ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

မြေယာဆိုင်ရာလုပ်ငန်းစဉ်များ တွင် ဥပဒေနှင့်ညီညွတ်စေရေး အတွက် အဓိက တာဝန်ယူ ဆောင်ရွက်နေကြသော လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ရှိ အဆင့်ဆင့် သော နိုင်ငံဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းစင်မှုနှင့် ရိုးဖြောင့်ဂုဏ်ကို ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ရုံးအမှတ်၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ တက်ရောက် ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးအမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးရေး ချမှတ်ဆောင်ရွက်နေသည့် မူဝါဒနှင့် စီမံကိန်းများ အောင်မြင်ရေး အတွက် နိုင်ငံဝန်ထမ်း ကောင်းများ၏ မောင်းနှင်အားသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ဝန်ထမ်း ကောင်းများ လိုက်နာရမည့် ကျင့်ဝတ်နှင့်တာဝန်များကို လေးစားတန်ဖိုး ထားလိုက်နာ၍ ထိတွေ့ဆက်ဆံရသည့် ပြည်သူများအပေါ်တွင်လည်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံ ဆွေးနွေး တတ်မှုနှင့်အတူ လယ်ယာမြေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို မှန်ကန် ထိရောက်စွာ ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများ တိုးချဲ့ခန့်ထားနိုင်ရေးနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး သက်ဆိုင်ရာ တာဝန်ရှိ သူများက ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

လက်ရှိဖြစ်ပေါ်လျက်ရှိသည့် မြေယာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြဌာန်းထားရှိသည့် မြေယာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများအနေဖြင့် မိမိတို့ တာဝန်ယူရသည့် ကဏ္ဍများအလိုက် အောက်ခြေအဆင့်ဆင့် မှ တင်ပြလာမှုများကို လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စွာ စိစစ်ပြီး နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက်  အားထုတ်ကြိုးပမ်း ကြစေလိုကြောင်း၊ မြေပြင်လက်တွေ့ဆောင်ရွက်သူများ၏ ကြုံတွေ့ ရနိုင်သော အခက်အခဲပြဿနာများအပေါ် ပူးပေါင်းကူညီဖြေရှင်းပေးနိုင်ရေးကိုပါ တပြိုင်တည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

နိုင်ငံဖွံ့ဖြိုးရေးကြိုးပမ်းမှုကာလဖြစ်သည်နှင့်အညီ မိမိတို့ဝန်ထမ်းများ ရရှိခံစားရသည့် လစာ စားရိတ်နှင့်လျော်ညီစွာ သည်းခံခြိုးခြံပြီး မိမိဌာန၏ဂုဏ် ၊ ဝန်ထမ်း၏ ကျင့်ဝတ် သိက္ခာကိုစောင့်ထိန်းနိုင်ကြသဖြင့် နောင်မျိုးဆက်များအတွက် စံနမူနာကောင်းထားရှိခဲ့နိုင်ရေး ကြိုးပမ်းကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက်  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီးသောလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ က ဒေသအလိုက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။