင်းအားစုအဖြစ် ပြန်လည်အသုံးချနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။