သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဟုမ္မလင်းဒေသ၌ အော်ဂဲနစ်လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေးကြိုးပမ်း

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး တိုးတက်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ အခြေခံကောင်းများရှိသည့် ဒေသများတွင် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် ဦးစားပေးကူညီအားပေးဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ပိုင်းက ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ လက်ဖက်စိုက်ခင်းတွင် ဒေသနေတောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ၌ လက်ဖက်စိုက် ကျေးရွာပေါင်း(၃၃)ရွာ ရှိပြီး စိုက်ဧက(၈၈၉၄)ဧက တွင် တောင်သူ(၂၀၈၂)ဦးတို့က သမားရိုးကျနည်းဖြင့် လက်ဖက်စိုက်ပျိုး လျက်ရှိသည်။ လက်ရှိအခြေအနေတွင် အဆိုပါလက်ဖက်စိုက်ခင်းများ၌ ပိုးသတ်ဆေး နှင့် ဓါတုသွင်းအားစုများ အသုံးပြုမှုလုံးဝမရှိပဲ သဘာဝနည်းဖြင့် စိုက်ပျိုးထားရှိသည့်အတွက် အော်ဂဲနစ်ထွက်ကုန်အဖြစ် ထုတ်လုပ်နိုင်လျက်ရှိရာ အဆင့်မြင့်စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများအသုံးပြုနိုင်ရေး အတွက် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ သင်တန်းများဆောင်ရွက်ပေးနိုင်ရန်၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူအသင်းအဖွဲ့များ ဖွဲ့စည်းစေပြီး လက်ဖက်သီးနှံစျေးကွက်ထိုးဖောက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန်၊ ပြည်တွင်းပြည်ပသို့ လေ့လာ ရေးခရီးများ စေလွှတ်ရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်  ညွှန်ကြားရေးမှုးချုပ် နှင့်အဖွဲ့က ဒေသအရောက် ကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

နိုင်ငံတကာစျေးကွက်တွင် အစားအစာဘေးကင်းလုံခြုံမှုကို ဦးစားပေးကြပ်မတ်မှုများ နှင့်အတူ ဂျီအေပီ ထွက်ကုန်များ၊ အော်ဂဲနစ် ထုတ်ကုန်များကို အလေးထားတောင်းဆို လာလျက် ရှိရာ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ အ‌နေဖြင့်လည်း အစားအစာဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်ဝသောပို့ကုန်များအဖြစ် နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက်  မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အော်ဂဲနစ်ထွက်ကုန်များအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သည့် အခြေခံကောင်းများရှိနေသည့် ဟုမ္မလင်း လက်ဖက် အား စျေးကွက်ဝင် စျေးကောင်းရ ဒေသထွက်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေးအတွက်  လိုအပ်သည့် နည်းပညာနှင့်အကူအညီများကို မိမိတို့ စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်းအကောင်အထည် ဖော်သွားမည်ဖြစ်ရာ ဒေသနေတောင်သူများ လုပ်ငန်းရှင်များက ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ညွှန်ကြားရေးမှုးချုပ် က ဆွေးနွေးပြောကြားသည်။

        ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ လက်ဖက်စိုက်ခင်း၌ ဒေသနေတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က လက်ဖက်၏ အသုံးဝင်မှု၊ ကမ္ဘာ့စျေးကွက်ထိုးဖောက်နိုင်မှုနှင့် စျေးကွက်အလားအလာများ ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် က ဟုမ္မလင်းဒေသ လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုအတွက် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသက်ဇင်မောင် က  လက်ဖက်စိုက်ပျိုးရေးအဆင့်မြင့်နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဖဲဆောင် က ဟုမ္မလင်း ဒေသ လက်ဖက်စိုက်ဖွံ့ဖြိုးရေးအတွက် ဒေသခံလူငယ်များ စိုက်ပျိုးရေးသိပ္ပံသို့ တက်ရောက် နိုင်ရေး နှင့် ဟုမ္မလင်းစိုက်ပျိုးရေးသိပ္ပံ သင်ရိုးညွှန်းတမ်းတွင် လက်ဖက်ဘာသာရပ်ကို အထူးပြု သင်ကြားပေးရန် စီစဉ်ထားရှိမှုကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။

        ဆွေးနွေးပွဲအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဒေသနေတောင်သူများ ၏ လက်ဖက်နှင့် ဆက်စပ်ပစ္စည်း ထုတ်ကုန်များကိုလည်းကောင်း၊  လက်ဖက်သီးနှံအား သဘာဝမပျက် စိုက်ပျိုးထားရှိမှုများကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။