နယ်သတင်းများ သတင်းကဏ္ဍ

သီးနှံအထွက်နှုန်း တိုးမြင့်လာရေး မိုးစပါးစိုက် တောင်သူ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်တွင် တောင်သူများ စိုက်ပျိုး သီးနှံမျိုးစုံ ခေတ်မီ စိုက်ပျိုး နည်းစနစ်များ သိရှိနားလည် လာစေရန်နှင့် မျိုးကောင်းမျိုးသန့်များ သုံးစွဲ၍ ဓာတုကင်းလွတ် စပါးအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်အတွက် ပူတာအိုခရိုင် စိုက်ပျိုးရေး ဦးစီးဌာနက ကျင်းပသော မိုးစပါး စိုက်ပျိုးကာလ တောင်သူ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ခရစ်တော်၏ အသင်းတော် (မူရင်း) ဘုရားကျောင်း ဝတ်ပြုဆောင်၌ ကျင်းပသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဆောင်းက တောင်သူများ အနေဖြင့် စိုက်ပျိုး သီးနှံ ရိတ်သိမ်းပြီး ချိန်တွင် မျိုးစပါးကို သီသန့် ထိန်းသိမ်း ထားကြရန် လိုအပ်ကြောင်း၊ အချိန်မှန် အချိုးကျ မြေသြဇာ ထည့်သွင်း ပေးခြင်းဖြင့် မြေသြဇာ အလေအလွင့် နည်းပါးပြီး သီးနှံထွက်နှုန်း တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးချိန်တွင် ရေထည့်သွင်းမှုနှင့် ပေါင်းပင်မြက်ပင်များ ရှင်းပေးရန် အထူးလိုအပ်ကြောင်း သို့မှသာ စပါးအထွက်တိုးပြီး တောင်သူများ၏ တစ်ဦးချင်း ဝင်ငွေ တိုးတက်မြင့်မားလာ မည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းယုမော်က စာအုပ် စာပေ ဖတ်ရှုခြင်း အလေ့အထကောင်းများ မွေးမြူကြစေရေးနှင့် စာကြည့်တိုုက်များ ထာဝရရှင်သန်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့တာဝန်ခံ ဦးဉာဏ်ကျော်က မျိုးကောင်း မျိုးသန့်နှင့် အထွက်တိုး မျိုးစပါးများ သုံစွဲကြရေးနှင့် သီးနှံအဖျက်ပိုး တားဆီး ကာကွယ်နှိမ်နင်းရေး နည်းလမ်းမျာကို လည်းကောင်း အသီးသီးပြောကြားသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော စိုက်ပျိုးတောင်သူဦးရေ(၁၂၀)ကျော်အား ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ရုံး ဝန်ထမ်းများက သိပ္ပံနည်းကျ စိုက်ပျိုးနည်း လက်ကမ်းစာစောင်နှင့် အပင် အာဟာရ အပြည့် အဝ ရရှိရန် ပုလဲဓာတ်မြေသြဇာကို အကျိုးရှိစွာ အသုံးချနည်း လက်ကမ်း စာစောင်းမျာကို ဖြန့်ဝေး ပေးခဲ့ကာ တောင်သူ များ၏ ဆွေးနွေးမေးမြန်းချက်များအပေါ် ဝန်ထမ်းများက ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြကြောင်း သိရသည်။

ဆန်းညွှန့် (ပူတာအို)