နယ်သတင်းများ

အောင်လံမြို့နယ်၊ အလယ်ရွာကျေးရွာ၌ ငမြှာင်တောင်ပိုး ကျရောက်မှုမရှိစေရေးနှင့် GAP စနစ်အကြောင်း အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး သရက်ခရိုင်‏ အောင်လံမြို့နယ်ရှိ အလယ်ရွာကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော နယ်လှည့်ကွင်းဆင်း ပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ယင်းဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက စာဖတ်ရှိန် မြှင့်တင်ရေး လုပ်ငန်းများ၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမြင့်ဦး က ငမြှောင်တောင်ပိုးအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ဟောပြောကာ ဒုလက်ထောက်ဦးစီးမှူး ဒေါ်အေးသိမ့်က GAP စိုက်ပျိုးနည်း စနစ်အကြောင်းကို သင်တန်းပို့ချ၍ GAP စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ ဆောင်ရွက်လိုကြောင်း လျှောက်လွှာပုံစံများကို တက်ရောက်လာသော တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းလွင်(အောင်လံ)