ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ

အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ၏ ပြယုဂ်တစ်ခုဖြစ်သော ပန်း ၁၀ မျိုးအတတ်ကို အခြေခံသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ မတိမ်ကော မပပျောက်စေရေး နှင့် ယင်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးကို အားထုတ်ကြိုးပမ်းကြစေလိုကြောင်း မေလ ၁၆ ရက် နံနက် ၉ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၆ အစည်းအဝေးခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ် အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြသန်း နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ် အဆင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က ဖွင့်လှစ်ပို့ချပေးလျက် ရှိသော အသက် မွေးဝမ်းကျောင်း ပညာသင်တန်းများ သည် ဒေသနေပြည်သူများ သင်တန်းသားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ၊ ပြည်တွင်းထွက်ကုန် ဆန် ပဲ ပြောင်း ကုန်ကြမ်းများအား တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်စေရေး နှင့် ဝင်ငွေရရှိရေး တို့ကို ထိရောက်စွာ ဖော်ဆောင်ပေးနိုင်ရန် သင်တန်း အရည်အသွေးတိုးမြှင့်ရေး နှင့်အတူ သင်ထောက်ကူပစ္စည်းများ နှင့် ဆရာများ၏ အရည်အချင်း တိုးမြှင့်ပေး နိုင်ရေးကိုပါ စီမံဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှု မှတ်ပုံတင်လုပ်ငန်းများ လျာထားချက်ထက်ကျော်လွန်အောင်ဆောင်ရွက်ပေးနိုင်ရေး ၊ အစားအစာများ ထုတ်လုပ်ရာတွင် အာဟာရပြည့်ဝပြီး စားသုံးမှု ဘေးကင်း လုံခြုံ စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဖြစ်စေရေး တို့အတွက် ကြပ်မတ် ဆောင်ရွက်ပေးကြရမည့်အပြင် ထုတ်ကုန် ပြပွဲ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ထုတ်လုပ်သူ နှင့် သုံးစွဲသူများအကြား စိတ်ဝင်စားမှုပိုမိုဖြစ်ပေါ်လာစေကာ အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သည် အသေးစားစက်မှု လက်မှု လုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း(၁၀)မျိုးအပါအဝင် ရိုးရာလက်မှု လုပ်ငန်းများ နှင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ၂၀၁၈ အောက်တိုဘာလ မှ ၂၀၁၉ မတ်လအထိ ၆ လ အတွင်း အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်း ၂၅၂ ကြိမ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လုပ်ငန်း ၁၂၀၁ ခု နှင့် ပန်း ၁၀ မျိုး အပါအဝင် ရိုးရာလက်မှုလုပ်ငန်း ၃၆၇၃ ခု တို့ကို လုပ်ငန်းမှတ်ပုံတင်ပေးခြင်း ၊ ဓါတ်ခွဲစမ်းသပ် ပေးခြင်း ၂၄၃၂ ကြိမ်၊ ဆန်၊ပဲ၊ပြောင်း၊ဂျုံ သီးနှံများအခြေခံ ထုတ်လုပ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ၈၂ ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။