နယ်သတင်းများ သတင်းကဏ္ဍ

အလံအုပ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းတောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်နေ တောင်သူဦးကြီးများ သမာရိုးကျ နည်းစနစ်ဆောင်ရွက်နေမှုနှင့် ပိုးသတ်ဆေးများ အလွန်အကျွံမသုံးစွဲရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ထော်သိုကျေးရွာအုပ်စု၊ အလံအုပ်ကျေးရွာရှိ တောင်သူဦးအောင်ထွေး အိမ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်က မြန်မာ့စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများတွင် ပါဝင်သည့် အစားအစာအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှှံများ၏ အရည်အသွေးကဏ္ဍ၊ လုပ်သားကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာရေးကဏ္ဍနှင့် မိုးတွင်း၌လယ်ကွင်းများတွင် ကျရောက်တတ်သည့် ရွှေခရုအကြောင်းနှင့် ကာကွယ်နှိမ်းနှင်းနည်းများ၊ ပိုးသတ်ဆေးသုံးစွဲရာတွင် ရှောင်ရန်/ဆောင်ရန် အချက်များ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့စုုိး က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးကဏ္ဍဖြစ်သည့် သစ်တောပြုန်းတီးခြင်းဆိုင်ရာများ၊ မြေဆီလွှာ ပျက်စီးဆုံရှုံးခြင်း၊ အမှိုက်များ စနစ်တကျ မစွန့်ပစ်၍ ရေမြောင်းများ ရေလမ်းများပိတ်ဆို့ခြင်း၊ ရေလမ်းကြောင်းပြောင်းခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း၊ လူများအား ရောဂါရစေခြင်းဖြစ်သည့်အတွက် ကျေးရွာအတွင်း အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရေး၊ အမှိုက်ကျင်းများထားရှိရေး၊ အစို/အခြောက်ခွဲခြား စွန့်ပစ်ရေး ကျေးရွာသန့်ရှင်း သာယာလှပစေရေးတို့ကို ဆွေးနွေးခဲ့ပြီး ကျေးရွာအမှိုက်သိမ်းဆည်းရေး ပရဟိတအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲသို့ အလံအုပ်ကျေးရွာမှ ကျေးရွာပြည်သူလူထု(၁၁၀)ဦး တက်ရောက်ပြီး တက်ရောက် လာကြသော တောင်သူဦးကြီးများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြား ပေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင် (တွံတေး)