အိမ်ရှင်မများအနေဖြင့် မိမိတို့၏ ခင်ပွန်း၊သားသမီးများ မိသားစုအားလုံး၏ စားသောက်ရေး ကိစ္စများကို တာဝန်ယူနေရသူများဖြစ်ရာ၊ အာဟာရပြည့်ဝပြီး ကျန်းမာစေသော စားသောက်ရေးစနစ် များကို မလွဲမသွေ သိရှိနားလည်ပြီးကြသူများ ဖြစ်ပါသည်။ ၎င်းအပြင် နေ့စဉ်စားသောက်နေရသော အစားအစာများထဲမှ ဟင်းသီးဟင်းရွက်နှင့် သက်ဆို်င် သော ဗဟုသုတအမြောက်အမြားကိုလည်း မိမိ၏ခင်ပွန်း၊သားသမီးများထက်ပို၍ အကျွမ်းဝင် ရင်းနှီးပြီး ဖြစ်ကြပါသည်။ သို့သော်လည်းဘဲ နုနယ်ငယ်ရွယ်သော မိမိ၏ သားသမီးငယ်များအပေါ် ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် မည်ကဲ့သို့ အကျိုးရှိကြောင်းကို အခြေခံကျန်းမာရေးသဘောမျိုးဖြင့် ငယ်ရွယ်စဉ် ကတည်းက သင်ကြားပြသပေးခြင်း၊ တစ်သက်လုံးစွဲနေအောင် လေ့ကျင့် ပျိုးထောင်ပေးခြင်းသည် အိမ်ရှင်မများ၏ တာဝန်ပင် ဖြစ်ပါသည်။ အိမ်ရှင်မများ၏တာဝန်ဟု ဆိုလိုက်ခြင်းမှာလည်း အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ ရင်ဘောင်တန်း၍ အသိပညာအတတ်ပညာများ၊ စီးပွားရေးလုပ်ငန်းများတွင် စွမ်းဆောင်နေကြသော် လည်း မီးဖိုချောင်ကိစ္စများတွင်် အမျိုးသားများက လျစ်လျူရှု ထားတတ်ကြပြီး အမျိုးသမီးများကသာ တာဝန်ယူလေ့ရှိသည်ကို တွေ့ကြရမှာ ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်ဆိုသည်မှာ အမြဲတမ်းစားသုံးနေရသော အဓိက ဟင်းအမယ်(သို့မဟုတ်) အရန်ဟင်းအမယ်(ဖြည့်စွက်စာ) တစ်ခုဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်ကို ချက်ပြုတ်ပြီးစားနိုင်သည်(သို့မဟုတ်) အချက်မပြုတ်ဘဲ အစိမ်းအတိုင်း လည်း စားနိုင်သည်။ အသားငါးနှင့်ရော၍လည်း ဟင်းချိုချဉ်ရည်ချက်စားနိုင်သည်။ တို့စရာ၊ပြုတ်စား၊ အချဉ်နှင့်တို့စား၊ မီးဖုတ်စား၊ အသားငါးဟင်းလျာများကို ဟင်းသီးဟင်းရွက်နှင့် လှပစွာ ဝန်းရံပေးထားနိုင်သည့်အပြင် အခြောက်ခံ အမှုန့်ကြိတ် ပြီးလည်းစားနိုင်သည်။ တာရှည်ခံရန်အတွက် အခြောက်ကြော်ပြီး အိတ်ထည့်ကာ ကြာရှည်စွာစားသုံးနိုင်သည်။ စည်သွတ်နိုင်သည်။ အချဉ်တည်းစားနိုင်သည်။ ဆားရည်စိမ်စားနိုင်သည်။ အေးခဲပြီးမှ လိုအပ်သော အချိန်တွင် ထုတ်စားနိုင်ပါသည်။ ဟင်းသီးဟင်းရွက်သည် အစဉ်သဖြင့် အရည်ရွှမ်းသော စားစရာအပင် ဖြစ်ပါသည်။ ဟင်းသီး ဟင်းရွက်တိုင်းသည် အရည်ရွှမ်းသည့်အတွက် စားသုံးသည့်အခါ ရေဓာတ်မြောက်များစွာကို ရရှိပါသည်။ ဥပမာ ငရုတ်ချို၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်မှာ ရေဓါတ်(၉၀-၉၅%)ကြက်သွန်မှာ (၈၅%) ကန်စွန်းဥမှာ ကြက်သွန်ဖြူ(၆၅-၇၀%) ပါဝင်ကြပါသည်။ ဟင်းသီးဟင်းရွက်ဆိုသည်မှာ
- အရည်ရွှမ်းသော စားစရာအပင်
- အဓိကဟင်းအမယ်(သို့မဟုတ်) အရန်ဟင်းအမယ်
- ချက်ပြုတ်စား၍ လည်းရသည်။ အစိမ်းအတိုင်းစားလည်းရသည်။
- ဆေးဖက်ဝင်အဖြစ်လည်း စားသုံးနိုင်သည်။ ၎င်းတို့၏ ကြီးထွားပုံအလေ့အထမှာ-
- နွယ်တက်ပင်အမျိုးအစား
- ပင်ပျော့အမျိုးအစား
- ချုံပင်အမျိုးအစား
- အပင်ကြီးအမျိုးအစားဟူ၍ ရှိကြသည်။