နယ်သတင်းများ သတင်းကဏ္ဍ

လက်ပံပင်စု လူထုအခြေပြု တောင်သူပညာပေးစခန်းတွင် စိုက်ပျိုးရေးဆိုင်ရာ တောင်သူနည်းပညာပေး သင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ တောင်သူများ အား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ရာတွင် ထည့်သွင်းစဉ်းစား ရမည့်အချက်များ၊ GAP စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ၊ ပိုမွှားရောဂါ အမျိုးမျိုး ကာကွယ်နှိမ်နှင်းနည်းနှင့် မြေသြဇာဥပဒေဆိုင်ရာ အချက်အလက်များကို သင်ကြားပို့ချပေးမည့် သင်တန်းကို လက်ပံပင်စုလူထုအခြေပြုတောင်သူ ပညာပေး စခန်း(CLC) တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်မှ ညနေ ၃ နာရီအထိ ကျင်းပ ပြုလုပ်သည်။

သင်တန်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမောင်မောင်ဌေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စတင်ခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ခရိုင်တာဝန်ခံတို့၏ သင်တန်း ပို့ချမှုများ အပေါ် တက်ရောက် လာကြေသော တောင်သူများက သိလိုသည်များ ကိုမေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူ များက ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြသည်။

စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးသင်တန်းကို သာယာဝတီခရိုင်အတွင်း သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖိုနှင့် ယခုကြို့ပင်ကောက်မြို့များတွင် ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း ကြို့ပင်ကောက်မြို့တွင် ပထမဆုံးအကြိမ် ဖြစ်ကာ နောင်တွင်လည်း ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးကပြောသည်။

အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဦး၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်ခင်ထွေးလှ၊သာယာဝတီခရိုင်မှ သီးနှံတာဝန်ခံ၊မြေအသုံးချမှု တာဝန်ခံ များနှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ကျေးရွာအုပ်စု ၅၂ အုပ်စုမှတောင်သူ ကိုယ်စားလှယ် ၇၅ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)