စိုက်-မွေးသုတ

သစ်ခွပန်းစိုက်ပျိုးရေး အခြေခံလက်တွေ့နည်းစနစ်များ

ဒေသပတ်ဝန်းကျင်တစ်ခု၏ အလင်းရောင်၊ စိုထိုင်းမှု၊ လေဝင်လေထွက်၊ အပူအအေးရရှိမှု အပေါ်၌ ဖြစ်ထွန်းနေသော သစ်ခွပန်းပင်၏ ရုပ်သွင်ကို လေ့လာပြီးသစ်ခွတစ်မျိုးစီ၏ မျိုးရိုးဗီဇကို သိနိုင်သည်။
မျိုးရိုးဇီဇ = အပင်ရုပ်သွင်+ ပတ်ဝန်းကျင်
Genotype = Phenotype + Environment
အပင်နှင့်ပတ်ဝန်းကျင် ဆက်စပ်နေမှုကိုလည်း သိရှိထားရမည်။
ဒေသပတ်ဝန်းကျင်တစ်ခုတွင် ဖြစ်ထွန်းနေသော သစ်ခွပန်းကို စိုက်ပျိုးသူက နေ၊ ရေ၊ လေ၊ အပူ အအေး စိုက်ပျိုးနည်းစနစ်မှအစ ပြုပြင်ပေးရပါသည်။
စိုက်ပျိုးရေး = ပတ်ဝန်းကျင်ပယောဂ + လူပယောဂ
Agriculture = Environment Factor + Human Factorလူပယောဂ(Human Factor) ဆိုသည်မှာ ဥပမာ- သစ်ခွ လောကတွင် အထွတ်အမြတ်ဖြစ်သော တော်ဝင်သဇင်ပန်း၏ သဘာဝမှာ စွတ်စိုထိုင်းမှိုင်းသော တောကြီးများတွင် ပေါက်ရောက်ပြီး နေရောင်နှင့် လေပြေလေညှင်းရနိုင်သော သစ်ပင်ထိပ်ဖျား၊ သစ်ကိုင်းများမှာ ဖြစ်ထွန်းသည်။ သဇင်ပန်းအသန့်ကြိုက် သည်ဆိုသည်မှာ လေဝင်လေထွက် ကောင်းကောင်းကြိုက်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် သဘာဝကို အတုယူပြီး စိုက်ပျိုးသူမှ ပြုပြင်ဖန်တီးစိုက်ပျိုးယူရမည်ဖြစ်သည်။

သစ်ပင်များသည် လေမှရသော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အစိုဓာတ်ဖြစ်သော အလင်းရောင်နှင့် ကလိုရိုဖီးလ် (အပင်၏အရွက်တိုင်းတွင် အနည်းနှင့်အများပါသည်)၏ အကူအညီဖြင့် ကာဗိုဟိုက်ဒြိတ် သကြားချက်ပါသည်။

ကာဗွန်ဒိုင် + ရေ အလင်းရောင်
ကာဗိုဟိုက်ဒြိတ် + အောက်စီဂျင်
အောက်ဆိုဒ် ကလိုရိုဖီးလ်
ကာဗိုဟိုက်ဒြိတ် ကာဗွန်ဒိုင်အောက်ဆိုဒ် + ရေ + စွမ်းအင် (Energy)
အစာချက်၍ရရှိလာသော စွမ်းအင်(Energy)ဖြင့် အပင်မှစုပ်ယူရရှိသော သတ္တုဓာတ်၊ ဆားဓာတ်များနှင့် ကြီးထွားခြင်းဆိုင်ရာ ပွင့်သီးခြင်းဆိုင်ရာ ဇီဝကမ္မအလုပ်ကို လုပ်ပါသည်။

အရွက်၏စွမ်းဆောင်ချက်ဖြစ်သော အစာချက်ထုတ်လုပ်မှု ပြည့်ပြည့်ဝဝရရှိစေရန် သတိပြုရမည်မှာ ပူပြင်းသောနေရောင်ကြောင့် အရွက်ပျက်စီးခြင်း၊ အရိပ်များလွန်းသဖြင့် အရွက်ပျော့တွဲကျကာ ကောင်းမွန် စွာ အစာမချက်နိုင်ခြင်း၊ စိုထိုင်းဆများလွန်းခြင်းကြောင့် ရောဂါကျရောက်ခြင်း၊ပိုးမွှားကျရောက်ခြင်း ကြောင့် အရွက်များ ပျက်စီးဆုံးရှုံးခြင်းများမရှိစေရေန် သတိထားကာ ပြုစုစောင့်ရှောက်ပေးရပါမည်။

အရေးအကြီးဆုံးတစ်ခုမှာ သစ်ခွပင်၏ အမြစ်အစိတ်အပိုင်းများ ကျန်းမာသန်စွမ်းရေးဖြစ်ပါသည်။ သစ်ပင်ပေါ်တွင်လည်းကောင်း၊ သစ်ရွက်ဆွေး၊ မြေဆွေးကြား၊ ကျောက်ပတ်ကြားအက်များတွင် သဘာဝ အရ မှီစရာတစ်ခုခုကို တွယ်ကပ်ပြီး အစိုဓာတ်နှင့် အာဟာရကို တစ်ပင်လုံးသို့ ပေးပို့ရပါသည်။

သစ်ခွပင်၏ အမြစ်အဖွဲ့အစည်းများသည် ရေနှင့်သတ္တုဓာတ်ဆားများကို ကြီးထွားမှုအပိုင်းသို့ ပို့ ဆောင်ပေးသည့်အပြင် အပင်ကိုလည်း တည့်မတ်အောင် ထောက်ကန်ပေးထားသဖြင့် အရေးကြီးပါသည်။ အမြစ်ကြီးထွားသန်စွမ်းမှုကို ကောင်းမွန်စွာထိန်းသိမ်းထားနိုင်မှသာ သစ်ခွပင် ကျန်းမာသန်စွမ်းပါမည်။ သစ်ပင်သစ်တောများ၏ စမ်းချောင်းအနီး၊ စွတ်စိုသောအဆွေးဓာတ် မြောက်မြားစွာပါရှိသည့် မြေတွင် ပေါက်ရောက်သော မြေစိုက်သစ်ခွ၏ အမြစ်များသည် ထူပိန်းဖျော့တော့ကာ အမြစ်မွှာများမှာ ကွန်ခြာသဖွယ် ဖြန့်ကျက်ပြီး အပင်သန်စွမ်းကြံ့ခိုင်စေပါသည်။

သစ်ခွပင်အားလုံးနီးပါးသည် သစ်ကပ် သစ်ခွများဖြစ်ကြရာ ၎င်းတို့၏ မာကြောသောအမြစ်များ သည် ကျောက်ဆူးသဖွယ် သစ်ပင်များတွင် တွယ်ကပ်ကြပါသည်။ ၎င်း၏ထူးခြားချက်မှာ ကြီးထွားဆဲအမြစ် ထိပ်ဖျားသည် စိမ်းကာနေပြီး ကလိုရိုဖီးလ်ရောင်ခြယ်ဖြင့် အပြည့်ရှိနေပါသည်။ အမြစ်ထိပ်သည် အစာချက်လုပ်နိုင်ပြီး သုတေသနပြုချက်အရ အရွက်ထက်(၃ ဆမှ ၃၆ ဆ)အထိ အစာပိုချက်နိုင်သည်ဟု ဆိုပါသည်။ 

Dendrophylax lindenii ကဲ့သို့သော Ghost Orchid တွင် အရွက်မှာ လုံးဝမရှိဘဲ အားလုံး အမြစ်အဖွဲ့အစည်းများသာဖြစ်ပြီး အစာကိုချက်လုပ်ကြပါသည်။ သစ်ကပ် သစ်ခွတွင်အောက်ခြေ (Basal Roots)များအပြင်၊ လေရှူမြစ်များ(Aerial Roots)ပါရှိပြီး၊ သာမန်အပင်ထက် ပိုထူးခြားသည်မှာ ရေကိုသိုလှောင်ထားနို်သော ရေမြှုပ်သဏ္ဍာန် Velamen Cells ရှိပါ သည်။ မိုးရွာသွန်းချိန်တွင် မိုးရေအောက်သို့မကျမီမှာပင် ၎င်းအမြစ်ဆဲလ်က ရေကို စုပ်ယူထားလိုက်နိုင်ပါ သည်။ အမြစ်အစိတ်အပိုင်းများကို သာမန်မျက်စိဖြင့်ကြည့်လျှင် ခြောက်သွားပြီဟု ထင်ရသော်လည်း အပြင်လွှာ Epidermis နှင့် Velamen Cells ရှင်သန်နေသည့်အတွက် လုံးဝခြောက်သေသွားမှသာ ဖြတ်ပစ် သင့်ပါသည်။

အမြစ်အဖွဲ့အစည်းကိုကြည့်၍ မြေစိုက်သစ်ခွများကို သစ်ပင်ပေါ်တွင် တွယ်ကပ်စိုက်ပျိုး၍ မဖြစ် ထွန်း သကဲ့သို့ သစ်ပင်များတွင် တွယ်ကပ်ပေါက်ရောက်နေသော သစ်ကပ်သစ်ခွများကို မြေကြီးတွင် စိုက်ပျိုး၍မရနိုင်ပါ။ ကျောက်ကြားမှာတွေ့ရသော သစ်ခွများကိုမူ အခြေခံအားဖြင့် သစ်ကပ်သစ်ခွကဲ့သို့ စိုက်ပျိုးနိုင်ပါသည်။

သစ်ခွပန်း၏ ရုပ်သွင်ပြင်(Morphology)

ရုက္ခဗေဒအရ မျိုးရင်း Orchidaceae အောက်တွင်ပါဝင်သော အပင်များအားလုံးသည် သစ်ခွပင် များ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် သဘာဝပေါက်ရောက်သော သစ်ခွမျိုးစိတ် Species ပေါင်း ၃၀၀၀၀ ကျော် ရှိပြီး မျိုးစိတ်တူများကိုစုစည်း၍ မျိုးအုပ်စု(Sub-tribe) အဖြစ် လည်းကောင်း ခွဲခြားထားပါသည်။ သစ်ခွမျိုးရင်းသည် Monocotyledom စေ့ရွက်ထီး အမျိုးအစားထဲတွင် ပါဝင်ပါသည်။

သစ်ခွပန်းတည်ဆောက်ပုံ

သစ်ခွပန်းတွင် များသောအားဖြင့် အရွယ်တူသောပွင့်ဖတ် Sepals သုံးခုနှင့် အရွယ်မတူသော ပွင့်ချပ်(Petals) သုံးခုရှိပြီး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထူးခြားလှပလေ့ရှိသော အောက်ဆုံးပွင့်ချပ်တစ်ခုကို ပွင့်လျှာ(Lip)ဟု ခေါ်ပါသည်။ ပွင့်ဖတ်နှင့် ပွင့်ချပ်များသည် အလယ်ဝင်ရိုးပြွန်(Column)နှင့်ဆက်စပ်ထားပြီး ကော်လံတွင် အဖို၊ အမအင်္ဂါ(၂)ခုစလုံး ပါရှိပါသည်။ ကော်လံထိပ်တွင် အချိုင့်ဝှမ်း(၂)ခုပါရှိသည့် အမအင်္ဂါ(Anther)ရှိပြီး၊ အချိုင့်(၂)ခုကို တိကျစွာပိတ်ထားနိုင်သည့် အမအင်္ဂါဖုံး(Anther Cap)ဖြင့် ဖုံးအုပ် ထားပါသည်။ Anther Cap ၏ အောက်နားတွင် အဖိုအင်္ဂါ(Pollen)ရှိပြီးသီးခြားဖြစ်နေသဖြင့် ပင်ခြားဝတ်မှုန် ကူးခြင်းသာ ဖြစ်နိုင်ပါသည်။ အဖိုအင်္ဂါရင့်မှည့်ချိန်တွင် အင်းဆက်များ၊ ပျားများနှင့်သော်လည်းကောင်း၊ လေတွင် ပျံဝဲသော သက်ရှိများဖြစ်သည့် ပျံလွှား၊ နှံပြည်စုပ်ငှက်မှသော်လည်းကောင်း ဝတ်မှုန်များကပ်ပါ လျက် ရင့်မှည့်ပြီးပွင့်နေသော အမအင်္ဂါသို့ ကျရောက်ကာ သန္ဓေအောင်စေပါသည်။

ကမ္ဘာပေါ်တွင်ပေါက်ရောက်သော Orchidaceac အောက်ရှိ သစ်ခွတိုင်း ဖော်ပြပါ အပွင့်လက္ခဏာ ဖြစ်သည့် ကော်လံတစ်ခုထဲတွင် အဖို၊ အမအင်္ဂါပြည့်စုံစွာရှိမှသာလျှင် သစ်ခွဟုခေါ်ပါသည်။ အချို့သစ်ပင် ပန်းမန်တို့တွင် ပွင့်ချပ်သည် လျှာအဖြစ် ထူးခြားစွာတွေ့ရသော်လည်း ဝတ်မှုန်၊ ဝတ်မှုန်ခံတိုင် သီးခြားရှိ သဖြင့် သစ်ခွမဟုတ်ပေ။ တစ်ချို့ပန်းပွင့်မှသာ အပွင့်လက္ခဏာကိုကြည့်၍ သစ်ခွဟုတ်မဟုတ် ခွဲခြားသိနိုင်ပါသည်။

အားလုံးသော သစ်ခွမျိုးနွယ်တို့သည် ကြီးထွားပုံ(၂)မျိုးသာ ရှိပါသည်။
ပထမ တစ်မျိုးမှာ အဆုံးမရှိ ကြီးထွားသော ပင်စည်ထီးတည်း မိုနိုပိုဒီယယ်သစ်ခွ (Monopodial)မျိုးဖြစ်သည်။ ပင်စည်မှသည် အဆုံးမရှိသော ကြီးထွားခြင်းဖြစ်သည်။ အရွက်သစ်များသည် ထိပ်ဆုံးမှထွက်၏။ ပင်စည်အမြဲထောင်တက်ပြီး ကြီးထွားနေသည်။ သဘာဝတွင် နွယ်တက်နိုင်ရန်အတွက် လေရှူမြစ်များ (Aerial Roots)ပင်စည်တစ်လျှောက်ထွက်ပြီး အမှီတစ်ခုတွေ့လျှင် တွယ်ကပ်လေ့ရှိသည်။ တစ်ချို့သစ် ကပ် သစ်ခွများသည် ပင်စည်ခြေရင်းတွင် ဘေးတက် Side Shoots ထွက်နိုင်သည်။
ပင်စည်ပေါ်တွင် အရွယ်အစား၊ အထူအပါးညီညာစွာဖြင့် ရွက်လွှဲထုတ်၍ ပွင့်တံ(Flower Spike or Inflorescene)သည် ထိပ်ဖျားပိုင်း (Crown)အောက် ၅-၆ မြောက် ရွက်ကြားတွင်ထွက်နိုင်သည်။ ဥပမာ- စိုက်ပျိုးမှုများသော Arachnis, Renanthera, Vanda ရွက်လုံး၊ Aerides, Phalaenopsis, Rhynchostylis, Ascocentrum, ရွက်ပြား Vanda များ ဖြစ်ကြပါသည်။

ဒုတိယတစ်မျိုးမှာ မြေလျှောက်ပင်စည် Rhizone ကဲ့သို့ ဘေးတိုက်သွားပြီး ပင်စည်ယောင်ဥတက် Pseudobulb ဖြင့် ကြီးထွားသော ဆင်ပိုဒီယယ် Sympodial သစ်ခွမျိုးဖြစ်သည်။

ဥယောင်ပင်စည်များသည် သစ်ခွမျိုးအုပ်စုကိုလိုက်၍ သတ်မှတ်သောအရွယ်အစားနှင့် အရှည်တွင် အကန့်အသတ်ဖြင့် ကြီးထွားကာ ရပ်တန့်သွားပြီး ဥတက်အသစ် ထပ်မံထွက်ရှိသည့် ပင်စည်ပွားများဖြစ် သည်။ ဥယောင်ပင်စည်ပုံသဏ္ဍာန်အမျိုးမျိုး တွေ့ရပြီး ၎င်းပေါ်တွင် အရွက်တစ်ရွက်မှ အများထွက်သည်။ ဆစ်ကြားတစ်ခုမှ ဆစ်ကြားများစွာပါရှိသည်။ အစာနှင့်ရေကို သိုလှောင်ထားသည်။ ၎င်း၏ အောက်ခြေတွင် ပင်ပိုင်းအဖူး(Bud)ရှိပြီး ဥယောင်ပင်စည်အဖြစ် ဆက်လက်ကြီးထွားသည့်အမြစ်များကို ဥယောင်ပင်စည်၏ အရင်း(သို့မဟုတ်)မြေလျှောက်ပင်စည်(Rhizome)တစ်လျှောက် တွေ့ရသည်။

တစ်ခါတစ်ရံ အမြစ်အပြည့် အစုံပါသော သားတက်ငယ်များသည် ဥယောင်ပင်စည်ပေါ်တွင် ထွက်တတ်သည်။ ပွင့်တံသည် အချို့မျိုး များတွင် ဥယောင်ပင်စည်၏ အရင်း၌ထွက်တတ်ပြီး အချို့က ပင်စည်၏ထိပ်ဆုံးမှ အောက်သို့ ၃-၄ ဆစ် အထိ ထွက်နိုင်သည်။ အချို့က ဥယောင်ပင်စည်၏ အဆစ်နေရာများတစ်လျှောက်တွင် ထွက်နိုင်သည်။ ဥပမာ- စိုက်ပျိုးမှုများသော Cattleya, Oncidium, Dendrobium, Cymbidium သစ်ခွများဖြစ်သည်။

နွယ်တက်သစ်ခွများ (Climging Orchids)

သဘာဝတွင် မြေကြီးမှာဖြစ်ထွန်းပြီး သစ်ပင်ချုံပင်များကို တွယ်ကပ်တက်လေ့ရှိသည်။ လေရှူမြစ် များရှိပြီး သင့်တော်သောတိုင်တွင် တွယ်ကပ်ခြင်းဖြင့် အပင်ကို ထောက်ကန်ထားသည်။ ရေစီးရေလာ ကောင်းသော သစ်ဆွေးကို အထူးလိုအပ်ပါသည်။ တစ်ချို့ကို သစ်ကပ်ပင်ကဲ့သို့ သစ်သားခြင်းဖြင့် စိုက်ပျိုး နိုင်သည်။ ပင်စည်ထီးထည်းဖြစ်၍ အမှီတိုင်ဖြင့် လေရှူမြစ်များ တွယ်ကပ်စေပြီးစိုက်ပျိုးနိုင်သည်။ တစ်ချို့ မှာ မီတာများစွာမြင့်သဖြင့် သယ်ရွှေ့ရန် မလွယ်ကူပေ။ နေရာကျယ် ကောင်းစွာလိုအပ်ပါသည်။ (၂)မီတာ နှင့်အထက်မှာ ပွင့်တတ်ပါသည်။ ဥပမာ- နွယ်တက်သစ်ခွများမှာ Arachnis, Renanthera, ရွက်လုံး Vanda (Terete), Areides များ ဖြစ်ကြပါသည်။

သစ်ကပ်သစ်ခွ (Epiphytic Orchids)

အပူပိုင်းဒေသသစ်ခွ၏ အဓိကကျသော အုပ်စုဖြစ်သည်။ သဘာဝတွင် သစ်ပင်များပေါ်မှာ ဖြစ်ထွန်း ကြသည်။ ကပ်ပါး(Parasite)မဟုတ်ပါ။ သစ်ပင်မှ မှီစရာအတွက်သာသုံးပြီး အပင်မှအစာကို မယူပါ။ မြေကြီးကိုမကြိုက်ပါ။ အုတ်ခဲ၊ ဍရင်ကောက်မြစ်(Fern Root)၊ အုန်းခွံကဲ့သို့ ပျိုးခံပစ္စည်းတွင်စိုက်နိုင်ပြီး ရေ လွတ်လပ်စွာ စိမ့်ဆင်းသွားစေရပါမည်။ ရေဝပ်သည်ကို မကြိုက်ပေ။ မြေအိုပေါက်၊ သစ်သားခြင်း၊ သစ်တုံး၊ သစ်ပင်ကိုင်းများမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အချို့သစ်ခွများသည် တွယ်တက်ရန် အမှီတိုင် လိုအပ်ကြ သော်လည်း များသောအားဖြင့် မလိုအပ်ပါ။

ဥပမာ- စိုက်ပျိုးမှုများသော ပင်စည်ထီးတည်းသစ်ခွများဖြစ်သည့် Phalaenopsis, Ascocentrum, Rhynchostylis, ရွက်ပြား Vanda များနှင့် ပင်စည်ပွားသစ်ခွများဖြစ်သည့် Cattleya, Oncidium, Dendrobium, Cymbidium များ ဖြစ်သည်။

မြေစိုက်သစ်ခွများ (Terrestrial Orchids)

မြေကြီးမှာ ကြီးထွားပန်းပွင့်နိုင်ကြသည်။ ရေစိမ့်ဆင်းမှုကောင်းပြီး၊ ရေမဝပ်နိုင်သောမြေ(သို့မဟုတ်) သစ်ဆွေးများတွင် ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။ ဥပမာ- စိုက်ပျိုးမှုများသော Paphiopedium, Arundina, Apathoglottis, Phaius များ ဖြစ်ပါသည်။ ၎င်းအပြင် ကျောက်ပတ်ကြားအက်များတွင် ပေါက်ရောက်သောသစ်ခွ(Lithophytic Orchids) များလည်းရှိပြီး အဓိကကျသော အုပ်တွင်တွင် မပါဝင်ပါ။ သဘာဝအခြေအနေတွင် မြေစိုက်သစ်ခွမျိုးအုပ်စု များကို သမပေးပိုင်းနေရာဒေသမှာ အဓိကတွေ့ရပြီး သစ်ပင်ပေါ်တွင် တွယ်ကပ်ပေါက်ရောက်သော သစ်ကပ်သစ်ခွနှင့် ကျောက်ကြားမှာပေါက်သော သစ်ခွများမှာမူ အပူပိုင်းဒေသတွင် ပိုပြီးတွေ့ရလေ့ရှိသည်။